Religion

လူတွေကို ဖမ်းစားသွားတဲ့ ဓမ္မစေတီ ခေါင်းလောင်း ဇာတ်လမ်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနဲ့ ရန်ကုန်မြစ်တို့ပေါင်းဆုံရာ ရေထဲမှာ နှစ် ၄၀ဝ လောက် နစ်မြုပ်နေတယ်လို့ ဆိုကြတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဦးစံလင်းနဲ့အဖွဲ့က ဆယ်ယူဖို့ကြိုးစားနေတာ ဩဂုတ်လ ၉ ရက်နေ့ ကစပြီး ဩဂုတ်လ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော်လာပေမယ့် ခုချိန်ထိ ဘာမှမထူးခြားသေးပါဘူး။ ခေါင်းလောင်းကြီးကို ဆယ်ယူပြီး ရွေတိဂုံကုန်းတော်ပေါ်ကို ပြန်တင်မယ်လို့ သူတို့အဖွဲ့က ကတိပြု ကြုံးဝါးခဲ့ ပေမယ့်  လက်တွေ့မှာ ဘာမှ ဖြစ်မလာသေးပါဘူး။

နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ ခေါင်းလောင်းကြီးကို မဆယ်နိုင်တဲ့ အကြောင်းအရင်းက ခေါင်းလောင်းကြီးကို နတ်နဂါးတွေက ပူဇော်နေလို့ ဆယ်မရသေးတာလို့ သတင်း ထုတ်ပြန်ခဲ့ပြီး  ခေါင်းလောင်းကြီးကိုလည်း ရေအောက်မှာ စမ်းမိပြီးတော့ ကြိုးချည်ထားနိုင်ခဲ့ပြီ လို့ ဆိုပါတယ်။

ဦးစံလင်းနဲ့အဖွဲ့ ခေါင်းလောင်းဆယ်ဖို့ နောက် ဆုံး သတ်မှတ်ရက်က ဩဂုတ်လ ၂၆ ရက်နေ့ ဖြစ်ပေမယ့်  နောက်ထပ်  ၁၇ ရက် အထိ သက်တမ်းတိုး ဆယ်ယူဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တင်ပြခဲ့ တဲ့အပြင် နိုင်ငံတော်အစိုးရဆီက စက်ပစ္စည်း အကူအညီပါ ရယူမယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

ရခိုင်တိုင်းရင်းသား တဦးလည်းဖြစ် တပ်မ တော် ရေတပ်က အငြိမ်းစားတပ်သားတဦး ဖြစ်တဲ့ ဦးစံလင်းက ခေါင်းလောင်းကြီး ရရှိရေးကို ၁၉၉၇ ခုနှစ်က စတင် ရှာဖွေခဲ့ပြီး အခုတကြိမ်နဲ့ဆိုရင် ၈ ကြိမ်အထိ ရှိလာပါပြီ။ ဆယ်ယူတဲ့ အချိန်တိုင်း ခေါင်းလောင်း ကြီးတွေ့ပြီဆိုပြီး မကြာခဏ ပြောဆို ပေမယ့် လက်တွေ့မှာတော့ ဆယ်ယူနိုင်ခဲ့ခြင်း မရှိ သေးပါဘူး။

