ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်တွေ မေ့ပြီလား

ကျော်စွာမိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တယောက် မြန်မာနိုင်ငံ အပေါ် အမေရိကန် ရဲ့  ပေါ်လစီနဲ့ပတ်သက်လို့ စိတ်ပျက်နေတာကို ဘယ်သူမှ သတိထားမိပုံမပေါ်ပါဘူး။ အထူးသဖြင့် အမေရိကန်ရဲ့ မြန်မာစစ်တပ်နဲ့ စစ်တပ်ချင်း ဆက်ဆံရေး ပေါ်လစီ နဲ့ ပတ်သက်ပြီးတော့ပေါ့။

သူက အဲဒီလို စိတ်ပျက်လက်ပျက် ဖြစ်နေတာကို လူသိရှင်ကြားတော့ ထုတ်ဖော်မပြောဘူးသေးပါဘူး။ ဒါပေမယ့် သူမနဲ့ နီးစပ်တဲ့သူတွေကတော့ အိုဘားမား အစိုးရ အနေနဲ့ မြန်မာ စစ်တပ်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် အချိန်မကျသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေအပေါ် နှစ်ပေါင်းများစွာ စစ်ရာဇဝတ်မှုတွေကျုးလွန်ခဲ့တာပါ။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးန့ဲ ပွင့်လင်းလူအဖွဲ့အစည်းက ကိုမြအေးတို့ အပါအဝင် ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် တော်တော်များများကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပြောခဲ့ကြပါတယ်။

သူတို့အဲဒီလိုထင်ပေမယ့် အမေရိကန်နဲ့ အခြားအနောက်နိုင်ငံကတော့ ဂရုစိုက်ပုံ မပေါ်ပါဘူး။ အမေရိကန်အပြင် ဗြိတိန်နဲ့ သြစတေးလျတို့ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့ ဒီအချိန်မှာ စစ်ဘက်ဆက်ဆံရေး တည်ဆောက်ဖို့အရေးကြီးတယ်လို့ ယုံကြည်နေကြပုံပါပဲ။ အဲဒီနိုင်ငံတွေဟာ သူတို့ရဲ့ စစ်ဘက်ခေါင်းဆောင်တွေကို မြန်မာနိုင်ငံကို လွှတ်ပြီး မြန်မာစစ်တပ်က ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် တည်ဆောက်ရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးခဲ့ပြီးပါပြီ။

ဥပမာပြောရရင် အမေရိကန်က မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေမှာ လူတွေကို ကူညီကယ်ဆယ်ဖို့ သင်တန်းပေးတာတို့၊ ကျင့်ဝတ်နဲ့ တရားဥပဒေစိုးမိုးရေးတွေနဲ့ပတ်သက်ပြီး သင်တန်းပေးတာတို့ စတဲ့ တိုက်ခိုက်ရေးမဟုတ်တဲ့ ကိစ္စရပ်  တွေကို အဓိကထားဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

သြဂုတ်လအစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရန်ကုန်ကို အလည်လာစဉ်က ဒီလို အစီအစဉ်တွေဆောင်ရွက်ဖို့ရှိတဲ့အ ကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောခဲ့ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့သူတွေက သိပ်မကြာသေးခင် ကျနော့်ကို ဒီလိုပြောပါတယ်။ အတိုက်အခံခေါင်းဆောင်က အမေရိကန်ရဲ့ ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် သဘောမတူပေမယ့် အဲဒီလို သဘောမတူတဲ့အကြောင်းကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူးတဲ့။ စစ်ဘက်ဆက်ဆံရေး အစီအစဉ်တွေကို စတင်ဆောင်ရွက်နေခဲ့ပြီဖြစ်တာမို့ သူ့အနေနဲ့ ကန့်ကွက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် အဲဒီအစီအစဉ်တွေကို ထောက်ခံပေးဖို့ကိုတော့ သူက ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ အခြားအနောက်နိုင်ငံက အစိုးရတွေဟာ မြန်မာနိုင်ငံရဲ့ အရပ်သားအမည်ခံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်နေတာတော့ ထင်ရှားပါတယ်။ မြန်မာနိုင်ငံကို ရာစုနှစ်တဝက်ကြာ စစ်အစိုးရက အုပ်စိုးလာပြီးတဲ့နောက်မှာ သူတို့အနေနဲ့ နိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊ ပြည်သူတွေ သာတူညီမျှ တိုးတက်မှုတွေခံစားရရှိနိုင်အောင် အကူအညီပေးချင်တယ်လို့ အနောက်နိုင်ငံအစိုးရတွေကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အခြား အတိုက်အခံခေါင်းဆောင်တွေက ဒီရည်မှန်းချက်တွေကို မကန့်ကွက်ဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ သံတမန်ရေးရာ ဆက်ဆံရေး မရှိမဖြစ်လိုအပ်လိမ့်မယ်ဆိုတာလည်း လက်ခံကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆက်ဆံရေး စတင်ရလောက်အောင်အထိ လုပ်သင့်ရဲ့သလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အထူးသဖြင့် မကြာသေးမီက  မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အရှိန်တန့်သွားပြီလို့ ပိုပိုပြီး ထင်ရှားလာတဲ့ တဲ့ အချိန်ကစလို့ပေါ့။

ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို မလာခင်လေးမှာပဲ အမေရိကန် လွှတ်တော်အမတ် ၇၀ ကျော်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အဆိုးဘက်ကို စတင်ဦးတည်လာနေတဲ့အကြောင်း အကြောင်းထောက်ပြခဲ့ကြပြီး အိမ်ဖြုတော်အနေနဲ့ ဦးသိန်းစိန်အစိုးရအပေါ် အမေရိကန်ရဲ့ ပေါ်လစီကို ပြန်လည် သုံးသပ် သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ လွှတ်တော်အမတ်တချို့ကလည်း အမေရိကန် မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ထပ်မတိုးမြှင့်နိုင်အောင် ကန့်သတ်ဖို့ ဥပဒေ ထုတ်ပြန်နိုင်ရေး စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့က ဂျွန်ကယ်ရီဆီစာရေးခဲ့ကြပြီး စာထဲမှာ မြန်မာစစ်တပ်က တိုင်းရင်းသားလူနည်းစုတွေအပေါ် ဆက်လက်ဖိနှိပ်နေမှု၊ မကြာသေးမီက စာနယ်ဇင်းသမားတွေကို ထောင်ချခဲ့မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ လိုအပ်နေတာတွေကို ထောက်ပြခဲ့ကြပါတယ်။

ဒါပေမယ့် သူရဲ့ မြန်မာပြည် ခရီးစဉ် ပြီးနောက်မှာတော့ ဂျွန်ကယ်ရီက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အကောင်းပြောဆိုခဲ့ပါတယ်။ “ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံမှာ မြန်မာပြည်သူတွေနဲ့ အစိုးရရဲ့ တိုးတက်မှု ခြေလှမ်းအစတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရပါတယ်” လို့ ဟာဝိုင်ယီမှာရှိတဲ့ အကြံပေး အဖွဲ့အစည်းဖြစ်တဲ့ အရှေ့-အနောက်စင်တာမှာ ပရိသတ်တွေကို ပြောခဲ့ပါတယ်။ “ဒီလိုတိုးတက်မှုတွေရဖို့ နှစ်ပေါင်း ၂၅ နှစ်အတွင်း အမေရိကန်က တိုက်တွန်းအားပေးနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ကျနော် ဂုဏ်ယူမိပါတယ်။ ခင်ဗျားတို့လည်း ဂုဏ်ယူသင့်တယ်” လို့လည်း ပြောပါတယ်။

ဂျွန်ကယ်ရီက မြန်မာအနေနဲ့ ပြည်တွင်းစစ်၊ လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး စတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အတွက်ကတော့ အများကြီးလုပ်ရဦးမယ်လို့ထပ်ပြောပါတယ်။ “အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေကိုကူညီဖို့ တတ်နိုင်တာ မှန်သမျှ လုပ်သွားမှာပါ။ အထူးသဖြင့် လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အကူအညီ ပေးသွားမှာပါ” လို့ပြောပါတယ်။

မြန်မာ့ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်မှု မရှိဘဲ လာမယ့်နှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် ပြဿနာရှိလာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဂျွန်ကယ်ရီကို ပြောခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဟာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်ပြီး စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့ နောက်လိုက်တဦးဖြစ်သလို ဦးသိန်းစိန်နဲ့ နီးစပ်သူလည်း ဖြစ်ပါတယ်။ ဦးတင်အေးရဲ့ ဦးဆောင်မှုအောက်မှာ လာမယ့်နှစ် ရွေးကောက်ပွဲဟာ ၂၀၁၀ ခုနှစ်ရွေးကာက်ပွဲလိုပဲ မသမာမှုတွေရှိလာနိုင်တယ်လို့ ဝေဖန်သူတွေက စိုးရိမ်နေကြပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ စစ်တပ်နောက်ခံရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရခဲ့တာပါ။ ဧပြီလတုန်းက ၂၀၁၅ ရွေးကောက်ပွဲဟာ “စနစ်တကျနဲ့ လွတ်လပ်ပြီး တရားမျှတမှု”ရှိစေရပါမယ်လို့ ဦးတင်အေးက ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီပုံစံ”နဲ့ ဆောင်ရွက်လိုတယ်လို့ ထပ်ပြောခဲ့ပါတယ်။ “စစ်တပ်က အာဏာသိမ်းတာမခံချင်လို့ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းယူဖို့ ခွင့်ပြုထားခဲ့ရတာပါ” လို့ သူကပြောပါတယ်။

