၂၀၁၅ မေလ၌ ထုတ်ပြန်မည့် ပင်မ သန်းခေါင်စာရင်း ထုတ်ပြန်မှုတွင် လူမျိုးစု ကဏ္ဍ နှင့် ဝင်ငွေရရှိရန် လုပ်ကိုင်သည့် လုပ်ငန်းကဏ္ဍ နှစ်ခုကို ကြေညာပေးမည် မဟုတ်ကြောင်း သိရသည်။
လူမျိုးစုကဏ္ဍနှင့် ပတ်သက်ပြီး လူမျိုးစုအမည်များ အငြင်းပွားမှု မရှိစေရန်၊ ရှိရင်းစွဲ လူမျိုးစု အမည်များကို တိကျစွာ စာလုံးပေါင်းနိုင် ရန်၊ မှားယွင်းမှုများ မဖြစ်စေရန်နှင့် ထပ်တိုး လူမျိုးစုအမည်များကို ထပ်မံ ပေါင်းထည့်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုး အဖွဲ့တခု မှ ကိုယ်စားလှယ် နှစ်ဦးအထိ ပါဝင်နိုင်မည့် တိုင်းရင်းသား ညီလာခံတရပ် ကျင်းပသွားရန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက ပြောသည်။
ထိုညီလာခံကို ၂၀၁၅ မေလတွင် ထုတ်ပြန်မည့် ပင်မလူဦးရေ စာရင်း ထုတ်ပြန် အပြီးတွင် ကျင်းပရန် စီစဉ်ထားကြောင်းလည်း သိရ သည်။
“လူမျိုးစု ကဏ္ဍမှာဆို တိုင်းရင်းသား မျိုးနွယ်စု စာရင်းနဲ့ ထပ်တိုး တိုင်းရင်းသား စာရင်းတွေ ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ စက်မှုလုပ်ငန်းတွေ စာရင်းကတော့ ရှင်းပါတယ်။ စက်မှုလုပ်ငန်း အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒါတွေက နောက်ကျပြီးမှ ထွက်ပါမယ်။ ဒါတွေက အစည်းဝေးတွေလုပ်ပြီး သေချာ အတည်ပြုရမှာမို့ပါ”ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) မှ Census Technical Observer ဖြစ်သူ Mr. Fredrick Okwayo ကလည်း ပြောသည်။
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် Mr. Fredrick Okwayo က ပြောဆိုခြင်း ဖြစ်သည်။
သန်းခေါင်စာရင်း ကောက်ယူမှု၏ ပထမအဆင့် ရှေ့ပြေး လူဦးရေစာရင်းကို ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး စာရင်း များအရ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော် ရှိသည်ဟု အစိုးရက ဆိုသည်။
ဒုတိယ အဆင့် ပင်မ သန်းခေါင်စာရင်း ထုတ်ပြန်မှုကို ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်ပေးပြီးနောက် တတိယ အဆင့်အဖြစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာနောက်ပိုင်းတွင် အသေးစိတ် အစီရင်ခံစာနှင့် အခြားသန်းခေါင်စာရင်း ရလဒ်များကို ဆက်လက် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။
တတိယအဆင့် အသေးစိတ် အစီရင်ခံစာတွင် ထုတ်ပြန်ထားသည့် သန်းခေါင်စာရင်း အပေါ် အခြေခံသည့် ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍအလိုက်ဆိုင်ရာ သုံးသပ်ချက်များ ပါဝင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းတွင် ဖော်ပြ ထားသည့် ကိန်းဂဏန်းများ၊ ကောက်ခံသည့် ပုံစံ၊ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများမှာ မည်မျှအထိ ယုံကြည်နိုင်သည်၊ မည်မျှအထိ စစ်မှန်သည်ကို ဆန်းစစ်လေ့လာ တင်ပြသွားမည် ဖြစ်ကြောင်း Mr. Fredrick Okwayo က ပြောသည်။
ရှေ့ပြေး လူဦးရေစာရင်း ထုတ်ပြန်သည့် ကိန်းဂဏန်းများ အပေါ်တွင် အငြင်းပွားစရာများ ဖြစ်နေကြောင်း၊ မူလက သန်း ၆၀ ရှိမည် ဟု တွက်ချက်ပြီးမှ ယခုလျော့နည်း နေရသည်မှာ ၁၉၈၃ ခုတွင် ကောက်ခံခဲ့သည့် စာရင်းကို အခြေခံ တွက်ချက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ လက်ရှိ ရှေ့ပြေး လူဦးရေစာရင်း ထုတ်ပြန်သည့် ကိန်းဂဏန်းများ၌ ပင်မစာရင်းထွက်လာချိန်တွင် အနည်းငယ် ပြောင်းလဲနိုင် ကြောင်းလည်း ၎င်းက ဆိုသည်။
“၈၃ ခုနှစ် ကောက်တဲ့ အခြေခံကို ကြည့်ပြီး အစိုးရဘက်က လူဦးရေ တိုးနှုန်းကို တွက်ခဲ့ကြတာမှာ တနှစ်မှာ ၂ ရာခိုင်နှုန်း တိုးမယ် တွက်လို့ သန်း ၆၀ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်တယ်။ ဒါကလည်း မှားယွင်းတာ မဟုတ်ပါဘူး။ တွက်ပုံ မတူခဲ့တာပါ။ ဒီလို မှားယွင်းမှုက နိုင်ငံတော်တော်များများ ဖြစ်ဖူးပါတယ်”ဟု Mr. Fredrick Okwayo က ပြောဆိုသည်။
ရှေ့ပြေး ထုတ်ပြန်လိုက်သော လူဦးရေ စာရင်းများအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင် နေကြသူများ မပါဝင်သေးကြောင်း သိရသည်။
ဝင်ငွေရရှိရန် လုပ်ကိုင်သည့် လုပ်ငန်းကဏ္ဍ ဆိုသည်မှာ အသက်မွေးဝမ်းကျောင်း အတွက် လုပ်ကိုင်သည့် လုပ်ငန်းကို ဆိုလိုကြောင်း ဗဟို သန်းခေါင်စာရင်း ကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က ပြောသည်။
ထို ကဏ္ဍကို နောက်ချန်ကြေညာရန် လျာထားသော်လည်း အချိန်မီ ပြီးစီးရန် ဆောင်ရွက်မည်ဟုလည်း ဆိုသည်။
“စက်မှုလုပ်ငန်းကတော့ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေ။ သက်ဆိုင်ရာ ပညာရှင်တွေ အကူအညီနဲ့ စစ်ဆေးမယ်။ အတည်ပြုချက် ယူမယ်”ဟု ဦးမြင့်ကြိုင်က ပြောသည်။
ကျေးရွာများတွင် လုပ်ငန်း ကဏ္ဍ အတွက် ကောက်ယူရာ၌ ကောက်ယူရမည့် စာရင်းတွင် မပါဝင်သော လုပ်ငန်းများ လုပ်ကိုင်နေ သည်ကို တွေ့မြင်ရသည်ဟုလည်း ၎င်းက ပြောပြသည်။
“ဆိုက်ကား နင်းတယ်။ အုန်းပင် တက်တယ်။ ဒါတွေက အလုပ်အကိုင်တွေပဲ။ ဒါတွေကို ကောက်တဲ့ အခါမှာ ကောက်တဲ့ပုံစံက နိုင်ငံ တကာ စံချိန်အတိုင်း ကောက်တော့ နိုင်ငံတကာမှာ စာရင်းပေါက်တဲ့ အလုပ်အကိုင်တွေမှာ ဆိုက်ကား နင်းတာ၊ အုန်းပင် တက်တာ၊ ကျောက်တူးတာ၊ ဗောက်လုပ်တာ ဒါတွေ မပါတော့ သတ်သတ် ကောက်ရတယ်။ ဒီအတွက် အခုလို နောက်ချန် ထုတ်ပေးတာပါ” ဟု ဦးမြင့်ကြိုင်က ပြောဆိုသည်။