အခုလည်း ခေါင်းလောင်းကြီး တွေ့ပြီဆိုတဲ့ သတင်း ထုတ်ပြန်မှု အပေါ်မှာ လူတချို့က ယုံကြည်မှု ရှိခဲ့ကြ ပေမယ့် ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူ ရရှိဖို့ ဖွဲ့ထားတဲ့ အထောက်အကူပြုကော်မတီက မွန်အမျိုးသား  ဦးမင်းကွန်စွန်း ကိုယ်တိုင်ကတောင် ဒီတွေ့ရှိမှုဟာ ဆလုံလူမျိုး ရေငုပ်သမားတွေ ရေ အောက်မှာ စမ်းမိတာကို အခြေခံ ပြောတာသာဖြစ် ပြီး ခေါင်းလောင်းကြီး ဟုတ်၊ မဟုတ်ကတော့ ဆယ် ယူပြီး ကုန်းပေါ်ရောက်မှ သေသေချာချာပြောနိုင်မယ် လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိပြီလို့ ထုတ်ပြန် တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ ည ၁၂ နာရီမှာ ခေါင်းလောင်းကြီး ကို ရေပေါ်ဆွဲတင်တော့မယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်မြို့မှာ ရှိတဲ့ ပြည်သူတွေဟာ ခေါင်းလောင်းကြီး ဆယ်ယူတဲ့ နေရာနဲ့ အနီးဆုံးဖြစ် တဲ့ သာကေတမြို့နယ်၊ ရှုခင်းသာမှာရှိတဲ့ ဘောလင်း စင်တာနားက မြစ်ကမ်း စပ်မှာ အပြည့် လာရောက် ခဲ့ကြပေမယ့် ခေါင်းလောင်းကြီး ဆယ်ယူတာမတွေ့ရ ဘဲ လူတွေ အိပ်ရေးပျက်တာပဲ အဖတ်တင်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဦးစံလင်းနဲ့အဖွဲ့က ရန်ကုန် မြစ်ဝမှာ သောင်တူးစက်ကြီးနဲ့ သဲတွေကို စုပ်ယူတဲ့ လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လျက်ရှိပြီး ခေါင်းလောင်းကြီး ပေါ်မှပဲ သတင်းထုတ်ပြန်တော့မယ်လို့ ဦးစံလင်းနဲ့အဖွဲ့က ပြောဆိုပြန်ပါတယ်။

ဦးစံလင်းက ၁၉၉၈ ခုနှစ်တုန်းကလည်း ခေါင်းလောင်းကြီး ဆယ်ယူရေး လုပ်ဆောင်ခဲ့ပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရေအောက် ၂၇ ပေ၊ မြေကြီးအောက် ၂၅ ပေ စုစုပေါင်း ၅၂ ပေမှာ ရှာဖွေတွေ့ရှိထား ကြောင်း၊ ခေါင်းလောင်းကြီးနဲ့အတူ ပေါ်တူဂီ သင်္ဘောပျက် ၂ စီး ၊ အခြားခေါင်းလောင်း တလုံး၊ ညဏ်တော် ၇ တောင်စီရှိ ရွှေသားအစစ် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ကျောက်သံပတ္တမြားတွေပါတဲ့ သေတ္တာ ၁၁ လုံး ဒီနေ့အထိ ရန်ကုန်မြစ်ထဲမှာ ရှိနေကြောင်း၊ ခေါင်းလောင်းကြီးကို မကြာမီကုန်းပေါ်ကို ဆယ်တင်မှာ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဦးစံလင်းက ခေါင်းလောင်းကို စတင်ဆယ်ယူဖို့ ကြိုးစားကတည်းက နဂါးတွေနဲ့ အဆက်အသွယ်ရှိ တဲ့ပုံစံမျိုး ပြောဆိုတဲ့အပြင်  ပုစွန်တောင် ချောင်းဝ၊ ရေအနက် ၅၂ ပေမှာ ခေါင်းလောင်းကြီး ရှိနေတယ် ဆိုတာကို  နဂါးကပြလို့ သူသိထားတဲ့ပုံစံမျိုး သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဦးစံလင်းရဲ့ ၈ ကြိမ် မြောက် ခေါင်းလောင်းရှာဖွေမှုက အများပြည်သူ လှူဒါန်းတဲ့ ငွေကြေးတွေနဲ့ ရှာဖွေတာဖြစ်သလိုတရက် ကုန်ကျစရိတ် ကျပ်သိန်း ၆၀ ခန့်နဲ့ ကျပ်သိန်း ၂၀ဝ၀ လောက်အထိ သုံးမယ်လို့ ဆိုပါတယ်။

