စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (Master of Business Administration-MBA) လို လူထုစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Public Administration-MPA) ဆိုတာလည်း ရှိပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရနဲ့ပြည်သူကြားက ဆက်ဆံရေးကို လူထုစီမံခန့်ခွဲမှု (Public Administration) လို့ဆိုပါတယ်။ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ဝန်ဆောင်မှုပေးခြင်းသည် လူထုစီမံခန့်ခွဲမှုရဲ့ အခရာဖြစ်ပါတယ်။
အစိုးရတွေ ရွေးကောက်ပွဲပြီးတိုင်း ပြောင်းလဲသွားတတ်ပေမယ့် ပြည်သူကို ဝန်ဆောင်မှုပေးနေရတဲ့ နိုင်ငံတွင်းက ဌာနဆိုင်ရာတွေဟာ စဉ်ဆက်မပြတ် အမြဲရှိနေရ ပါတယ်။ အစိုးရတိုင်းဟာ ဝန်ကြီးဌာနတွေကနေတဆင့် ပြည်သူလူထုကို စီမံအုပ်ချုပ်ရသလို၊ ဝန်ဆောင်မှုကိုလည်း ပေးရတာဖြစ်ပါတယ်။ မှတ်ပုံတင်ရုံး၊ ရဲစခန်း၊ လျှပ်စစ်ဌာန၊ ဆက်သွယ်ရေး၊ ယာဉ်မောင်းလိုင်စင်ဌာန၊ နိုင်ငံကူးလက်မှတ်ဌာန စတာတွေဟာ ပြည်သူလူထုနဲ့ နေ့စဉ်တိုက်ရိုက် ထိစပ်နေရတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။
ယခင် စစ်အစိုးရတွေဟာ သူ့တို့ကိုယ်သူတို့ကျေးဇူးရှင်ပမာ ပြည်သူလူထုကို ဆက်ဆံကြပါတယ်။ များသောအားဖြင့် အစိုးရ ဗဟိုပြု ဆက်ဆံရေးကို ကျင့်သုံးပြီး ပြည်သူဗဟိုပြု ဆက်ဆံရေး ပုံစံကို ကျင့်သုံးလေ့ မရှိပါဘူး။ လက်ရှိသမ္မတဦးသိန်းစိန်က ပြည်သူဗဟိုပြုအုပ်ချုပ်ရေးကို ဆော်ဩနေပါပြီ။ အကျင့်ဟောင်းကို ပြင်ဖို့ အချိန်၊ ငွေနဲ့ ဦးဆောင်မှုတွေ လိုပါတယ်။
မျက်မှောက်ခေတ် နိုင်ငံတကာမှာတော့ လူထုစီမံခန့်ခွဲမှုအသစ် (New Public Management – NPM) ဆိုပြီး အယူအဆတွေ၊ လုပ်ကိုင်ပုံတွေ အဆင့်ဆင့်မြင့်တက် ကျင့်သုံးနေပါပြီ။ ထိရောက်အောင် ကျင့်သုံးခြင်းအားဖြင့်လည်း အစိုးရနဲ့ပြည်သူကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံ ရေးပုံစံအသစ်ကို ထူထောင်ကြပါတယ်။
လူထုကို စီမံခန့်ခွဲတဲ့နေရာမှာ ရလဒ်ပေါ်ထွန်းရေး (Focus on result) ကို အလေးပေးရမှာ ဖြစ်ပြီး မလိုလားအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ ဝန်ဆောင်မှုတစ်ခု ကိုအချိန်အတိုင်းအတာ ဘယ်လောက်အတွင်းမှာ လုပ်ဆောင်နိုင်သလဲဆိုတာ ပိုအရေးကြီး ပြီးဘယ်သူ့လက်မှတ်ပါမှ အပြီးသတ်လုပ်လို့ရမယ်ဆိုတဲ့ စနစ်ဆိုးက ကြိုးနီစနစ်ကို ဖျက်သိမ်းဖို့လိုပါတယ်။ ဝန်ဆောင်မှုလုပ်သားတွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ပြီး မန်နေဂျာတွေဟာ လုပ်ငန်းတွင်ကျယ်ရေးကို