မြန်မာနိုင်ငံရှိ ဥပဒေများအရ ပြည့်တန်ဆာ လုပ်ငန်းသည် တရားဝင်လုပ်ငန်း မဟုတ်သော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မိုင်းလားတွင် ပြည့်တန်ဆာလုပ်ငန်းက တရားဝင် အလွယ် တကူ ထိတွေ့ လုပ်ကိုင်နိုင်သော လုပ်ငန်းတခု ဖြစ်နေသည်။
မိုင်းလားမြို့လယ်ကောင် တံတား ၂ ခု တွင် ဒါဇင်နှင့်ချီသော တရုတ် ပြည့်တန်ဆာများရှိနေပြီး အဝတ်အစား မလုံ့တလုံ ဝတ်ထားသည့် အမျိုးသမီး များက သူတို့၏ ကိုယ်ခန္ဓာအလှအပ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များဖော်ပြ ထားသည့် လိပ်စာကတ်များကို သူတို့အနီးအနားမှ ဖြတ်သန်းသွားလာသူ မှန်သမျှကို လိုက်လံဝေငှပေးနေ သည်။
အလုပ်ဖြစ်နိုင်သည့် ဖောက်သည် အမျိုးသား များ ရောက်လာပြီဆိုလျှင် သူတို့က စတင်ဈေးညှိကြ သည်။ များသောအားဖြင့် အပြန်အလှန် ပြောဆိုမှု အတွက် ဒေသခံအများစုသုံးစွဲကြသည့် တရုတ်ဘာသာ စကားကို အဓိကအသုံးပြုကြသည်။ ဈေးတည့်သွား ပြီဆိုလျှင်တော့ မိုင်းလားမြို့ရှိ ဟိုတယ်တခုဆီသို့ ရောက်ရှိသွား ကြသည်။ မိုင်းလားမြို့သည် မြန်မာ နိုင်ငံ အရှေ့ပိုင်းမှ အထူးဒေသ (၄) ဟု သိကြသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အုပ်ချုပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့တော်ဖြစ်သည်။
ပြည့်တန်ဆာလုပ်ငန်းသည် အိမ်နီးချင်း ထိုင်း နိုင်ငံ၊ ဥရောပမှ နယ်သာလန်နိုင်ငံ အစရှိသည့် ကမ္ဘာ့နေရာ အချို့တွင် တရားဝင် လုပ်ကိုင်ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ တရားမဝင် လုပ်ငန်းအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။
မိုင်းလားတွင် လောင်းကစားနှင့် တိရစ္ဆာန်များ ကုန်သွယ်ခြင်းနှင့်အတူ ပြည့်တန်ဆာလုပ်ငန်းသည် လည်း ကြီးထွားရှင်သန်နေသည်။ တရုတ်နိုင်ငံဘက်မှ ရောက်လာကြသည့် ဧည့်သည်များကြောင့် ပြည့်တန် ဆာ လုပ်ငန်းက ပိုမိုကြီးထွားလာခဲ့ပြီး ကိုယ်ခန္ဓာကို အရင်းအနှီးပြု၍ စီးပွားရှာဖွေသူ ပြည့်တန်ဆာ အမျိုးသမီး အမြောက်အမြား ရှိလာ သည်။
မြန်မာနိုင်ငံမှ လူကုန်ကူးခံရ သည့် သားကောင်များသည် တရုတ် နိုင်ငံသို့ ရောက်ရှိသွားသည်က များ သော် လည်း မိုင်းလားမှာတော့ ပြောင်းပြန် ဖြစ်နေသည်။ တရုတ် အမျိုးသမီး ပြည့်တန်ဆာများသည် မိုင်းလား မြို့သို့ ဝင်ရောက်၍ စီးပွား ရှာဖွေကြသည်။
၂၀ဝ၈ ခုနှစ် စီချွမ်ငလျင်သည် တရုတ် အမျိုးသမီးများကို မိုင်းလားတွင် လိင် အလုပ်သမအဖြစ် အသက်မွေးရန် တွန်းပို့စေခဲ့သော အကြောင်းအရင်းတရပ် ဖြစ်သည်ဟု မိုင်းလား ဒေသခံ ရွှေကုန်သည် ရှမ်းတိုင်းရင်းသူ အမျိုး သမီး တဦးက ပြောသည်။
မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် အမျိုးသမီး အမြောက်အမြား စားဝတ်နေရေး ကျပ် တည်း ဘဝ ပျက်၍ ပြည့်တန်ဆာလုပ်ငန်းအတွင်းသို့ ရောက်ရှိခဲ့ရသည့် နည်းတူပင် စီချွမ်ငလျင်ကြောင့် ဒုက္ခဖြစ်၍ ကျန်ရစ် ခဲ့သော ခိုကိုးရာမဲ့ တရုတ်အမျိုး သမီးများ ပြည့်တန်ဆာလုပ်ငန်းအတွင်းသို့ ရောက်ရှိ ခဲ့သည်။
တရုတ်လုပ်ငန်းရှင်များသည် တရုတ်အမျိုးသမီး များကို မိုင်းလားတွင် အလုပ်အကိုင် ရရှိနိုင်မည်ဟု ဆွဲဆောင် သိမ်းသွင်းပြီး နယ်စပ်ကို ဖြတ်ကျော်ခေါ် ဆောင်လာခဲ့ရင်း မိုင်းလားရောက်ရှိချိန်တွင် ပြည့် တန်ဆာများအဖြစ် အသွင်ပြောင်းခံရမှုများရှိသည်။
“သူတို့ကို ၁ လလောက် အလုပ်ထဲကို မသွင်း သေးဘူး။ သူတို့ကို အလှပြင်ဆိုင်တွေမှာ နေခိုင်း တယ်။ အလှပြင်ပေးပြီး နောက်ဆုံးမှာတော့ ပြည့် တန်ဆာလုပ်ဖို့ သူတို့ သဘောတူလိုက်ရတယ်” ဟု ဒေသခံ ရှမ်း အမျိုးသမီးတဦးက ပြောသည်။
မိုင်းလားဒေသ အာဏာပိုင်များကလည်း တရုတ်လူမျိုးများ နေ့စဉ် တရားမဝင် လာရောက်နေ သည်ကို အရေး မယူဘဲ ကြည့်နေခဲ့သဖြင့် တရုတ် အမျိုးသမီးများ ဗီဇာမရှိဘဲ မိုင်းလားဒေသသို့ ဝင် ရောက်လာပြီး ပြည့်တန်ဆာ လုပ်နေကြသည်။
“သူတို့က လူမြင်ကွင်းမှာပဲ ဆွယ်နေကြတာ။ ဒါပေမယ့် သူတို့ဘာမှမဖြစ်ဘူး။ အရေးမယူဘူး။ တရားမဝင် နေတာတောင်မှ လွတ်လွတ်လပ်လပ် နေလို့ရတယ်” ဟု မိုင်းလားဒေသခံတဦးဖြစ်သော ကိုမင်းသူက ပြော သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ ၄ ကိုအုပ်ချုပ်နေသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မှ ကိုယ်စားလှယ်တဦးကို တွေ့ဆုံ မေးမြန်းခွင့်ရရန် ဧရာဝတီက မေတ္တာရပ်ခံခဲ့သော် လည်း ငြင်းပယ်ခံခဲ့ရသည်။
ပြည့်တန်ဆာများက မိုင်းလား မြို့လယ်ကောင် လမ်းမများပေါ်တွင်သာ ဖောက်သည်ရှာကြသည် မဟုတ်ဘဲ မိုင်းလား မြို့ရှိ ဟိုတယ်ခန်းများတွင်လည်း ပြည့်တန်ဆာများ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များပါဝင်သည့် လိပ်စာ ကတ် များ လာရောက်ပစ်ချပေးခြင်းဖြင့် လည်း ဖောက်သည်ရှာကြသည်။ မိုင်းလားမြို့ရှိ တချို့ ဟိုတယ်များက ပြည့်တန်ဆာ များ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များကို ဟိုတယ်ခန်းများတွင် ကြော်ငြာပုံစံ ချိတ်ဆွဲဖော်ပြပေးထားပြီး ယင်းသို့ ဖော်ပြမှုအတွက် ပြည့်တန်ဆာများထံမှ ပိုက်ဆံယူလေ့ရှိသည်ဟု သိရှိရသည်။
ပြည့်တန်ဆာ အများစုသည် တရုတ်အမျိုးသမီး များဖြစ်သော်လည်း မိုင်းလားတွင် မြန်မာပြည့်တန်ဆာ အမျိုး သမီး များလည်း ရှိနေပါသည်။ မြန်မာအမျိုးသမီး ပြည့်တန်ဆာများကမူ တရုတ်ပြည့်တန်ဆာများကဲ့သို့ မဟုတ် ဘဲ အအေးဆိုင်ဟု အမည်တပ်ထားသည့် ဆိုင်များအတွင်းတွင် ဖောက်သည်များကိုစောင့်ဆိုင်း နေတတ် ကြ သည်။ သူတို့၏ ဖောက်သည်အများစုမှာ တရုတ်လူမျိုးများ ဖြစ်သည့်အတွက် ဈေးနှုန်းညှိနှိုင်း ရာတွင် ဘာသာ စကား အခက်အခဲနှင့် ကြုံတွေ့ရလေ့ ရှိသည်ဟု သိရှိရသည်။ သို့သော်လည်း သူတို့၏ ဝင်ငွေ သည်လည်း နည်းပါး ခြင်းမရှိဟု ပြည့်တန်ဆာ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောပြသည်။
မြန်မာအမျိုးသမီး ပြည့်တန်ဆာ အများစုသည် ရန်ကုန်မှ လာရောက်သူများဖြစ်ကြပြီး ရန်ကုန်ထက် ပို၍ ငွေရှာနိုင် ခြင်းကြောင့် မိုင်းလားသို့ လာရောက် အလုပ်လုပ်ကြခြင်းဖြစ်သည်။ မိုင်းလားတွင် တလ လျှင် ယွမ်ငွေ ၂၅၀ဝ (မြန်မာငွေ ကျပ် ၄၀ဝဝဝ၀ ခန့်) မှ ယွမ် ၄၀ဝ၀ (မြန်မာငွေ ကျပ် ၆၄၀ဝဝဝ ခန့်) အထိ ရရှိနိုင်သည်ဟု မြန်မာ အမျိုးသမီး လိင် အလုပ်သမတဦးဖြစ်သူ မခိုင်က ပြောပြသည်။
“ပြီးခဲ့တဲ့ ၂ လလောက်ကမှ ကျမရောက်လာ တာ၊ ဒီမှာက ရန်ကုန်မှာထက် ပိုက်ဆံပိုရှာလို့ ရတယ်” ဟု ရန်ကုန်သူ မခိုင်က ပြောဆိုသည်။