ဦးစံလင်းရဲ့ ခေါင်းလောင်း ရှာဖွေမှုဟာ သိပ္ပံ နည်းကျ ရှာဖွေမှုမျိုး မဟုတ်ဘဲ အသက် ၄၀ ဝန်း ကျင်လောက်ရှိ မယ့် ဘိုးတော်တပါးက အခါပေးတဲ့ အပေါ်မှာ မူတည်ပြီး ရှာဖွေတာတွေ သတင်းထုတ် ပြန်တာတွေ ပြုလုပ်နေ တာ ဖြစ်ပါတယ်။ အဲဒီဘိုး တော်ဟာ အခုလူတွေကြားမှာ ရေပန်းစားနေတဲ့ ရွှေ ရောင်နဂါးမင်းက ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပူဇော်နေလို့ ခေါင်းလောင်းဆယ်လို့ မရသေးတာ၊ နဂါးတွေစိတ်ဆိုးမှာစိုးလို့ သတင်း မထုတ်ပြန်နိုင် တာဆိုတဲ့ ကိစ္စတွေထွက်လာရတဲ့ ပင်ရင်းဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ရာမှာ အတွင်း စည်းကနေ အခါပေးနေတဲ့ ဘိုးတော်တပါးပဲ ဖြစ်ပါ တယ်။

ဦးစံလင်းအဖွဲ့မှာ ခေါင်းလောင်းရှာဖွေရေး အတိုင်ပင်ခံဘိုးတော် ရှိတယ်ဆိုတာကို ခေါင်းလောင်း ကြီး ဆယ်ယူရရှိရေး အထောက်အကူပြု အဖွဲ့ထံက သိရှိခဲ့ရတာဖြစ်ပြီး ဘိုးတော်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံ တချို့လည်း ဧရာဝတီက ကြည့်ရှုခွင့်ရခဲ့ပါတယ်။

အဲဒီဘိုးတော်ရဲ့ အခါပေးမှုကြောင့် ဩဂုတ်လ ၂၆ ရက်နေ့မှာ ဦးစံလင်းက အောက်ပါအတိုင်း ထုတ်ပြန် ချက်တစောင် ထုတ်ခဲ့ပါတယ်။

“၁၃၇၆ ခုနှစ် တော်သလင်းလဆန်း ၂ ရက် ၊ ( ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ – အင်္ဂါနေ့) ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကျနော်မောင်စံ လင်း(မြေပုံ) ကော့သောင်းအဖွဲ့မှ တွေ့ရှိထားပြီး ဖြစ်သည်။ နဂါးများမှ အကြီးဆုံး ရွေရောင်နဂါးမင်း ကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီခေါင်း လောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနား နား ဆီမီးပူဇော်နေသည့်အတွက် သတ်မှတ်ရက်တွင် သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်း ဖြစ်သည်။ ကျနော်တို့၏ မြန်မာနည်း မြန်မာ့ဟန် မြန်မာအဆင့်် နည်းပညာသည် လျှို့ဝှက်ချက်များစွာ ရှိနေခြင်း ကြောင့် နုတ်မှဖွင့်ပြော၍ မရပါ။ အရိယာ ဝိဇ္ဇာ အပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ ဓမ္မစေတီ ခေါင်းလောင်းတွေ့ရှိပြီး ဖြစ်ကြောင်း အတိအလင်း ကြေညာခြင်းဖြစ်သည်” ဆိုတာပါပဲ။

ဒါပေမယ့် ဦးစံလင်းနဲ့ သူ့ကို အခါပေးနေတဲ့ ဘိုးတော်ရဲ့ ထုတ်ပြန်ချက်တွေကြောင့်ပဲ လူတွေဟာ နဂါးတကယ် ရှိတယ်၊ မရှိဘူးဆိုတာတွေ ငြင်းခုံ ကြပြီး နောက်ဆုံး ဘရာဇီးက မြစ်ထဲမှာ သေဆုံးနေတဲ့ မြွေကြီး တကောင်ရဲ့ပုံကို ရန်ကုန် မြစ်ဝမှာ နဂါးတွေ့တယ် ဆိုတဲ့ ဓာတ်ပုံအဖြစ် ပုံမှားရိုက်ပြီး ဖြန့်ချိရောင်းချတဲ့ အထိ ဖြစ်လာပါတယ်။