ဇောင်းပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဝန်ဆောင်မှု (Service) သဘောဖြစ်လာစေဖို့အတွက် အစိုးရရဲ့ဌာနတွေဟာ ခေါက်ရိုးကျိုးနေတဲ့ တဖက်သက်ဆက်ဆံရေး ပုံစံကနေ အပြိုင်အဆိုင် ဝန်ဆောင်မှုကိုပေးတဲ့ စနစ်မျိုး ဈေးကွက်သဘောကို ပြောင်းလဲရပါမယ်။ ဒီနေရာမှာ ခါတိုင်း အစိုးရပိုင်လုံးလုံး လုပ်ဆောင်နေရာကနေ ပုဂ္ဂလိကနဲ့အကျိုးအမြတ် ခွဲယူပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှု စားသုံးသူတွေကို ပေးနိုင်ရေးအတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့လိုပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဟာ ဈေးကွက်သဘောမဆောင်တဲ့ အကောင်းဆုံးဥပမာ ဖြစ်ပါတယ်။ MPT ဟာ ဈေးကွက်ကို လက်ဝါးကြီးအုပ် တဖက်သက် စားသုံးသူတွေကို မတန်မဆ ဈေးနှုန်းတွေနဲ့ ငွေညှစ်ခဲ့တဲ့အတွက် မြန်မာပြည်သူတိုင်း အော့နှလုံးနာစရာဖြစ်ခဲ့ပါတယ်။ မကြာသေးမီကမှ MPT ဟာ ဂျပန်ကုမ္ပဏီတခုနဲ့ပေါင်းပြီး ပုဂ္ဂလိကဈေးကွက်ထဲမှာ အော်ရီဒူးနဲ့ တယ်လီနောတို့နဲ့ ပြိုင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းများကဲ့သို့ ထိရောက်တဲ့ စွမ်းဆောင်ရည်ရှိအောင် အစိုးရအဖွဲ့အစည်းတွေက ဌာနတွေကို အသွင်ပြောင်းလဲခြင်းအားဖြင့် ပြည်သူတွေအတွက် အကျိုးအမြတ် ဖြစ်ပေါ်စေပါတယ်။ လူထုစီမံခန့်ခွဲမှုအသစ်(NPM) ကလည်း အစိုးရဌာနတွေကို ပုဂ္ဂလိကလုပ်ငန်းတွေ နဲ့ ပြိုင်ဆိုင်ခိုင်းပါတယ်။ လွတ်လပ်ပြီး မျှတတဲ့ ပြိုင်ဆိုင်မှုမျိုး ဖြစ်ရပါမယ်။
ဈေးကွက်ကို အခြေခံပြီဆို စားသုံးသူက မောင်းနှင်တဲ့စနစ် (Customer-driven) ဖြစ်စေဖို့ လိုတယ်။ ပြည်သူတွေကို စားသုံးသူတွေလို့ မြင်လာအောင် NPM က ဖန်တီးရတာဖြစ်ပြီး အစိုးရဌာနတွေဟာ အခြားပုဂ္ဂလိကလုပ်ငန်းကဲ့သို့ စားသုံးသူပဓာန မူဝါဒကို ပြောင်းလဲကျင့်သုံးရပါတယ်။ ပြည်သူကို ငါတို့က ကူညီရတယ်ဆိုတဲ့ တွေးပုံခေါ်ပုံမျိုးထက် ပြည်သူ့အခွန်ဘဏ္ဍာနဲ့ လခရယူနေသူတွေ ဖြစ်တာမို့ ငါတို့ဟာ ပြည်သူကို ထိရောက်တဲ့ ဝန်ဆောင်မှုကို ပေးရမယ်ဆိုတဲ့ ချဉ်းကပ်ပုံဆီကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ထိုနည်းတူ တာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်းတွေကိုလည်း အစိုးရ ဝန်ထမ်းဆိုတဲ့ စိတ်ခံယူမှုကနေ စားသုံးသူ ဝန်ဆောင်မှုပေးသူလို့ ခံယူတတ်လာအောင် လေ့ကျင့်သင်ကြား ပေးရပါမယ်။
