ယနေ့ ဒီမိုကရေစီ ဆုတ်ကပ်တွင် အဖြေရအခက်ဆုံး မေးခွန်းတခုမှာ Strongmen လူသန်ကြီးများ လိုသလား ဆိုသည့် မေးခွန်း ဖြစ်သည်။
အာရပ်ကမ္ဘာတွင် အာဏာရှင် လူသန်ကြီးများကို အလုပ်လက်မဲ့ လူငယ်များက ဖြုတ်ချခဲ့ကြသည်။
ဒီမိုကရေစီ စတုတ္ထလှိုင်း ဖြစ်လိမ့်မည်ဟု အကောင်းမြင်နေ ကြစဉ်မှာပင်၊ နိုင်ငံရေး ဝရုန်းသုန်းကား အခြေ အနေမျိုးနှင့် ကြုံရသောအခါ၊ အာဏာရှင် လူသန်ကြီးများ လက်အောက်မှာ တည်ငြိမ်သော အခြေအနေက ပိုကောင်းသေးသည်ဟု တွေးစရာ ဖြစ်လာသည်။
အထင်ရှားဆုံး ဥပမာ ပြရလျှင် အီဂျစ်ကို ပြရပါမည်၊ လူသန်ကြီး မူဘာရက်ခေတ် အဆုံးသတ်သွားပြီးနောက် ဒီမိုကရေစီ နည်းကျ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သပြီး၊ ဘာသာရေး အစွဲသန်သည့် မွတ်စလင် ညီ အစ်ကိုတော်များ အဖွဲ့၏ ကျောထောက်နောက်ခံနှင့် သမ္မတ မော်စီ တက်လာသည်။
တိုင်းပြည်ကို တည်ငြိမ်အောင် မထိန်းနိုင်ခဲ့ဘဲ စစ်တပ်က အာဏာပြန်သိမ်းခဲ့ရသည်။
ထို့နောက် မော်စီကို ဖမ်းဆီး ခုံရုံးတင်၊ Muslim Brotherhood မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့ကို မတရား အသင်း ကြေညာပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် ဖာတာ့အယ်စီစီက ရွေးကောက် ပွဲဝင်သောအခါ ပြိုင်ဘက် ဒီမိုကရက် အရပ်သားကို အပြတ်အသတ် အနိုင်ရခဲ့သည်။
အချုပ်ဆိုရလျှင် စစ်ဗိုလ်ချုပ်ဟောင်း လူသန်ကြီး မူဘာရက်ကို ဖြုတ်ချခဲ့ပြီးနောက် နောက်ထပ် စစ်ဗိုလ် ချုပ်ဟောင်း လူသန်ကြီး တယောက်နှင့်ပင် နှစ်သိမ့်လိုက်ရသည့် ရယ်စရာလိုလို၊ ငိုစရာလိုလို ဇာတ်လမ်း ဖြစ်သည်။
သို့သော် လစ်ဗျားအခြေအနေနှင့် နှိုင်းယှဉ်လျှင် အီဂျစ်အခြေအနေက လှောင်ပြောင်စရာ မဟုတ်တာကို နားလည်နိုင် ပါသည်။
လစ်ဗျားတွင် လူသန်ကြီး ကဒါဖီကို ဖြုတ်ချခဲ့ပြီးနောက် မင်းမဲ့ တိုင်းပြည်လို ဖြစ်နေပြီး၊ ကဒါဖီကို တော်လှန် ခဲ့စဉ်က ညီညွတ်ခဲ့သော လက်နက်ကိုင်တပ်များ အချင်းချင်း တိုက်ခိုက်နေကြသည်။
ရွေးကောက်ပွဲကို ခက်ခက်ခဲခဲ ကျင်းပနိုင်ခဲ့သော်လည်း၊ လုံခြုံရေး ပြဿနာကြောင့် လွှတ်တော် အစည်း အဝေးကို အတည်တကျ မပြုလုပ်နိုင်ဘဲ ရှိနေရာ၊ နောက်ဆုံးသတင်းမှာ ကဒါဖီ စစ်တပ်မှာ အမှုထမ်းဖူးသော အငြိမ်းစား ဗိုလ်ချုပ်ကြီး ခါလီဖာဟပ်တာ ခေါင်းဆောင်သော လက်နက်ကိုင်တပ်များက ထရီပိုလီမြို့ လေဆိပ်ကို ထိန်းချုပ်နိုင် လိုက်သော သတင်းဖြစ်သည်။
