၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်၏ အကြီးအကဲဖြစ်လာမည့်သူကို လွတ်လပ်စွာရွေးချယ်တင်မြှောက်ခွင့် တောင်းဆိုမှုများကို တရုတ်ပါလီမန်က ပယ်ချလိုက်သဖြင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်၏ စီးပွားရေး အချက်အချာနေရာတခုတွင် ဆန္ဒပြတောင်းဆိုနေကြသည်။
တရုတ် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်းကော်မီတီ က ၂၀၁၇ ခုနှစ် ဟောင်ကောင် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂ ဦး သို့မဟုတ် ၃ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ရန် ချမှတ်ထားသည့် မူဝါဒကို ထောက်ခံ အတည်ပြုပေးခဲ့သည်။ ကိုယ်စားလှယ်လောင်း အားလုံးသည် ပထမဆုံး အနေဖြင့် တရုတ်နိုင်ငံအပေါ် သစ္စာစောင့် သိသူများ ပါဝင်သည့် အမည်စာရင်းတင်သွင်းရေး ကော်မီတီတခု၏ ထောက် ခံမှု အများစု ရရှိရမည်ဖြစ်သည်။
ဟောင်ကောင်၏ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်ပေးခဲ့သည့် အဖွဲ့အစည်း ဖြစ်သော NPC ၏ တင်းကျပ်သော ဆုံးဖြတ်ချက်သည် ဒီမိုကရက်တစ် အတိုက်အခံများအတွက် အများ၏ မဲဆန္ဒဖြင့် ရွေးချယ်ခံရန် မဖြစ်နိုင် သလောက် ဖြစ်သွားသည်။
စစ်မှန်ပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရန် တရုတ်အစိုးရကို တောင်းဆိုနေကြသည့် ရာနှင့်ချီသော “Occupy Central Movement (ဗဟို သိမ်းပိုက်ရေး လှုပ်ရှားမှု)” အမည်ရှိ လှုပ်ရှားသူများက သြဂုတ်လ ၃၁ ရက်နေ့ နှောင်းပိုင်းတွင် အာဏာဖီဆန်သည့် လှုပ်ရှားမှု တခုပြုလုပ်ရန် ဆန္ဒပြပွဲငယ်တခု စီစဉ်နေကြပြီး အရှိန်အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားပါက ဟောင်ကောင်မြို့၏ အရေးပါသည့် စီးပွားရေး ခရိုင်ကို ဝန်းရံပိတ်ဆို့မိသည် အထိဖြစ်သွားနိုင်ပါသည်။
“ဒီနေ့ဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးမှာ အမှောင်မိုက်ဆုံးနေ့ပါပဲ။ နိုင်ငံတနိုင်ငံ စနစ် ၂ မျိုး ကျင့် သုံးမှုရဲ့အမှောင်ဆုံးနေ့လည်း ဖြစ်ပါတယ်” ဟု Occupy Central ၏အဓိကခေါင်းဆောင်များထဲမှ တဦးဖြစ်သည့် ဥပဒေ ပါမောက္ခ Benny Tai ကပြောသည်။ သူက လူဦးရေ ၇.၂ သန်းခန့်နေထိုင်သည့် အရင်းရှင် ဟောင်ကောင်ကျွန်းကို ၁၉၉၇ ခုနှစ်တွင် ကွန်မြူနစ် တရုတ်နိုင်ငံက ပြန်လည်အုပ်ချုပ်ခဲ့ပြီးသည့်နောက် ကျင့်သုံးခဲ့သည့် နည်းလမ်းကို ရည်ညွှန်းခြင်း ဖြစ်သည်။
Occupy movement က “ဆွေးနွေးရေးအတွက် အခွင့်အရေး အားလုံး ကုန်ဆုံး ခဲ့ ပြီ ဖြစ်ပြီး ဗဟိုသိမ်းပိုက်ရေးက အမှန်တကယ်ဖြစ်လာလိမ့်မည်” ဟု ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။ လှုပ်ရှားမှုအတွက် အချိန် အကန့်အသတ်မထား ဟုလည်း သိရသည်။
ဟောင်ကောင် စတော့အိပ်ချိန်းကို လုပ်ဆောင်နေသည့် Hong Kong Exchanges and Clearing ၏ ပြောရေးဆိုခွင့် ရှိသူတဦးက ဖြစ်နိုင်ချေရှိသည်များအတွက် အလွန်အလေးအနက်ထား၍ စီစဉ်ထားသည်ဟု ပြောသည်။ “ကျနော်တို့မှာ ကျွမ်းကျင်သူ အဖွဲ့တခု အရင်ထဲက ရှိပြီးတော့ အဲဒီအဖွဲ့က စတော့အိပ်ချိန်းရဲ့ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်ဖို့၊ အခက်အခဲဖြစ်လာတဲ့ အခါ ဒါမှမဟုတ် ကျနော်တို့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အခါမျိုးမှာ အဖွဲ့လိုက် တုန့်ပြန်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်” ဟု သူကဆိုသည်။
ဟောင်ကောင်၏ လက်ရှိ အမှုဆောင်ချုပ်ဖြစ်သော Leung Chun-ying က တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်သည် ဟောင်ကောင်၏ ဖွံ့ဖြိုးတိုးတက်မှု ရှေ့ဆက်ရေးအတွက် အဓိကကျသည့် ခြေလှမ်းတရပ်ဖြစ်သည်ဟု ပြောသည်။
“ဟောင်ကောင်ပြည်သူတွေက လူတယောက်ကို မဲ တမဲနဲ့ အားလုံးပါဝင်နိုင်မယ့် အမှုဆောင်ချုပ် ရွေးကောက်ပွဲ ဟာ ဟောင်ကောင် ရှေ့ကိုဆက်နိုင်ရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတရပ် ဖြစ်ရုံမကပါဘူး ကျနော်တို့ နိုင်ငံရဲ့ သမိုင်းဝင် မှတ်တိုင် တခုလည်းဖြစ်ပါ တယ်” ဟု သူကပြောသည်။ ပြည်သူများအနေဖြင့် ၎င်းတို့၏ ထင်မြင်ယူဆချက်ကို
ငြိမ်းချမ်းပြီး ဥပဒေနှင့် လျှော်ညီသော နည်းလမ်းများဖြင့် ထုတ်ဖော်ကြရန်လည်း သူကထပ်ပြောသည်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးသည် လွန်ခဲ့သော ၁၇ နှစ်က ဗြိတိန်နိုင်ငံက ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် ပေးအပ်ခဲ့ သည့် အချိန်ထဲက ဟောင်ကောင်နိုင်ငံ၏ ဒီမိုကရေစီလိုလားသောလှုပ်ရှားမှုနှင့် တရုတ်ပြည်မကြီးတို့ကြားတွင် ကွဲပြားမှုများဆက်တိုက် ဖြစ်ခဲ့ရသည့် အရင်းအမြစ်ဖြစ်သည်။
နောက်ထပ် အထူးအုပ်ချုပ်ရေးဒေသတခု ဖြစ်သည့် မကာအိုတွင် လက်ရှိခေါင်းဆောင် နှင့် တဦးတည်းကိုယ်စားလှယ် လောင်းလည်း ဖြစ်သော Fernando Chui ကို တရုတ်နိုင်ငံကို သစ္စာစောင့်သိသူ ၄၀၀ ပါဝင်သည့် ရွေးချယ်ရေး အဖွဲ့တခုက သြဂုတ် လ ၃၁ ရက် နေ့တွင် ပြန်လည်ရွေးချယ် တင်မြှောက်လိုက်သည်။ ကျဉ်းမြောင်းသော်လည်း စီးပွားရေး ကောင်း မွန်သည့်မကာအိုသည် ယခင်က ပေါ်တူဂီ၏ ကိုလိုနီဖြစ်ခဲ့သည်။
သြဂုတ်လ ၃၁ ရက်နေ့က ဆန္ဒပြသူများ စတင်စုရုံးလာကြပြီးနောက် ဟောင်ကောင်အစိုးရ ရုံးချုပ်၏ အပြင်ဖက်တွင် ရဲကားများနှင့် ရာနှင့် ချီသော ရဲများစောင့်ကြပ်နေကြသည်။ ပြင်းထန်စွာ ရွာသွန်းနေသည့် မိုးရေထဲတွင် အချို့က ကြွေး ကြော်သံများ အော်ဟစ်နေကြသည်။
အရေးပါသည့် အစိုးရ အဆောက်အဦးများ ဖြစ်သည့် အမှုဆောင်ချုပ် ရုံးနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် မတော်၏ စစ်တန်းလျားများ အနီးတွင်လည်း မြင့်မားသည့် စည်းရိုးများ၊ အတားအဆီးများနှင့် ဝိုင်းရံ ကာကွယ် ထားသည်။
“NPC ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျနော်တို့ အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်အတွက် တိုက်ပွဲဝင်ဖို့ ကလွဲပြီး မရှိတော့ ပါ ဘူး။ ကျနော်တို့ရဲ့ လှုပ်ရှားမှုကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာနဲ့ စတင်သွားပါမယ်” ဟု Alliance for True Democracy အဖွဲ့မှ စည်းရုံးရေးတာဝန်ခံတဦး ဖြစ်သည့် Joseph Cheng က ပြောသည်။ အဆိုပါ အဖွဲ့သည် လူတိုင်း၏ မဲဆန္ဒဖြင့် ဆုံးဖြတ်ပေး နိုင်ရေးအတွက် အခြားအဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။ “ကျနော်တို့ အရှုံးမပေးခဲ့ဘူးဆိုတာ ကမ္ဘာကို ပြောပြချင်ပါတယ်။ ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်” ဟု သူက ဆိုသည်။
အမေရိကန်နိုင်ငံကလည်း သတိကြီးစွာဖြင့် တုန့်ပြန်ခဲ့သည်။ ဆန္ဒပြမှုနှင့် ပတ်သက်၍ အမည်မဖော်လိုသူ အမေရိကန် အရာရှိတဦးက အမေရိကန် အစိုးရသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် လွတ်လပ်ခွင့်များကို ဟောင်ကောင်၏ အစဉ်အလာနှင့် ဥပဒေအရ ကာကွယ်ခြင်းများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
“အမှုဆောင်ချုပ် တရားဝင်ဖြစ်မှုဟာ ရွေးကောက်ပွဲမှာ ဟောင်ကောင်ရဲ့ပြည်သူတွေက သူတို့ ဆန္ဒအရ ရွေးချယ်ပြီး မဲပေးတင် မြှောက်လိုက်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ရင် အလွန်ကောင်းပါလိမ့်မယ်” ဟု သူကဆိုသည်။
“သြဂုတ်လ ၃၁ ရက်နေ့ ကြေညာချက်ဟာ ဟောင်ကောင်ရဲ့ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်တဲ့ နောက်ဆုံး ဆုံး ဖြတ်ချက်အတွက် ဦးတည်ဆောင်ရွက်နေမှုမှာ ခြေလှမ်းတရပ်လို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု အဆိုပါ အမေရိကန် အရာရှိကပြောသည်။
အပြင်ပန်းအရကြည့်လျှင် NPC ၏ ဆုံးဖြတ်ချက်သည် တရုတ်မြို့ကြီးတမြို့တွင် ၎င်း၏ ခေါင်းဆောင်ကို ပထမဆုံး အနေ ဖြင့် တိုက်ရိုက်မဲပေးနိုင်အောင် မူဝါဒချမှတ်ပေးလိုက် ခြင်းဖြစ်သည်။ တရုတ်အစိုးရကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး၏ မှတ်တိုင်တခု အဖြစ်ကြွေးကြော်ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ၂၀၁၇ ခုနှစ် ခေါင်းဆောင်ရွေးချယ်ပွဲအတွက် အမည်စာရင်းတင်သွင်းမှုတွင် အတားအဆီး အကြပ်အတည်း များ ရှှိနေသဖြင့် ဒီမိုကရေစီလိုလားသူများက တရုတ်အစိုးရသည် တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီ အတုဖြစ်စေရန် တွန်း အားပေးနေခြင်းဖြစ်သည်ဟု ဆိုကြသည်။
NPC ၏ ကြေညာချက်က အမည်စာရင်းတင်သွင်းမှုအားလုံးကို ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း များအတိုင်း ဖြစ်ပြီး ကိုယ်စား လှယ်လောင်းတိုင်းသည် အမည်စာရင်းတင်သွင်းရေး ကော်မတီ တခု၏ ထောက်ခံမှု တဝက်ကျော်ရရှိရမည်ဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ အမည်စာရင်းတင်သွင်းရေး ကော်မတီဆိုသည်မှာ လက်ရှိ ရှိနေသော တရုတ်အစိုးရအပေါ် သစ္စာ စောင့်သိသူ ၁၂၀၀ ပါဝင်သည့် ရွေးချယ်ရေးကော်မတီနှင့် အလားတူပုံစံ ဖွဲ့စည်းလိမ့်မည်ဖြစ်သည်။
အဆိုပြုထားသည့် ရွေးကောက်ပွဲ မူဝါဒကို ဟောင်ကောင်မှ လူ ၇၀ ပါဝင်သော ဥပဒေပြုအဖွဲ့၏ ထောက်ခံမှု ၃ ပုံ ၂ ပုံ ရရှိရန် လိုအပ်နေဆဲဖြစ်သည်။ ဒီမိုကရေစီလိုလားသည့် ဥပဒေပြု အမတ်အရေအတွက်က ၃ ပုံ ၁ ပုံ ကျော်နေသဖြင့် အဆိုပြုချက်သည် ကိုပယ်ချခံရဖွယ်လည်း ရှိနေသည်။
တရုတ် အကြီးတန်း အရာရှိများကမူ ဒီမိုကရေစီ လှုပ်ရှားသူများ၏ တရားမဝင် ဆန္ဒပြမှုများကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး သူတို့နောက်ဆုတ်မည် မဟုတ်ကြောင်းလည်း သတိပေးထားသည်။
တရုတ်နိုင်ငံကလည်း နိုင်ငံခြားစွက်ဖက်မှုနှင့် ပတ်သက်၍ ထပ်တလဲလဲ သတိပေးနေသည်။ ပြည်မကြီးကို ထိုးနှက်ရန် ဟောင်ကောင်ကို အခြေခံ အဖြစ်အသုံးပြုခြင်းကို သည်းခံမည် မဟုတ်ဟု ဆိုသည်။
Occupy Central movement သည် ဟောင်ကောင် လူလတ်တန်းစားအလွှာ၏ ကျယ်ပြန့်သော ထောက်ခံမှု မရရှိသေး ဘဲ ရှိနေသည်။ ၎င်းတို့က တရုတ်နိုင်ငံက ရန်မူလာမှာနှင့် စီးပွားရေးကို နှောက်ယှက်မည်ကို စိုးရိမ်နေကြသည်။