ယနေ့ မြန်မာအစိုးရရုံးတွေဟာ ပြည်သူအပေါ်မှာ မောက်မောက်မာမာ ဆက်ဆံမှုတွေ အတောမသတ် ရှိနေဆဲပါ။ ယုတ်စွအဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးလိုနေရာမျိုးမှာသည်ပင် အာဏာပါဝါ ပြမှုတွေရှိနေပြီး အခွန်ထမ်းပြည်သူတွေ ကသိကအောက်ဖြစ်စရာ၊ အုပ်ချုပ်ရေးယန္တရား မချောမွေ့စရာ လုပ်ရပ်တွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ လျှပ်စစ်မီးဌာနဆို မီတာခတွေ တိုးကောက်ခံလာပေမယ့် မြန်မာပြည်သူတွေဟာ မီးကို ဖူလုံအောင် မရရှိပါဘူး။ ပြည်သူကို ကောင်းစွာ ဝန်ဆောင်မှု မပေးနိုင်တာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပါပြီ။
စည်းကမ်းဘောင် ထူထပ်ပြီး ရှေးရိုးစွဲ ဗျူရိုကရေစီယန္တယားအဖြစ်ကနေ ရလဒ်ကို အခြေပြုသော ပြည်သူ့ဝန်ဆောင်မှုအဖြစ်သို့ ပြောင်းလဲခြင်းဖြစ်တဲ့အတွက်ကြောင့် အလုပ်မဖြစ်တဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပစ်ရပါမယ်။ Deregulation လုပ်ရပါမယ်။ ထို့အတူ အစိုးရဌာနတွေက ကြီးကြပ်အုပ်ချုပ်သူတွေဟာ ပုဂ္ဂလိကလုပ်ငန်းက မန်နေဂျာများကဲ့သို့ စွမ်းဆောင်ရည်မြင့်မားလာအောင် ကျင့်ကြံ အားထုတ်ရပါမယ်။ ပွင့်လင်းမြင်သာမှု (Transparency) နဲ့ တာဝန်ခံမှု (Accountability) ရှိရမယ်။ ပြည်သူတွေ ဒေါ်လာငွေကို တိုက်ရိုက်သုံးစွဲခွင့်ရှိလာအောင် လုပ်ဆောင်မှုဟာ Deregulation ဖြစ်ပါတယ်။ ကားဈေးကွက်ကို ခေတ်စနစ်နဲ့အညီပြောင်းလဲခဲ့ခြင်းဟာလည်း အများပြည်သူ အကျိုးရှိစေတဲ့ Deregulation ဖြစ်ပါတယ်။ အဲဒီဖြေလျော့မှုတွေဟာ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်ဖြစ်ပြီး အကျိုးအမြတ်ကို ပြည်သူတွေ တိုက်ရိုက် ခံစားခွင့်ရစေခဲ့ပါတယ်။
အစိုးရရဲ့ အဓိကတာဝန်ဟာ ဝန်ဆောင်မှုကို အာမခံပေးဖို့ဖြစ်ပြီး လည်ပတ်နေတဲ့လုပ်ငန်းကို မလိုလားအပ်တဲ့ ဥပဒေတွေနဲ့ နှေးကွေးအောင် မလုပ်မိဖို့ဖြစ်ပါတယ်။ ကုန်သည်ကြီးတွေ ရံဖန်ရံခါ ဈေးကစားပြီး အောက်လမ်းနည်းနဲ့ အကျိုးအမြတ် ရှာဖွေမှုတွေကို အစိုးရက ဝင်ရောက်ထိန်းသိမ်းရလေ့ရှိသလို လိုအပ်တဲ့ဥပဒေတွေကိုလည်း ပြဌာန်းပြီး အစွန်းထွက်မှုတွေမဖြစ်အောင် တည့်မတ်ပေးရပါတယ်။ အထူးသဖြင့် အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်ရှင် အလုပ်သမားပြသနာတွေမှာ ကြားဝင်စေ့စပ်ပေးရပါတယ်။ အဲဒီပြသနာ ပိုမိုမကြီးထွားစေဖို့ လိုအပ်တဲ့ ပဲ့ကိုင်မှုကိုပေးရပါတယ်။ လမ်းမှန်ရောက်အောင် ထိန်းကျောင်းပေးရတာဆိုပေမယ့် အလုပ်တွင်ကျယ်မှုကို အ နှောင့်အယှက်မဖြစ်အောင် စီမံဆောင်ရွက်ရပါတယ်။
တင်းကျပ်တဲ့ စည်းကမ်းတွေကို ဖယ်ရှားမှုနဲ့အတူ ဌာနအတွင်းမှာ ပါဝင်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေရဲ့ တကိုယ်ရည် စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးဖို့ရာ အစိုးရမှာ တာဝန်ရှိပါတယ်။ ဝန်ထမ်း လေ့ကျင့် ပျိုးထောင်ပေးရေး (Employee empowerment) ဟာ အင်မတန်မှ အရေးပါတယ်။ ထူးချွန်တဲ့ ဝန်ထမ်းတွေကို ချီးမြှောက်ခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ စိတ်ဓာတ်စွမ်းရည် ပိုမိုမြင့်တက်လာဖွယ်ရှိပါတယ်။ ပုဂ္ဂလိက ပိုင်းလုပ်ငန်းတွေနဲ့ပြိုင်ဆိုင်ပြီး ဝန်ဆောင်မှုပေးရမှာ ဖြစ်တာမို့ အစိုးရဝန်ထမ်းတွေဟာ ပုဂ္ဂလိကပိုင်းက လုပ်သားများကဲ့သို့ စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်သားတွေဖြစ်ဖို့လိုပါတယ်။ အပြိုင်အဆိုင်ရှိတဲ့ အခွင့်အရေးမက်လုံးတွေနဲ့ အလုပ်သမားတွေကို ဆွဲဆောင်နိုင်မှု ရှိရပါမယ်။ ထိုက်တန်တဲ့ လစာနဲ့ လုပ်ပိုင်ခွင့်တွေကို အပ်နှင်းရပါမယ်။ နိုင်ငံတကာမှာ အစိုးရဝန်ထမ်းတွေဟာ အလုပ်အာမခံချက် (Job Security) အပေးနိုင်ဆုံးအလုပ်လို့ ယူဆကြပါတယ်။ အကြောင်းက အစိုးရတွေရဲ့ဘတ်ဂျက်တွေဟာ ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိပြီး အလုပ်သမားတွေအတွက် အာမခံမှုကို ပိုပြီး ပေးနိုင်ပါတယ်။ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေမှာတော့ အကျိုးအမြတ်၊ ပြောင်းလဲလာတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ရုတ်တရက် ဝန်ထမ်းလျော့ချမှုတွေ ရှိနိုင်ပါတယ်။ စွမ်းရည် မြှင့်တင်ပေးရေး လုပ်ငန်းဟာ စဉ်ဆက်မပြတ်လုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ရေရှည်စီမံချက်ချပြီး လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
လူထုစီမံခန့်ခွဲမှုဟာ လူးသာလွန့်သာရှိမှု (Flexibility)၊ တီထွင်ကြံဆမှု (Innovation)၊ ပြဿနာကို ဖြေရှင်းနိုင်မှု (Skill for problem-solving)၊ ကိုယ်ပိုင်တွေးခေါ်လုပ်ကိုင်စေမှု တို့ကို အခြေပြုလုပ်ဆောင် ဖို့လိုပါတယ်။ လုပ်ငန်းအောင်မြင်ရေးကို အာရုံစိုက် လုပ်ဆောင်ရတဲ့အတွက် စည်းမျဉ်းတွေဟာ ခေတ်ကာလနဲ့ လိုက်လျောညီထွေ ရှိရပါတယ်။ စည်းကမ်းသတ်မှတ်ချက်တွေဟာ ပြုလွယ်ပြင်လွယ်ရှိရပါမယ်။ အရာရာကို လှေနံဒါးထစ် လုပ်လို့မရပါဘူး။ စည်းကမ်းဘောင် တွေဟာ လုပ်ငန်းအတွက် အထောက်အကူပြုစေဖို့ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့် ဝန်ဆောင်မှုတွေ လုပ်ဆောင်ရာမှာ အဟန့်အတား မဖြစ်စေရပါဘူး။
(စာရေးသူသည် အမေရိကန် ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်တွင် အခြေချနေထိုင်လျက်ရှိသည့် မြန်မာစကားပြန်တဦး ဖြစ်သည်။)