မြန်မာရေတပ်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ် ခဲ့ပြီး ရေငုပ်ခြင်း ၊ သင်္ဘောဆယ်ယူခြင်း လုပ်ငန်းတွေ မှာ  အတွေ့အကြုံ များစွာရှိတဲ့  ဗိုလ်ကြီးဟောင်း ဦးကျော်သိန်းလွင်ကတော့ “ အခုဆလုံရေငုပ်သမား တွေ စမ်းမိထားတဲ့အရာဟာ ခေါင်းလောင်းကြီးဆို တာထက် ဒုတိယကမ္ဘာစစ် အတွင်းနဲ့နောက်ပိုင်း မှာ အကြောင်း အမျိုးမျိုးကြောင့် ရန်ကုန်မြစ်ထဲကို မြုပ်သွားတဲ့ သင်္ဘောကြီးတွေကို ကြိုးချည်တဲ့နေရာ မှာသုံးတဲ့ ဗောယာ ကြီးတွေလည်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဦးကျော်သိန်းလွင်ရဲ့ အဆိုအရ ဓမ္မစေတီခေါင်း လောင်းကြီး တကယ်ရှိခဲ့ရင်တောင် မြစ်ကြောင်း သဘောအရ မြစ်ကြောင်း ၃ ပွင့်ဆိုင်မှာ ဖြစ်လို့ဝဲဖြစ် နေပြီး ရေအောက်မှာလှုပ်ရှားမှုပြင်းထန်တာကြောင့် ဆယ်ယူဖို့ မလွယ်တဲ့အပြင် ခေါင်းလောင်းကြီးရဲ့ လက်ရှိအလေးချိန်အရ ကုန်းပေါ်တင်ဖို့ မဖြစ်နိုင် ဘူးလို့ ဆိုပါတယ်။

ဦးစံလင်းရဲ့ ခေါင်းလောင်းဆယ်ယူမှု သတင်း ထုတ်ပြန်မှုတွေကြောင့် ပြည်သူတွေကြားမှာ ဂမ္ဘီရ ဆန်ဆန် ပြောဆိုမှုတွေ တော်တော်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာပြီး လက်ဖက်ရည်ဆိုင် အများစုမှာလည်း ခေါင်းလောင်း ကြီးဆယ်ယူရေး ကိစ္စကိုသာ ပြောဆို ငြင်းခုံလာကြပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင် ရေး၊ ရွေးကောက် ပွဲကိစ္စ အပါအဝင် နိုင်ငံရေး ကိစ္စတွေကို ပြည်သူတွေ စိတ်မဝင်စားတော့ဘဲ ဓမ္မစေတီ ခေါင်းလောင်း အကြောင်းကိုသာ တခုတ်တရ ပြောဆိုလာ ကြတာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းတဲ့ အလားအလာ တခုတော့ မဟုတ်ပါဘူး။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလမှာ ဓမ္မစေတီခေါင်းလောင်းကို ဂမ္ဘီရဆန်ဆန် ဆယ်ယူ နေတယ်ဆိုတဲ့ သတင်းတွေက ပြည်သူတွေ နိုင်ငံရေး ဘက် စိတ်မလည်လာအောင် ဖန်တီးတဲ့လုပ်ရပ်တခု အဖြစ် သုံးသပ်မှု တွေ ရှိနေပါတယ်။

“ ဦးစံလင်းတို့ လှိမ့်ချင်တိုင်း လှိမ့်နေတဲ့ ကိစ္စ ကို အစိုးရကအခုလို လျစ်လျုရှုထားတာ တော်တော် လေးကို အံ့ဩတယ်။ အခုလို ပုံစံကျတော့ အစိုးရရဲ့ စနစ်ကင်းရဲ့လားလို့တောင် သံသယ ဖြစ်မိတယ်။ အခုက လူတွေ ကြားထဲမှာ ၄၃၆ ပြင်ဆင်ရေးလည်း မပြောတော့ဘူး။ ၂၀၁၅ မှာ သမ္မတ ဘယ်သူဖြစ်မလဲ ဆိုတာလည်း စိတ်မဝင်စားတော့ဘူး။ လူတွေက ဦးစံလင်း ခေါင်းလောင်းတွေ့မလား ၊ မတွေ့ဘူးလား ဆိုတာပဲ စိတ်ဝင်စား တော့တယ်” လို့ သတင်းစာ ဆရာ ကိုဝင်းဇော်လတ်က သုံးသပ်ပါတယ်။

အခုလို တိုင်းပြည်က ဒီမိုကရေစီ အသွင်ကူး ပြောင်းပြီး ပြုပြင်ပြောင်းလဲရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေရမယ့် အချိန်မှာ ဓမ္မစေတီ ခေါင်းလောင်း ကြီး ဆယ်ယူရေးဆိုတဲ့ သတင်းတွေကြောင့် ပြည်သူ တွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်နေတာတွေကို ဖြေရှင်းဖို့ တာဝန်အရှိဆုံးက လက်ရှိ တည်ဆဲအစိုးရ ဖြစ်ပေမယ့်  လွတ်လပ်စွာ ခေါင်းလောင်းရှာဖွေခွင့် ပြုထားတာက အစိုးရကိုယ်တိုင် ပြည်သူတွေကို နိုင်ငံရေး အာရုံမစိုက် စေချင်တဲ့ ရည်ရွယ်ချက်ရှိနေတဲ့ ပုံပါပဲ။

“ကျမတို့ဆီမှာ အရေးမပါတဲ့ ကိစ္စနဲ့ ၊ အရေးပါ တဲ့ ကိစ္စတွေနဲ့ရောပြီး ရှုပ်ယှက်ခတ်နေတယ်။ နိုင်ငံ အတွက် နိုင်ငံရေး အလှည့်အပြောင်းက အရေးကြီး နေတဲ့ အချိန်မှာ ဒါတွေဟာ မကောင်းဘူး။ ၅၉(စ) အသံနည်းနည်း လေး မြည်လာတဲ့အချိန်မှာမျိုးစောင့် ဥပဒေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ နောက် ပြီး ၄၃၆ ကန်ပိန်း (လှုပ်ရှားမှု) တွေ မပြီးခင်မှာပဲ။ အရှိန်အဟုန် ရနေတုန်းမှာပဲ၊ မန္တလေးကိစ္စက ဖြစ် ပါတယ်။ PR ကိစ္စ ဆွေးနွေးမယ်ကြံရုံရှိသေး ခေါင်း လောင်းက ဆယ်နေကြပြန်ပြီ “ လို့ စာရေး ဆရာမ ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ)က ဧရာဝတီကို ပြော ပါတယ်။

အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီးလည်းဖြစ်၊ မွန်တိုင်းရင်းသားတဦးလည်းဖြစ်တဲ့  ဦးနိုင်ရဲဇော်ကလည်း ခေါင်းလောင်းကြီး ဆယ်ယူမှုက ပြည်သူတွေ နိုင်ငံရေး အာရုံလွှဲတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ပါတယ်။

“ဒီခေါင်းလောင်း ပြဿနာကို နိုင်ငံတော်အနေ နဲ့ ဖြေရှင်းမယ်ဆိုရင် လွယ်လွယ်လေး။ ရေတပ်က စက်ကိရိယာ တွေနဲ့ ရှာဖွေလို့ ရတယ်။ ဖြေရှင်းပေးလို့ ရတယ်။ အဲဒါကို မဖြေရှင်းပေးဘဲနဲ့ ပြည်သူလူထု ထဲမှာ သို့လော သို့လော ဖြစ်စေတဲ့ ခံစားမှုတခုရ အောင် ဘာကြောင့်လုပ်ထားတာလဲ “ လို့ ဦးနိုင်ရဲ ဇော်က မေးခွန်းထုတ်ပါ တယ်။

ဦးစံလင်း အပါအဝင် ဓမ္မစေတီ ခေါင်းလောင်း ကြီးကို ရှာဖွေခဲ့သူ စုစုပေါင်း အနည်းဆုံး   ၇ ဦး ရှိပြီး ရှာဖွေခဲ့တဲ့ အကြိမ် ပေါင်းကတော့  ၅၀  နီးပါး ရှိနေပါပြီ။

