ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ အကြား ယနေ့ နံနက်ပိုင်း က တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီး ဒေသရှိ နောင်တော်ကျေးရွာ၌ PNLO အဖွဲ့မှ နေအိမ်များ တည် ဆောက်နေ မှုကို RCSS /SSA က ဟန့်တားရာမှ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း PNLO ဥက္ကဌ ခွန်မြင့်ထွန်း က ဧရာဝတီ ကို ပြောပြသည်။
“ကျနော်တို့ ထိန်းချုပ်နယ်မြေမှာ အိမ်ဆောက်တာပါ၊ ဒါကို မဆောက်ဖို့ RCSS/SSA က တားတဲ့အတွက် တိုက်ပွဲဖြစ်တာပါ၊ အဲဒီ နယ်မြေမှာ ကျနော်တို့ အိမ်ဆောက်ဖို့အတွက် အစိုးရနဲ့ကျနော်တို့ အကြား သဘောတူညီမှု ရပြီးသားပါ”ဟု ၎င်းက ပြောဆိုသည်။
RCSS/SSA အဖွဲ့မှ တာဝန်ရှိသူ တဦးက PNLO အဖွဲ့မှ နေအိမ်တည်ဆောက်နေသည့် နယ်မြေသည် ၎င်းတို့နယ်မြေ ဖြစ်ကြောင်း၊ နေ အိမ်များ ဆောက်လုပ်ရန် စတင်ပြင်ဆင်စဉ်ကပင် ရပ်တန့်ရန် အကြိမ်ကြိမ်သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် ရပ်တန့်ခြင်း မရှိ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
“ရှမ်းပြည်နယ်၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အိမ်ဆောက်မိန့်ပေးတယ်လို့ ကျနော်တို့သိရတယ်၊ အဲဒါကြောင့် အိမ် မဆောက်ဖို့ သတိပေးတာ နောက်မဆုတ်တဲ့အပြင် တပ်တွေပါ တိုးချလာတယ်၊ အဲဒါကြောင့် ကျနော်တို့က တိုက်ခိုက်ရတာပါ”ဟု RCSS/SSA အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
တိုက်ပွဲသည် နံနက် ၆ နာရီဝန်းကျင်တွင် စတင်ကာ ၁၁ နာရီ ဝန်းကျင်၌ ရပ်တန့်ခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရမှုကိုမူ နှစ်ဘက်စလုံးမှ အတည်မပြုနိုင်သေးကြောင်း ပြောဆိုကြသည်။
နေအိမ် ဆောက်လုပ်မှုများအား ရပ်တန့်ရန်၊ ပအို့ဝ် တပ်များ ဆုတ်ခွာပေးရန်နှင့် ၎င်းတို့နယ်မြေ၌ လှုပ်ရှားခွင့်ပြုမည် မဟုတ်ကြောင်း RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် PNLO ဥက္ကဌ ခွန်မြင့်ထွန်း တို့ထံ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့်စာ၌လည်း ဖော်ပြထားသည်။
PNLO အဖွဲ့ အနေဖြင့် အကူအညီ တစုံတရာ လိုအပ်ပါကလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ပေးပို့စာတွင် ပါရှိသည်။
PNLO နှင့် RCSS/SSA တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းသည် ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
RCSS/SSA နှင့် PNLO တို့အကြား တိုက်ပွဲ ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင် စီ (UNFC) က ကြားဝင် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း UNFC ဒု ဥက္ကဌ နိုင်ဟံသာ က ယနေ့ကျင်းပသော NUFC ညီလာခံ နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။
UNFC ကို PNLO အပါအဝင် ကချင်လွတ်လပ်ရေး အဖွဲ့(KIO)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။