အရင်က ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကမ္ဘာ့ခေါင်းဆောင်တွေက နားထောင် ကြရပါတယ်။ သူပြောတာအပေါ် မူတည်ပြီး သူတို့ရဲ့ မြန်မာပေါ်လစီတွေကို ချမှတ်ခဲ့ကြတာပါ။ အခုအခါမှာတော့ ဒီအခြေအနေတွေက ပြောင်းလဲခဲ့ပါပြီ။ ဒီနေ့တွေမှာတော့ အမေရိကန်နဲ့ အခြားအနောက်နိုင်ငံ အစိုးရ တွေက ဦးသိန်းစိန်ကို ပိုပြီးလိုအပ်တဲ့ပုံပေါ်လာပါတယ်။ တခြားတဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာအသိုင်းအဝန်းအတွက် သင်္ကေတ တခုလောက်အဖြစ်သာကျန်ရှိတော့တဲ့ အဖြစ်ကို လျော့ကျလာနေပါတယ်။ နိုင်ငံခြား သံတမန်တွေက ဒီ နိုဗယ်ဆုရှင်နဲ့ မပျက်မကွက် တွေ့နေဆဲပါ။ ဒါပေမယ့် သူတို့ရဲ့တွေ့ဆုံမှုက ဂါဝရပြု တွေ့ဆုံမှုသက်သက် ပုံစံ ပိုပိုပေါက်လာနေသလိုပါပဲ။

ဂျွန်ကယ်ရီ မြန်မာနိုင်ငံ ကို အလည်လာစဉ်တုံးက နေပြည်တော်မှာ သမ္မတ နဲ့ အစိုးရ အရာရှိတွေနဲ့ တနေကုန် အစည်းအဝေးထိုင် အလုပ်များနေခဲ့တာမို့လို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဂျွန်ကယ်ရီနဲ့ တွေ့ရဖို့အရေး ရန်ကုန်က သူမအိမ်မှာ ညအထိစောင့်ခဲ့ ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ဂျွန်ကယ်ရီရဲ့  သက်ဆိုင်ရာ သံတမန်တွေက စီစဉ်တဲ့အခါမှာ ကယ်ရီအနေနဲ့ ည ၈ နာရီနောက်ပိုင်းမှာမှ အားမယ့်အကြောင်း ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလောက်နောက်ကျနေရင် မတွေ့တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ သံတမန်တွေက ပြန်စဉ်းစားဖို့တောင်းပန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်တော့မှသာ စိတ်သက်သာရာရခဲ့ပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မတီးခေါက်ကြည့်ဘဲ မြန်မာနိုင်ငံကနေပြန်သွားမယ်ဆိုရင်တော့ ဂျွန်ကယ်ရီ ပြဿနာတက်သွားနိုင်ပါတယ်။ အစိုးရတဖက်တည်းနဲ့ သာဆက်ဆံတဲ့ ပေါ်လစီကို ကျင့်သုံးတဲ့အတွက် ဝေဖန်ခံရမှာပါ။

အမေရိကန် အနေနဲ့ နှစ်ဖက်စလုံးကို နားထောင်ဖို့ အရေးကြီးပါတယ်။ မြန်မာအစိုးရ ခေါင်းဆောင်တွေဟာ ကျွမ်းကျင်တဲ့ ကြိုးကိုင်ခြယ်လှယ်သူတွေ ဖြစ်တယ်ဆိုတာ၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးဖို့ သူတို့မှာ အစီအစဉ်မရှိဘူးဆိုတာ၊ စစ်တပ်က စီးပွားရေးနဲ့ နိုင်ငံရေး အခွင့်ထူးတွေကို ခံစားနေဆဲဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အတိုက်အခံခေါင်းဆောင်တွေက မမေ့ကြပါဘူး။ တကယ်လို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဒီအချက်တွေကို ဂရုမပြုဘဲ မြန်မာ သမ္မတ နဲ့ စစ်တပ်ကို ဆက်ပြီး အလိုလိုက် အကြိုက်ဆောင်နေမယ် ဆိုရင်တော့ သိပ်မကြာခင် အရူးလုပ်ခံရမှာ အသေအချာပါ။

(Kyaw Zwa Moe ၏ Has the United States Forgotten Suu Kyi? ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading