မြန်မာနိုင်ငံတွင် စီးပွားရေး အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ် ဂျာမနီနိုင်ငံအား ကမ်းလှမ်းလိုကြောင်း သမ္မတ ဦးသိန်းစိန်က ဂျာမနီ ဝန်ကြီးချုပ် မစ္စ အိန်ဂျလာ မာကယ်လ် နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
“ယခုလို အချိန်တွင် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ ဂျာမနီနိုင်ငံက ပါဝင်နိုင်ရန် ဖိတ်ခေါ် လိုကြောင်း၊ မြန်မာနိုင်ငံအတွက် အလိုအပ် ဆုံး ရင်းနှီးမြှုပ်နှံမှုမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး ကျွမ်းကျင်မှုနှင့် နည်းပညာများကို ယူဆောင်လာမည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပါကြောင်း၊ ဂျာမနီအနေဖြင့် ဤကဏ္ဍများတွင် တိုးတက်မှု ရှိစေရန် မြန်မာ ကုမ္ပဏီများနှင့် ပူးပေါင်း လုပ် စေ လိုပါကြောင်း”ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
သံတမန်ဆက်ဆံရေး သက်တမ်း နှစ်ပေါင်း ၆၀ ကာလ ဂျာမနီနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးသည် အတက်အကျများ
ရှိသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာများကို ပူးပေါင်း လုပ်ဆောင်သွားကြမည်ဟုလည်း ခေါင်းဆောင် နှစ်ဦး က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းနေမှုကို ဂျာမနီက ထောက်ခံကြောင်း အိန်ဂျလာ မာကယ်လ်က ပြောသည်ဟုလည်း ဆိုသည်။
ဦးသိန်းစိန်၏ စက်တင်ဘာ ၁ ရက်က စတင်သည့် တတိယမြောက် ဥရောပခရီးစဉ်၌ ဂျာမနီ နိုင်ငံကို ပထမဆုံး ရောက်ရှိခြင်း ဖြစ်ပြီး စက်တင်ဘာ ၃ ရက်တွင် မစ္စ အိန်ဂျလာ မာကယ်လ် နှင့် အလုပ်သဘော နေ့လယ်စာ စားပွဲ တက်ရောက်ပြီးနောက် ဘာလင်မြို့ရှိ ဂျာမနီ ဝန်ကြီးချုပ်ရုံးတွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခြင်း ဖြစ်သည်။
စက်တင်ဘာ ၂ ရက်ကလည်း ဦးသိန်းစိန်သည် ဖရန့်ဖတ် မြို့တွင် Deutsche Bank နှင့် German Asia Pacific Business Organization(OAV) ဥက္ကဌ နှင့် အဖွဲ့တို့ကို တွေ့ဆုံ၍ စီးပွားရေး ဆိုင်ရာများကို ဆွေးနွေးခဲ့သေးသည်။
ဂျာမနီ နှင့် မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၅၄ ခုနှစ်က စတင်ခဲ့ကြရာ ယင်းဆက်ဆံရေး ပိုမိုကောင်းမွန်ရန် ကြိုးစားခဲ့ကြ သည်ဟုလည်း သိရသည်။
ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ခဲ့သည်။
အနောက် ဂျာမနီနိုင်ငံ၏ စစ်လက်နက် ကုမ္ပဏီ Fritz Werner ကလည်း မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းတွင် ယခင် တရုတ် ကူမင်တန် စစ်တပ်နှင့် စစ်ပွဲများဖြစ်ပွားနေသည့် မြန်မာ စစ်တပ် အတွက် စစ်လက်နက်နှင့် ပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း ဂျာမနီ သတင်းဌာန တခုဖြစ်သော DW သတင်းဌာန က ဖော်ပြသည်။
၁၉၆၅ ခုနှစ်တွင် Fritz Werner ကုမ္ပဏီက ဒေဝါလီခံသွားကြောင်း၊ သို့သော် နိုင်ငံပိုင်များ ပြုလုပ်ပြီးနောက်တွင် လုံခြုံရေး တပ် ဖွဲ့များ အတွက် ဆက်လက် ထောက်ပံ့ကူညီမှုများ ရှိကြောင်း၊ ၁၉၇၀ နှစ်များအတွင်း ကလည်း ရာနှင့်ချီသည့် မြန်မာစစ်သားများကို ဂျာမနီက စစ်ပညာ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း စသည်တို့ကိုလည်း DW က ရေးသားထားသည်။
ထိုသို့ မြန်မာနှင့် ဂျာမနီ ကုမ္ပဏီတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ၂ နိုင်ငံ အစိုးရများ၏ ဆက်ဆံရေးကို ပိုမို အားကောင်း စေ ခဲ့ သည်ဟုလည်း ဆိုသည်။
၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းခဲ့သော်လည်း ဂျာမနီ-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးကို မထိခိုက်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်း သည်လည်း အခါအားလျော်စွာ ဂျာမနီသို့ အလည်အပတ် လာ ရောက် လေ့ရှိပြီး ဂျာမနီအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံလေ့ရှိကြောင်း DW သတင်းတွင် ပါရှိသည်။
၁၉၇၄ ခုနှစ်ကျော်တွင် ဂျာမနီက Society for Technical Cooperation (GTZ)- (ယခုအခေါ် GIZ) ဆိုသည့် အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် တခြားဖွံ့ဖြိုးရေး စီမံကိန်းများကို စတင် အခြေချခဲ့သည်။
ဂျာမနီ နိုင်ငံမှ လက်နက် ပညာရှင်များလည်း မြန်မာနိုင်ငံသို့လာရောက်ပြီး မြန်မာ အစိုးရစစ်တပ်သုံး G3 ၊ G4 မောင်းပြန် သေနတ် စက်ရုံတွင်လည်း လာရောက် ကူညီပေးခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ် က ဖြစ်ပွားသော နိုင်ငံတဝန်း ဒီမိုကရေစီလှုပ်ရှားမှုကြီးကို အစိုးရစစ်တပ်က အကြမ်းဖက်ဖြိုးခွဲ ပစ်ခတ်သတ်ဖြတ် ခဲ့သည့် နောက်ပိုင်း ဂျာမနီနှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေးအေးစက်ခဲ့သည်ဟု ဆိုသည်။
ထိုဆက်ဆံရေး အေးစက်မှုကို ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းတွင် မမျှော်လင့်ဘဲ မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ သည့် နောက် အဆုံးသတ်ခဲ့သည်ဟု DW က ရေးသည်။
၂၀၁၂ ခုနှစ်ကတည်းက ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံအပေါ် အရေးယူထားသည့် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများကို ဖြေ လျှော့ပေးခဲ့သည်။
ဂျာမနီသမ္မတ Joachim Gauck သည်လည်း ယခုနှစ် ဖေဖော်ဝါရီလ က မြန်မာနိုင်ငံကို တရားဝင် အလည်အပတ် သွားရောက် ခဲ့ သည်။
မြန်မာခရီးစဉ်နှင့် ပတ်သက်ပြီး သမ္မတ Joachim Gauck က“ပြုပြင်ပြောင်းလဲရေး လုပ်နေသမျှ ကာလပတ်လုံး မှန်ကန်တဲ့ လမ်း ကြောင်းပေါ် ရောက်နေတာဖြစ် တယ်။ သူတို့(မြန်မာနိုင်ငံ) သိပ်မြန်မြန်ကြီးတော့ သွားနိုင်ဦးမှာ မဟုတ်သေးဘူး”ဟု မှတ်ချက် ပေးခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်လည်း ဂျာမနီ Goethe Institute (နိုင်ငံတကာ အသိအမှတ်ပြု ဂျာမနီဘာသာ စကားနှင့် ယဉ်ကျေးမှု အခြေပြု ကျောင်း) ကိုလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။
ထို့အပြင် ဂျာမနီအခြေစိုက် DW အကယ်ဒမီက သတင်းသမားများအား လေ့ကျင့်သင်ကြားပေးသည့် စီမံကိန်းတခုကိုလည်း ဂျမနီ က ထောက်ပံ့ကူညီပေးနေသည်။
ဂျာမနီနှင့် မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ၂ နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြ သော် လည်း သုံးသပ်သူများကမူ နှစ်ပေါင်းများစွာ ကာလတလျှောက် မြန်မာဈေးကွက်ကို တရုတ်နှင့် ထိုင်းတို့က လွှမ်းမိုးထားသည့် အတွက် ဂျာမနီကုမ္ပဏီများ အနေဖြင့် ထိုးဖောက်ရန် ခက်ခဲကြောင်း ထောက်ပြကြသည်။
ဂျာမနီ ကုမ္ပဏီများဖြစ်သော Henkel နှင့် Stada တို့သည် မြန်မာဈေးကွက်အတွင်း ယခုအခါ ဝင်ရောက် ယှဉ်ပြိုင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ Henkel က ထုတ်လုပ်သည့် ဆပ်ပြာနှင့် Stada က ထုတ်လုပ်သည့် ဆေးဝါးများ လာမည့် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စတင် ဖြန့်ဖြူးရောင်းချရန် စီစဉ်နေကြောင်းလည်း DW သတင်းတွင် ဖော်ပြ ပါရှိသည်။
သမ္မတ ဦးသိန်းစိန် ၏ ယခု ဥရောပ ခရီးစဉ်တွင် ဂျာမနီ အပြင် ဆွစ်ဇာလန် နှင့် နယ်သာလန် နိုင်ငံများသို့လည်း ပါဝင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။