Miss Asia Pacific 2014 ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးဟာ အမေရိကန်ဒေါ်လာ ၁ သိန်း တန်ဖိုး ရှိတဲ့ သရဖူကို ယူပြီး တိမ်းရှောင်နေပါတယ်ဆိုပြီး မူလအဖွဲ့အစည်း ဖြစ်တဲ့ Miss Asia Pacific World Organization က သတင်းတွေ ဆက်တိုက် ထုတ်ပြန်ခဲ့တဲ့ အတွက် အဲဒီ အဖွဲ့အစည်းအနေနဲ့ မေမြတ်နိုးနဲ့ မြန်မာနိုင်ငံကို တရားဝင် တောင်းပန်မှသာ ဒီသရဖူကို ပြန်ပေးနိုင်မယ်လို့ မေမြတ်နိုးက ပြောဆိုလိုက်ပါတယ်။
အခုလို မဟုတ်မမှန်သတင်းတွေ လုပ်ကြံလွှင့်ပြီး မြန်မာနိုင်ငံကို စော်ကားတဲ့အတွက်ကြောင့် ကိုရီးယား အဖွဲ့အစည်းကို တရားဝင် တောင်းပန်ပါလို့ စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က House of Memory စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းမီဒီယာတွေကို ပြောပါတယ်။
အလှမယ် မေမြတ်နိုး ရရှိခဲ့တဲ့ သရဖူကို ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်နေ့ ညပိုင်းမှာ ကိုရီးယားနိုင်ငံရဲ့ မူလ အဖွဲ့အစည်းဖြစ်တဲ့ Miss Asia Pacific World Organization က တရားဝင် စာထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ မေမြတ်နိုးဟာ အမေရိကန် ဒေါ်လာ ၁ သိန်းတန်တဲ့ သရဖူကို ယူပြီး တိမ်းရှောင်နေပါတယ်လို့ အဆိုပါ အဖွဲ့အစည်းက ဆက်လက် သတင်းထုတ်ပြန်ခဲ့ပါတယ်။
မေမြတ်နိုးဟာ ကိုရီးယားအဖွဲ့အစည်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ စည်းကမ်းတွေကို လိုက်နာမှု မရှိခြင်း၊ စည်းကမ်းများ ဖောက်ဖျက်ခြင်း၊ သတင်း မီဒီယာများအပေါ် လိမ်လည်ခြင်း အစရှိတာတွေအပြင် မေမြတ်နိုးရဲ့ အမေဖြစ်သူက ကိုရီးယားကို တရားမဝင် ဗီဇာအတု လုပ်ကိုင် ဝင်ရောက်မှုတွေ ရှိတာကြောင့် သရဖူ ပြန်သိမ်းရခြင်း ဖြစ်တယ်လို့ ကိုရီးယားအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
မေမြတ်နိုးက သတင်းစာ ရှင်းလင်းပွဲမှာ “ မြန်မာအမျိုးသမီး တယောက်ရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုးပြီး မြန်မာနိုင်ငံကို စော်ကားတဲ့ Organization က ပေးတဲ့ သရဖူကို မလိုလားပါဘူး၊ တန်ဖိုးလည်း မထားပါဘူး။ ကျမ အရှေ့မှာ ရှိနေတဲ့ ဒီသရဖူကို ဖြစ်နိုင်ရင် အခုချက်ချင်းတောင် ပြန်သွားပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ စာထဲမှာ နေရှင်နယ် ဒါရိုက်တာကို သွားပေးလိုက်ပါဆိုပြီး ရေးထားပါတယ်။ ဒါကို ကျမ လုံးဝ လက်မခံပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံကလူ ဖြစ်ပြီး မြန်မာနိုင်ငံ မကောင်းဘူးဆိုတာ နိုင်ငံတကာကို လိုက်ပြောတယ်။ ကိုရီးယားနိုင်ငံက အဖွဲ့အစည်းကိုလည်း မြန်မာနိုင်ငံက မကောင်းဘူး ပြောတယ်၊ ကျမရဲ့ မကောင်းကြောင်းကို တချိန်လုံး လိုက်ပြောနေတဲ့ နေရှင်နယ် ဒါရိုက်တာ၊ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ မယ်တွေကို တယောက်မက၊ နှစ်ယောက်မက သရဖူ လိုက်သိမ်းနေတဲ့ စိတ်ဓာတ်မျိုးကိုလည်း မကြိုက်တဲ့အတွက် သူတို့ကို ဘယ်လိုနည်းနဲ့မှ ကျမက သရဖူ ပြန်မအပ်ချင်ပါဘူး” လို့ ပြောပါတယ်။
ကိုရီးယားနိုင်ငံက မူလအဖွဲ့အစည်းဟာ အလှသရဖူဆုရှင် မေမြတ်နိုးကို အဖွဲ့ဝင် ၄ ဦးပါတဲ့ MAPI ဆိုတဲ့ Girl Band ထောင်ပေးဖို့ ကိုရီးယားနိုင်ငံကို ခေါ်ယူခဲ့ကြောင်း၊ ဒါပေမယ့် ကိုရီးယားနိုင်ငံ ရောက်တဲ့ အခါမှာ အဲဒီ Band မထောင်ပေးတော့ဘဲ အစီအစဉ် ပြောင်းသွားပြီး အလှမယ်တဦး အနေနဲ့ အနုပညာ အလုပ်တွေလုပ်ဖို့ ခေါင်းအစ ခြေအဆုံး အလှပြုပြင်ပေးဖို့ ကိုရီးယားနိုင်ငံရဲ့ ဘူဆန်မြို့ကို ခေါ်သွားခဲ့ကြောင်း၊ ဘူဆန်မြို့မှာ ပလတ်စတစ် ဆာဂျရီ လုပ်ပေးပြီးရင် ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အတူနေပြီး စပွန်ဆာ ရှာရမှာ ဖြစ်ကြောင်း၊ အဲဒါမှ အဆင်မပြေရင် ဂျပန်ကိုပို့ပြီး စပွန်ဆာ ရှာခိုင်းမှာဖြစ်ကြောင်း အဖွဲ့အစည်းက ပြောလာတဲ့အတွက် မေမြတ်နိုးက မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တယ်လို့ ယူဆပြီး သူတို့ပြောတာ လက်မခံဘဲ မြန်မာပြည်ကို ပြန်လာတာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောခဲ့ပါတယ်။
၄ နှစ်ပြည့်လာပြီဖြစ်တဲ့ Miss Asia Pacific World ပြိုင်ပွဲဟာ အငြင်းပွားဖွယ်ကိစ္စတွေနဲ့ သတင်းထွက်လာခဲ့တာ အခုတကြိမ် ပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ပြိုင်ပွဲတုန်းကလည်း ပြိုင်ပွဲမစသေးခင် ကတည်းက ဗင်နီဇွဲလား အလှမယ်ကို ရွေးဖို့ လုပ်ခဲ့တယ်ဆိုပြီး ပြိုင်ပွဲဝင် Wales အလှမယ် Amy Willerton နဲ့ အလှမယ်တွေက စွပ်စွဲမှုတွေ ဖြစ်ခဲ့တယ်။ ပွဲစီစဉ်သူတွေနဲ့ အချင်းပွားတဲ့ မှတ်တမ်းကို YouTube မှာ “Confessions of a Beauty Queen” နာမည်နဲ့ တင်ထားတာ အလှမယ်အသိုင်းအဝိုင်းမှာ ဖြန့်ကြ ကြည့်ကြတယ်။ အဲဒီထဲမှာ ပြိုင်ပွဲဝင် အလှမယ်တချို့က ပွဲစီစဉ်သူတွေဟာ ဆုချိတ်ချင်ရင် သူတို့နဲ့ အိပ်ဖို့ တောင်းဆိုကြောင်းနဲ့ ရဲကို စုံစမ်းအရေးယူဖို့ တောင်းဆိုရာမှာ လာဘ်ပေးလာဘ်ယူတာတွေ ရှိကြောင်း စွပ်စွဲပြောဆိုတာတွေ ပါတယ်။ ပွဲစီစဉ်သူတွေကတော့ ဒါတွေဟာ ကောလာဟလတွေလို့ ပယ်ချပြီး ရဲက စစ်ဆေးပြီးသားလို့ ဆိုနေပါတယ်။
အခုမေမြတ်နိုးကိစ္စမှာ ပြောစရာတခုက အသက်မပြည့်တာပါ။ မေမြတ်နိုးဟာ ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက် ၁၆ နှစ်သာ ရှိသေးသူ ဖြစ်ပါတယ်။ မယ်တယောက်အနေနဲ့ ဝင်ပြိုင်မယ်ဆိုရင် အသက် ၁၈ နှစ် ပြည့်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Passport မှာ အသက်အမှန်ကို ဖော်ပြထားပေမယ့် မယ်ပြိုင်ပွဲဝင်မယ့် လျှောက်လွှာမှာတော့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်တယ်လို့ ဖြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖြည့်တာကို မြန်မာပြည်က Organization ကော၊ ကိုရီးယားနိုင်ငံက မူလအဖွဲ့အစည်းကပါ သိပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်။
အခုလို သရဖူပြန်သိမ်းတယ်ဆိုတဲ့ သတင်း ထုတ်ပြန်ချက်ဟာ မေမြတ်နိုး မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ်ပေါ် တက်ပြီးမှ ထုတ်ပြန်လိုက်တာ ဖြစ်တဲ့အတွက် သူမြန်မာနိုင်ငံ ပြန်ရောက်မှသာ သူ့သရဖူ ပြန်လည် သိမ်းကြောင်း သိရှိရတာ လို့ မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဆက်ပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ အနေနဲ့ သူ့ကိုကော၊ မြန်မာနိုင်ငံကိုပါ ကိုရီးယား အဖွဲ့အစည်း ဘက်က တောင်းပန်စာ ပေးပို့မှသာ မြန်မာနိုင်ငံက သက်ဆိုင်ရာ လူကြီးတွေရဲ့ ရှေ့မှောက်မှာ ဒီသရဖူကို ပြန်ပေးမယ်လို့ ဆိုပါတယ်။
“နိုင်ငံတကာက ဒိုင်တွေ ခေါ်ပြီး သေသေချာချာ စည်းမျဉ်း စည်းကမ်းတွေနဲ့ ရွေးထားပြီး ရခဲ့တဲ့ သရဖူကို ကိုရီးယား Organization ကိုပဲ ပြန်အပ်ဖို့ အစီအစဉ်ရှိပါတယ်။ သို့ပေမယ့်လည်း ကိုရီးယား Organization က ကျမကို ဒီလို အသရေဖျက်မှုတွေ၊ မြန်မာနိုင်ငံ မကောင်းကြောင်းတွေ၊ လိမ်လည်မှုတွေ၊ စွပ်စွဲမှုတွေနဲ့ မေမြတ်နိုးက သရဖူကို ခိုးပြီး ပြန်သွားပါတယ်ဆိုပြီး ရေးထားတယ်။ မေမြတ်နိုးကို ရေးထားတာ မဟုတ်ဘဲ Myanmar Beauty Queen လို့ ရေးထားတဲ့အတွက် ဒါမြန်မာနိုင်ငံကို စော်ကားတာနဲ့ အတူတူပါပဲ။ သူတို့ဘက်ကနေ သူတို့အမှားကို ကျမ အမှားပါလို့ ပုံချပြီးတော့ မြန်မာနိုင်ငံကို ရှုတ်ချတဲ့ စကားတွေနဲ့ နိုင်ငံတကာကို ဖြန့်တဲ့အတွက် သူတို့ဆီက တောင်းပန်စာ လိုချင်ပါတယ်” လို့ မေမြတ်နိုးက ပြောပါတယ်။
နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းကတော့ မေမြတ်နိုးဟာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် မိခင်ဖြစ်သူက ကိုရီးယား အဖွဲ့အစည်းနဲ့ တိုက်ရိုက် စကားပြောပြီး တိုက်ရိုက်အုပ်ချုပ်ခွင့် တောင်းလိုက်တာကြောင့် ဇွန်လ ၁၅ ရက်နေ့ ကတည်းက အဆက်အသွယ် မရှိတော့ပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“သူ့အမေကလည်း သူ့သမီးလေးက ၁၆ နှစ်ပဲ ရှိသေးတဲ့အတွက် တိုက်ရိုက် အုပ်ချုပ်ခွင့် တောင်းတယ်။ အဲဒီနောက်ပိုင်း မေမြတ်နိုးနဲ့ အဆက်အသွယ် မရှိတော့ပါဘူး။ သူ ကိုရီးယား သွားတာ ကြားတယ်။ အခုအချိန်ထိ ကျမနဲ့ သူတို့
အဆက်အသွယ် မရှိပါဘူး။ အခု သရဖူ သိမ်းတဲ့ ကိစ္စမှာလည်း ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ကျမ မသိဘူး။ ကျမက အလယ်လူလေ။ သူ့အုပ်ထိန်းသူ သူ့မေမေနဲ့ အတူ ကိုရီးယားကို သွားခဲ့ကြတယ်။ ဟိုဘက်အဖွဲ့အစည်း ကနေ ၂၇
ရက်နေ့မှာ စာထုတ်လိုက်ပြီး မြန်မာပြည်မှာ ကျမကိုပဲ သူတို့က သိတာကြောင့် သရဖူကို ကျမကို အပ်လိုက်ပါဆိုပြီး ပြောတာပါ” လို့ နေရှင်နယ် ဒါရိုက်တာ မလှနုထွန်းက ပြောပါတယ်။
ဒါ့အပြင် သူက ဆက်လက်ပြီး အခုလက်ရှိမှာ သရဖူကို လက်ခံဖို့ ကိုရီးယား တယောက်လည်း ရှိနေတာကြောင့် အဆိုပါ ကိုရီးယားနိုင်ငံသား လက်ထဲကိုလည်း အပ်နိုင်တယ်လို့ ဆိုပါတယ်။
မလှနုထွန်းဟာ သိပ်မကြာသေးခင်ကလည်း Miss Global Myanmar 2014 သရဖူ ရရှိထားသူ အသက် ၁၇ နှစ် အရွယ် အလှမယ် ဂျူးစံသာဆီက သရဖူ ပြန်လည် သိမ်းယူခဲ့ပါတယ်။
ဒီလို အလှမယ်တွေ အပေါ် သရဖူပြန်သိမ်းမှုတွေ ဆက်တိုက် ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး မလှနုထွန်းက “မေမြတ်နိုး သရဖူကို ကျမက သိမ်းတာ မဟုတ်ပါဘူး။ ဟိုဘက်က သိမ်းမယ်ဆိုတော့တောင် ကျမက မသိမ်းဖို့ တောင်းပန်ခဲ့ ပါသေးတယ်။ ဂျူးစံသာကိုတော့ ကျမတို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို သူက မလိုက်နာ တာကြောင့် ကျမတို့က
ပြန်သိမ်းလိုက်တာပါ” လို့ ရှင်းပြပါတယ်။
မေမြတ်နိုးရဲ့ သတင်းစာရှင်းလင်းပွဲကို လာတက်ခဲ့သူ တဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Asia New Star Model ပြိုင်ပွဲမှာ Asia New Star Model Grand ဆုရရှိခဲ့သူ မော်ဒယ်လ် ထွန်းကိုကိုက “အမှန်တရားသိချင်လို့ ဒီ သတင်းစာ ရှင်းလင်းပွဲကို လာဖြစ်တယ်။ ဒီလို မသမာတဲ့ ပွဲကြီးမှာ ရခဲ့တဲ့ သရဖူကို အသိမ်းခံရတဲ့အတွက် ပြန်ပေးရမယ်ဆိုလည်း ကျေနပ်ပါတယ်။ ကိုယ့်နိုင်ငံမှာ ဒီလို မသမာတဲ့ သရဖူကြီးကို မရှိစေချင်ဘူး။ ကျနော့်တုန်းကတော့ အခက်အခဲဆိုတာ မရှိခဲ့ပါဘူး။ ကိုရီးယားကိုသွားတယ်၊ ပြိုင်တယ်၊ ဆုရခဲ့တယ်၊ ပြန်လာတယ်။ မေမြတ်နိုးကိုတော့ အားမငယ်ဖို့ အားပေးစကား ပြောကြားချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။