ဒီဓမ္မစေတီ ခေါင်းလောင်းကြီး စတင်ရှာဖွေမှုက တော့ ၁၉၈၇ ခုနှစ် အစောပိုင်းမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်း တွေ ပေါင်းပြီး ခေါင်းလောင်းကြီး တည် နေရာ ရှာဖွေဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ ပါဘူး။ ဒီဓမ္မစေတီ ခေါင်းလောင်းကြီးကို ၁၉၉၅ ခုနှစ်မှာ အမေရိကန် ရေငုပ်သမား ဂျင်ဘလန့် ဆိုသူက ရန်ကုန်မြစ်ထဲကို ၁၁၆ ကြိမ်တိုင်တိုင် ရေငုပ် ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူရှာဖွေတဲ့ အကြောင်း မှတ်တမ်းရုပ်ရှင်တခု ထွက် လာတာက လွဲလို့ ဘာမှ မရခဲ့ပါဘူး။

ခေါင်းလောင်း ရှာဖွေသူ နောက်တယောက်က တော့ ဒေါ်ခင်အေးသိန်းလို့ ခေါ်တဲ့ အမျိုးသမီး တဦးပါပဲ။ ၁၉၉၈ ခုနှစ်မှာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရှာဖွေခဲ့ရာမှာ အခုဦးစံလင်းတို့ အဖွဲ့ကပြောသလိုပဲ ခေါင်းလောင်းကြီးရှိတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပေမယ့် လက်တွေ့မှာတော့ ခေါင်းလောင်းကို မဆယ်နိုင်ခဲ့ပါဘူး။

၂၀ဝ၁ ခုနှစ်မှာ မြန်မာအစိုးရရဲ့ အကူအညီနဲ့ အင်္ဂလိပ်ရေကြောင်း သိပ္ပံပညာရှင် မိုက်ဟန်ခြာ ဦးဆောင်တဲ့ အဖွဲ့တခုဟာ ခေတ်မီနည်းပညာတွေနဲ့ ခေါင်းလောင်း ဆယ်ယူရရှိဖို့ ကြိုးစားခဲ့ပါသေးတယ်။

စမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေဖို့ ကြိုးစားနေတဲ့ သမိုင်းသုတေသီ စာရေးဆရာ ဦးချစ်စံဝင်းက ဧရာဝတီ မြစ်ရဲ့ ပို့ချမှုနှုန်းက နှစ် ၁၀ဝ ကြာတိုင်း မြစ်ရဲ့အရှေ့ဘက်ကို ၃ မိုင် ပို့ချ နေတဲ့အတွက် အခုနှစ်ပေါင်း ၄၀ဝ ဆိုရင် ၁၂ မိုင် နှုန်း ပို့ချပြီးဖြစ်လို့ ဒီခေါင်းလောင်းကြီးဟာ ကုန်း ပေါ်မှာလား ၊ မြေကြီးထဲမှာလား ၊ ရေထဲမှာ လားဆိုတာ အင်မတန် မှန်းရ ခက်တယ်လို့ သုံးသပ်ပါတယ်။ သူက ဦးစံလင်းရဲ့ နဂါးအကူအညီယူပြီး ခေါင်း လောင်း ရှာဖွေနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို လည်း ဝေဖန်ပြောဆိုပါတယ်။

“အခုလို နဂါး အကူအညီ ယူရမယ်။ မြန်မာ့ နည်း မြန်မာ့ဟန် လုပ်မယ်ဆိုတာမျိုးတွေက ဖြစ်နိုင် ပါ့မလား။ ကျနော်တို့လို နိုင်ငံမျိုးမှာ ၂၁ ရာစုမှာ ပေါ့ဗျာ ။ အဲလို အတွေးအခေါ်တွေနဲ့ နေနေသမျှ ကျနော်တို့ အနေနဲ့ အမှားတွေ လုပ်မိနေဦးမှာပဲ။ ဆင်းရဲမွဲတေ နေဦးမှာပဲ ။ ဒါကတော့ ကျနော်တို့ရဲ့ ကုသိုလ်ကံပေါ့ ။ ဘယ်လိုမှ မတတ်နိုင်ဘူး “ လို့ စာရေးဆရာ ချစ်စံဝင်းက မှတ်ချက်ပြုပါတယ်။