အလားတူ ဇာတ်လမ်းတပုဒ်မှာ ထိုင်းနိုင်ငံဖြစ်သည်၊ ထိုင်းနိုင်ငံတွင် လအတန်ကြာ နိုင်ငံရေးမငြိမ် သက်မှု တွေကြောင့် ဗိုလ်ချုပ် ပရာယွဒ် ချန်အိုချာ ခေါင်းဆောင်ပြီး မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းခဲ့သည်။
သူ့စိတ်တိုင်းကျ ဖွဲ့စည်း ထားသော လွှတ်တော်က သူ့ကို ဝန်ကြီးချုပ်အဖြစ် တခဲနက်ခန့် အပ်ခဲ့ပြီးနောက် ထိုင်းဘုရင်မင်းမြတ်က တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဖို့ ကတိပြု ထားပြီး ဘက်အားလုံး ပါဝင်ကြဖို့ တိုက်တွန်းထားသည်။
ဒီနှစ် မကုန်ခင်မှာ ဗိုလ်ချုပ်ပရာယွဒ် စစ်တပ်မှ အနားယူရမည်ဖြစ်ပြီး၊ ရိုးသားပြီး နိုင်ငံရေး ရည်မှန်းချက်လည်း ရှိပုံမရပါ။
သို့သော် ဘန်ကောက်ပို့စ် သတင်းတပုဒ်အရ မကြာခင်က ဘန်ကောက် တက္ကသိုလ်က စစ်တမ်းတခု ကောက်ယူခဲ့ရာ၊ ဗိုလ်ချုပ် ပရာယွဒ် ခေါင်းဆောင်သော အာဏာသိမ်း စစ်ကောင်စီကို လူကြိုက်များ နေသည်။
အများဆုံး ပေးထားသော အမှတ် ၁၀ မှတ်တွင် အာဏာသိမ်း စစ်ကောင်စီက ၆ ဒသမ ၉ မှတ်ရခဲ့သည်ဟု ဆိုသည်။
တိုင်းပြည် လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု နှိမ်နင်းရေး ကိစ္စ များနှင့် ဆိုင်သော မေးခွန်းများ မေးမြန်းပြီး စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။
ထိုစစ်တမ်းမျိုးကို ၂၀၁၀ မှာ ကောက်ယူခဲ့သောအခါ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ၃ ဒသမ ၈ မှတ် ရခဲ့ပြီး၊ ၂၀၁၃ စစ်တမ်းတွင် ဝန်ကြီးချုပ် ယင့်လတ်ရှင်နဝပ်က ၄ ဒသမ ၅ မှတ်နီးပါးသာ ရခဲ့သည်။
အထက် ဆိုခဲ့သည့် အတိုင်း အီဂျစ်၊ လစ်ဗျား၊ ထိုင်းတို့၏ နိုင်ငံရေး လမ်းကြောင်းကို အပေါ်ယံ ကြည့်လျှင် ဒီမိုကရေစီ ပြဿနာကို လူသန်ကြီးများက ဝင်ဖြေရှင်း ပေးနေသယောင်ထင်ရသည်။
အမှန်မှာ အာဏာရှင် လူသန်ကြီးများသည် ပြဿနာ၏ အဖြေထက်၊ ပြဿနာ၏ အစိတ်အပိုင်းဖြစ်ဖို့ ပိုများ သည်။
ဒီမိုကရေစီ တည်ဆောက်ရေးတွင် လူသန်ကြီးများ မလို၊ ဒီမိုကရေစီ အင်စတီကျူးရှင်းများ ကျန်းမာသန်စွမ်း ဖို့သာ လိုသည်။
အများ လက်ခံနိုင်သော၊ တရားနည်းလမ်းကျသော၊ တာဝန်ယူမှု တာဝန်ခံမှု ရှိသော အင်စတီကျူးရှင်းများ ကျန်းမာ သန်စွမ်းမှသာ ဒီမိုကရေစီ ရှင်သန်နိုင်မည်။
အာဏာရှင်ဆန်သော ခေါင်းဆောင်မှုမျိုးထက် မှန်ကန်သော ခေါင်းဆောင်မှုကသာ အခရာကျသည်။
ထိုင်းနိုင်ငံရေး ပြဿနာကို ကြည့်လျှင် ကျန်းမာ သန်စွမ်းသော ဒီမိုကရေစီ အင်စတီကျူးရှင်းနှင့် မှန်ကန် သော ခေါင်းဆောင်မှု ကင်းမဲ့နေသော အားနည်းချက်ကို အထင်အရှား တွေ့နိုင်ပါသည်။
ထိုင်းနိုင်ငံတွင် ၁၉၉၁ ခုနှစ်တွင် အရပ်သား အစိုးရကို အကျင့်ပျက်သည် ဟု အကြောင်းပြကာ စစ်တပ်က အရပ်သား လက်ထဲမှ အာဏာကို သိမ်းခဲ့သည်။
၁၉၉၂ မေလတွင် ဒီမိုကရေစီ အစိုးရနှင့် ပြည်သူ ရွေးချယ်သော ဝန်ကြီးချုပ်လက်ထဲ အာဏာကို ပြန်လွှဲ ပေးရန် ပြည်သူလူထုက တောင်းဆိုခဲ့သည်။
စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သော်လည်း နောက်ပိုင်းတွင် လူထု အရေးတော်ပုံက အောင်ပွဲရခဲ့သည်။
ရွေးကောက်ပွဲကို ပြန်လည် ကျင်းပခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို ရေးဆွဲခဲ့သည်။
ထိုဖွဲ့စည်းပုံမှာ ထိုင်းနိုင်ငံ၏ ၁၆ ခုမြောက် ဖွဲ့စည်းပုံ ဖြစ်ပြီး၊ ဒီမိုကရေစီ အကျဆုံး ဖွဲ့စည်းပုံတခု အဖြစ် အသိ အမှတ်ပြု ကြသည်။
၂၀ဝ၆ ခုနှစ်တွင် စစ်တပ်က နောက်တကြိမ် အာဏာမသိမ်းခင် အထိ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ ခရီးမှာ ဆယ်နှစ် ကြာမြင့်ခဲ့သည်။
ရွေးကောက်ပွဲ နည်းလမ်းဖြင့် အာဏာရခဲ့သော အရပ်သားအစိုးရသည် အာဏာရှင် ဆန်လွန်းသည်၊ အကျင့် ပျက်သည် ဟု စစ်တပ်က အကြောင်းပြပြီး အာဏာသိမ်းခဲ့သည်။
ထို့နောက် ဖွဲ့စည်းပုံကို စစ်တပ်က ပြန်လည်ရေးဆွဲခဲ့ပြီး အုပ်ချုပ်ရေး မဏ္ဍိုင်၏ လုပ်ပိုင်ခွင့်ကို အကန့် အသတ်နှင့် အထိန်းအထေများကို အားဖြည့်ခဲ့သည်။
အထူးသဖြင့် တရားရေး မဏ္ဍိုင်ကို သုံးပြီး အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းနိုင်ရန် ကြိုးစားခဲ့ရာ၊ တရားရုံး နည်းဖြင့် အာဏာသိမ်းခြင်း (Judicial Coup) ဟု ဝေဖန်ကြသည် အထိ ဖြစ်ခဲ့သည်။
ထိုင်းနိုင်ငံတွင် နောက်ပိုင်း ကြုံရသော နိုင်ငံရေး ပြဿနာ အတော်များများသည် ၂၀ဝ၆ စစ်တပ် အာဏာ သိမ်းပြီး နောက် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းချုပ်မှု တင်းကျပ်သည့်ကိစ္စက အကြောင်းရင်းခံ ဖြစ်ခဲ့သည်။
ဂိုဏ်းဂဏ နိုင်ငံရေး ကြောင့် အခြေအနေ ပိုဆိုးသွားကာ၊ အစဉ်အလာ အာဏာရှိ အသိုင်းအဝိုင်းနှင့် နီးစပ် သည့် နိုင်ငံရေးအုပ်စုက တဖက်၊ စစ်တပ် အာဏာသိမ်းတာကို ခံခဲ့ရသည့် ဝန်ကြီးချုပ်ကို သစ္စာခံသူ များက တဖက်၊ အသွေးအရောင်စုံ နိုင်ငံရေး အားပြိုင်မှု ပေါ်ပေါက်လာခဲ့သည်။
နောက်ဆုံး ရွေးကောက်ပွဲတွင် ဒုတိယ အုပ်စုက တကျော့ပြန် အာဏာရခဲ့သည်။
သို့သော် ရွေးကောက်ပွဲ နည်းလမ်းဖြင့် အာဏာ ရလာသော အစိုးရသည် လမ်းပေါ် ဆန္ဒပြပွဲများနှင့် လပေါင်း များစွာ ရင်ဆိုင်ခဲ့ရပြီး၊ ပထမတွင် လွှတ် တော်ကို ဖျက်သိမ်းခဲ့ရသည်။
ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ကြားဖြတ် ဝန်ကြီးချုပ်ကို ဖြုတ်ချလိုက်သော်လည်း အစိုးရက နုတ်ထွက် မပေးသေးဘဲ ဆက်တင်းခံနေခဲ့သည်။
နှစ်ဖက် ထောက်ခံသူများ လမ်းပေါ်တွင် ထိပ်တိုက်တွေ့မည့် အခြေအနေမျိုး တင်းမာနေခဲ့သည်။
နောက်ဆုံး စစ်အုပ်ချုပ်ရေး ကြေညာပြီး စစ်တပ်က အရပ်သားနိုင်ငံ ရေးသမားများကို ဆွေးနွေးပွဲ စားပွဲဝိုင်း မှာ ညှိနှိုင်းစေခဲ့ သော်လည်း မဖြေမထွက်သဖြင့် စစ်တပ်အာဏာ သိမ်းမှုနှင့် အဆုံးသတ်သွားခဲ့သည်။
ဒီမိုကရေစီစနစ် တွင် အပြန်အလှန်ထိန်းညှိမှု (Check and Balance) ၊ အာဏာခွဲခြားကျင့်သုံးမှု (Separation of Powers) လိုအပ်ပါသည်။
အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်တို့ အပြင် တခြား မဏ္ဍိုင် များ၏ ကဏ္ဍ လည်း ရှိရန် လိုအပ်သည်။
လူထုအခြေပြု အဖွဲ့ အစည်းများ ရှင်သန်အားကောင်းမှ၊ မီဒီယာများ လွတ်လပ် အားကောင်းမှ ဒီမိုကရေစီ ရှင်သန်နိုင်ပေမည်။
အလားတူ အရေးကြီးသော ကိစ္စမှာ ခေါင်းဆောင်များ၏ အရည်အချင်း ဖြစ်သည်။ အခြေအနေကို ဓမ္မဓိဋ္ဌာန် ကျကျ နားလည်သည့် မှန်ကန်သော ခေါင်းဆောင်မှု လိုအပ်သည်။
သွေးနထင် မရောက်ဘဲ နှိမ့်ချသော၊ ငါ့စကားနွားရ မဟုတ်ဘဲ စေ့စပ်ညှိနှိုင်း စွမ်းရည်ရှိသော၊ အာဏာကို မောင်ပိုင်မစီးဘဲ ခွဲဝေသုံးစွဲရကောင်းမှန်း သိတတ်နားလည်သော ခေါင်းဆောင်များ လိုအပ်သည်။
လူသန်ကြီးများတွင် ထိုအရည်အချင်းမျိုး ရှိလိမ့်မည်ဟု ထင်နေလျှင် စိတ်ကူးယဉ်မှုသာ ဖြစ်မည်။
ဒီမိုကရေစီသည် လူသန်ကြီးများနှင့် မအပ်စပ်သော အရာဖြစ်ပြီး၊ စစ်ဗိုလ် လူသန်၊ စစ်ဗိုလ်လူထွက် လူသန်၊ အရပ်သား လူသန်၊ ဘယ်လို လူသန်ဖြစ်ဖြစ် ဒီမိုကရေစီကို ဖျက်စီးမည့်သူပင်ဖြစ်သည်။
ထိုင်း၊ အီဂျစ်နှင့် ဒီမိုကရေစီ ဒယိမ်းဒယိုင် ဖြစ်နေသော နိုင်ငံများအားလုံးတွင် ထိုအချက်မှာ အတူတူ ပင်ဖြစ်သည်။
ပြန်ချုပ်လျှင် အာဏာရှင်လူသန်ကြီးများဆီမှ ဒီမိုကရေစီကို မျှော်မှန်းနေလျှင် ရူးသွပ်မှုသာ ဖြစ်ပြီး၊ တခါ အလိမ် ခံရလျှင် လိမ်သူအပြစ် ဖြစ်သည်။
သို့သော် နှစ်ခါ အလိမ်ခံရလျှင်မူ အလိမ်ခံရသူ၏ အပြစ်သာဖြစ်လိမ့်မည်။ ။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)