ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရွှံ့မီးတောင် ပေါက်ကွဲမှုကြောင့် လယ်ဧက ၂၀၀ ကျော် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူမြို့နယ် ရောက်ချောင်းရွာ အနီးရှိ ရွှံ့မီးတောင်သည် သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီကျော် အချိန်မှစတင်ပြီး ရွှံ့ချော်ရည်များ ထွက်လာရာ အနီးရှိ လယ်ဧက ၃၀ ကျော် တိုက်ရိုက် ဖုံးလွှမ်းခံလိုက်ရကြောင်း၊ ထို့နောက် မိုးရွာသွန်း၍ ရွှံ့ချော်ရည်များ ထပ်မံစီးဆင်းရာမှ လယ်ဧက ၂၀၀ ကျော် ပျက်စီးရခြင်းဖြစ်ကြောင်း၊ ယခုအချိန်အထိ ရွှံ့ချော်ရည်များ ဖုံးလွှမ်းနေကြောင်း ကျောက်ဖြူ ဒေသခံ ဦးအောင်စောသိန်းက ဧရာဝတီကို ပြောပြသည်။
“စာရင်း အတိအကျတော့ ကျနော်တို့ ကောက်လို့မရသေးဘူး။ ရွှံ့ချော်ရည် တိုက်ရိုက် ဖုံးလွှမ်းသွားတာက တောင်သူ ၁၆ ယောက် လောက်ရဲ့လယ်တွေ။ ကျန်တာက မိုးရေနဲ့အတူ ရွှံ့ချော်ရည်တွေပါလာပြီး တခြားလယ်တွေထဲကို စီးဝင်နေတာ။ လယ်က စိုက်ထား တာ ပျမ်းမျှ ၂ လနီးပါးလောက်ရှိပြီ။ လူရော၊ တိရစ္ဆာန်ရော ထိခိုက်မှု မရှိပါဘူး”ဟုလည်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများတွင် ရွှံ့မီးတောင်များ ရှိကြောင်း၊ ထို မီးတောင်များသည် မြန်မာနိုင်ငံရှိ တခြား ဒေ သ မှ မီးတောင်များနှင့်မတူဘဲ မီးတောင်အနက် တိမ်ကြောင်း၊ ထွက်ရှိသော ရွှံ့ချော်ရည်များတွင် တခါတရံ သဘာ၀ ဓာတ်ငွေ့များနှင့် ရောနှောက မီးတောက်များပင် ထွက်လေ့ရှိကြောင်း ဘူမိဗေဒ ပညာရှင် ဦးစိုးသူရထွန်းက ရှင်းပြသည်။
အဆိုပါ မီးတောင်များသည် ၃ နှစ်ဝန်းကျင်တွင် တကြိမ် ပုံမှန်ပေါက်လေ့ရှိကြောင်း၊ ယင်းဒေသတွင် ဘူမိဗေဒ သဘော တရားအရ ဟိုးယခင်အချိန်များက ယခုအချိန်ထက်ပင် ရွှံ့မီးတောင် များပြားခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ဒီဒေသက မီးတောင်တွေက သိပ်ကြီးကြီးကျယ်ကျယ် မဖြစ်ပါဘူး။ မီးတောင်ပေါက်တဲ့ အခါမှာလည်း အထိအခိုက်ဆိုလို့ လယ်တွေပဲ ပျက်စီးခဲ့ဖူးပါတယ်။ ၂ နှစ်၊ ၃ နှစ် တကြိမ်လိုပေါက်တာ။ ဘယ်ရာသီပေါက်မယ် ဆိုတာလည်း ပုံမှန်မရှိဘူး။ ငြိမ်းသွားတဲ့ မီးတောင် တွေလည်း ရှိပါတယ်။ ကျနော်တို့လည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲဒီဒေသမှာ သုတေသန သွားလုပ်ခဲ့ဖူးပါတယ်” ဟု ဦးစိုးသူရထွန်းက ပြောဆိုသည်။
ထိုဒေသဝန်းကျင်တွင် လွန်ခဲ့သော ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဆူနာမီဖြစ်ခဲ့ပြီး နောက်ပိုင်းကလည်း ထိုကဲ့သို့ ရွှံ့မီးတောင်များ ပေါက်ခဲ့ဖူးကြောင်း၊ ပြီးခဲ့သည် ၂ နှစ်ကလည်း တကြိမ် မီးတောင်ပေါက်သေးကြောင်းလည်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် မြေစာရင်းဌာနမှ တာဝန်ရှိသူများ စက်တင်ဘာ ၄ ရက်က လာရောက်ကြည့်ရှုပြီး တိုက်ရိုက် ပျက်စီးနေသော လယ်များအတွက် ပြန်လည်စိုက်ပျိုးရန် စီစဉ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် ယနေ့အချိန်အထိ မိုးရေနှင့် အတူ ပါလာသော ရွှံ့ချော်ရည်များ ဝင်ရောက်နေသည့် လယ်အများအပြား ရှိသေးကြောင်း ရောက်ချောင်းရွာ ဒေသခံ ဦးကျော်ဝင်း က ပြောသည်။
“ပျက်စီး နေတာက ရောက်ချောင်းရွာ တခုတည်း မဟုတ်ဘူး။ စည်မော်ရွာ၊ ကြတ္တိည်ရွာတွေက စားကျက်နဲ့ လယ်တွေလည်း ပါတယ်။ အခုထိစီးနေတုန်းပဲ။ ရွှံ့ချော်ရည်ဝင်တဲ့လယ်တွေ အားလုံးက ကြည့်နေလို့တော့ ပျက်စီးနေပုံ မထင်ရပေမယ့် စပါးပင်တွေက အားလုံးသေမှာ။ အခုပေါက်တဲ့ တောင်က လွန်ခဲ့တဲ့ ၄၃ နှစ်လောက်က တကြိမ်ပေါက်ဖူးတယ်။ စိုင်ချောင်ရွာက မီးတောင် ဆိုရင် လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပေါက်ဖူးတယ်။ ရွာရဲ့ အနောက်တောင် ဘက်မှာလည်း ဒီလို မီးတောင် ၃ လုံးလောက်ရှိသေး တယ်။ ဒီတကြိမ်ပေါက်တာ ရွှံ့ချော်တော်တော်များတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။