၂၀၁၂ ခုနှစ်မှာ စာရေးဆရာချစ်စံဝင်း ကိုယ် တိုင် ခေါင်းလောင်းကြီးကို သိပ္ပံနည်းကျ ရှာဖွေဖို့ စင်ကာပူနိုင်ငံက  SD Mark International LLP  ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပေမယ့် အစိုးရက ခွင့်ပြုချက် မပေးလို့ ဆယ်ယူ မှု လုပ်ငန်းတွေ မလုပ် နိုင်ခဲ့ပါဘူး။

ခေါင်းလောင်းကြီး ဆယ်ယူဖို့ ကြိုးပမ်းနေသူ တွေထဲမှာ မွန်တိုင်းရင်းသားတချို့လည်း ပါဝင်နေ ပါတယ်။

ဒီခေါင်းလောင်းကြီးဟာ မွန်ဘုရင် ဓမ္မစေတီ မင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ခေါင်းလောင်းကြီး ဖြစ်လို့ ခေါင်းလောင်း ရှာဖွေဖို့ မွန်တိုင်းရင်းသား တွေရဲ့ အမျိုးသားရေး တာဝန်တရပ် ဖြစ်တယ်လို့ မွန်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး နိုင်ရဲဇော်က ဧရာဝတီကို ပြောပါတယ်။

ခေါင်းလောင်းရှာချင်တဲ့သူတွေထဲမှာ ပါဝင်တဲ့ နောက်တဦးက ဇေကမ္ဘာ ဦးခင်ရွှေလို့ လူသိများတဲ့ ခရိုနီ နိုင်ငံရေး သမားကြီးတဦး လည်းပါဝင်ပြီး ဦးခင်ရွှေက ကျိုက်ထီးဆောင် ဆရာတော်ကြီးရဲ့ နည်းပေး လမ်းပြမှုနဲ့ ဆယ်ယူ မယ်လို့  သတင်းထုတ်ပြန် ပြောဆိုပါတယ်။

မြန်မာလူမျိုးတွေသာမက ကမ္ဘာကပါ စိတ်ဝင် တစား ရှာဖွေနေကြတဲ့ ဒီခေါင်းလောင်းကြီးရဲ့ အမည်ဟာ ၁၄၇၁ ခုနှစ်ကနေ ၁၄၉၂ ခုနှစ် (၁၅ ရာစု) အတွင်း ဟံသာဝတီ မွန်ဘုရင်နိုင်ငံကို အုပ်စိုး ခဲ့တဲ့ ဓမ္မစေတီမင်းရဲ့ အမည် ကို အစွဲပြုထားတာ ဖြစ်ပြီးတော့ ဒီဓမ္မစေတီ မင်းကြီးက ရွှေတိဂုံစေတီမှာ ထားရှိဖို့ သွန်းလုပ်လှူဒါန်းခဲ့တာဖြစ် တယ်လို့ သမိုင်း စာအုပ်တွေ တော်တော်များများမှာ ဖော်ပြထားပါ တယ်။

ခေါင်းလောင်းကြီး သွန်းလုပ်ပြီးလို့ နှစ်ပေါင်း ၁၀ဝ ခန့်အကြာမှာ အီတလီလူမျိုး ကုန်သည် ဂစပါရိုဘယ်ဘီ ဟာ ရွေတိဂုံဘုရားကို ရောက်ရှိလာ ပြီး ဘုရားအကြောင်းကို မှတ်တမ်းတင်တဲ့အခါမှာ ဓမ္မစေတီ ခေါင်းလောင်းနဲ့ ပတ်သက်လို့ စာတ ကြောင်းပဲ ရေးခဲ့ပါတယ်။

“ကျနော်တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန်ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာအားဖြင့် ခြေလှမ်းဖြင့် ၃ ဖန် ၊ အထက်မှ အောက်သို့ စာလုံး တခုနဲ့တခု ပူးကပ်နေသော စာများအပြည့် ရေးသား ထားပြီး ဖတ်ရမည့်ပုံ မပေါ်ပေ “ ဆိုတာပါပဲ။

အဲဒီနောက်ပိုင်း ၁၆၀၈ ခုနှစ် (၁၇ ရာစု အစပိုင်း)မှာတော့ ပေါ်တူဂီလူမျိုး ကြေးစားစစ်သား Filipe de Birtoe Nicote ( မြန်မာ အခေါ် ငဇင် ကာ ) ဟာ အမြောက်သွန်းလုပ်ဖို့အတွက် ရွှေတိဂုံ ကုန်းတော်ပေါ်မှာ ရှိတဲ့ ဓမ္မစေတီ ခေါင်းလောင်း ကြီးကို အောက်ချလာပြီး သန်လျင်ကို ပို့ဆောင်ဖို့ ရန်ကုန်မြစ်ထဲကို အချမှာ အခုမြစ် ၃ ခု ဆုံတဲ့နေရာ မှာ ဖောင်ကွဲပြီး ခေါင်းလောင်းကြီး ပြုတ်ကျသွား တယ်လို့ ခေတ်သစ် သမိုင်းစာအုပ်တချို့မှာ ဖော်ပြ ထားပေမယ့် ရှေးမြန်မာစာဆိုတွေ ရေးသားခဲ့တဲ့ မှန်နန်းရာဇဝင် ၊ တွင်းသင်းရာဇဝင် ၊ ဦးကုလား ရေးတဲ့ မဟာ ရာဇဝင်တော်ကြီးတွေမှာ ဒီဓမ္မစေတီ ခေါင်းလောင်းကြီးအကြောင်း တစုံတခုမှ ရေးသား ဖော်ပြထားခြင်း မရှိတဲ့အပြင် ဒီခေါင်းလောင်းကြီး သွန်းလုပ်တယ် ဆိုတာတောင် မပါခဲ့ပါဘူး။

ခေါင်းလောင်းသွန်းလုပ်ခဲ့တယ်ဆိုတဲ့ ဓမ္မစေတီ မင်းကြီးက ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီးတိုင်း ကမ္ဗည်း ကျောက်စာတွေ ထိုးလေ့ရှိပြီး ကလျာဏီ သိမ် ကျောက်စာ၊ အခု ရွေတိဂုံ ဘုရားပေါ်မှာ ရှိနေတဲ့ ကျောက်စာ ၃ ချပ် အပါအဝင် မွန်ပြည်နယ်ဘက် မှာလည်း သူရေးထိုးခဲ့တဲ့ ကျောက်စာတချို့ရှိပေမယ့်   ဓမ္မစေတီခေါင်း လောင်းနဲ့ ပတ်သက်တဲ့ အကြောင်း အရာ ဖော်ပြထားတဲ့ ကျောက်စာမျိုးတော့ မရှိခဲ့ပါဘူး။

ဓမ္မစေတီ ခေါင်းလောင်း ရန်ကုန်မြစ်ဝမှာ နစ်မြုပ်သွားတယ်ဆိုတဲ့ သမိုင်းဆိုင်ရာ အထောက် အထားတွေ တိကျ စွာ မရှိပေမယ့် ဓမ္မစေတီခေါင်း လောင်း ရှာပုံတော်က မြန်မာပြည်သူတွေရဲ့ စိတ် အာရုံကို ဖမ်းစားနိုင်တာ အသေအချာပါပဲ။ ထင် ပေါ်ကျော်ကြားလိုသူတွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွား ရေးသမားတွေနဲ့ ဂမ္ဘီရလိုင်း ယုံကြည်မှု ပြင်းထန် သူတွေအတွက် ဓမ္မစေတီခေါင်းလောင်း ရှာပုံတော် က ထင်ပေါ်ကျော်ကြားမှုနဲ့ ကိုယ်ကျိုး စီးပွားအကျိုး အမြတ်များစွာ ဖြစ်ထွန်းရရှိနိုင်တဲ့ နေရာကြီးတခု ဖြစ်လာတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading