ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် မြေစာရင်းဌာနမှူး တို့သည် မြို့မြေအဖြစ် သတ်မှတ်ထားသည့် မြေ များအား ကိုယ်ကျိုးအတွက် အကွက်ရိုက် ရောင်းစားခဲ့သည်ဟုဆိုကာ မြို့မိမြို့ဖများက သမ္မတ ဦးသိန်းစိန်အထိ တိုင်ကြားသွားရန် စီစဉ်နေကြောင်း သိရသည်။
ကန်ကြီးထောင့် မြို့နယ်မှ မြို့မိမြို့ဖ ဦးမြအေးက “၁၉၉၅ တုန်းက မြို့မြေကွက်အဖြစ် သိမ်းတဲ့နေရာမှာ တာဝန်ရှိသူတွေက လယ် သမားတွေကို အိမ်ရာမြေကွက်တွေ အစား ပြန်ပေးထားပြီးသား။ အဲဒီ မြေတွေကို အစိုးရ ဌာနဆိုင်ရာ ရုံးတွေ ဆောက်ပြီးချိန်မှာ ဒီနေရာလေးက နောင်အနာဂတ်မှာ ကန်ကြီးထောင့်မြို့ သာယာစည်ပင်ရေး အတွက် ပန်းခြံ လုပ်မလား၊ ထရန်စဖော်မာတွေ လုပ်မလား၊ တခုခု လုပ်လို့ရအောင် ချန်ထားတဲ့ မြေကွက်။ အဲဒါကို ပြန်ရောင်းစားချင်တော့ ဟိုတုန်းက ပိုင်ခဲ့တဲ့ လယ်သမားကို သူတို့က ခေါ်ပြီးတော့ ငွေပေးပြီး ဝယ်တဲ့ပုံစံလုပ်ပြီး အကွက်ရိုက် ရောင်းစားပစ်တာ။ ဒီကိစ္စကို နိုင်ငံတော် သမ္မတအထိ မကြာခင် တိုင်ကြားသွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်နှင့် မြေစာရင်း ဌာနမှူး ဦးဌေးရီတို့ ပူးပေါင်း ရောင်းစားသည်ဟု ရပ်မိရပ်ဖများက စွပ်စွဲထားသည့် မြေကွက် သည် ရန်ကုန်-ပုသိမ် ကားလမ်းဘေး ကန်ကြီးထောင့်မြို့ အမှတ် ၃ ရပ်ကွက်တွင် တည်ရှိသည့် မြို့မြေကွက် အမှတ် C – 205 ဖြစ်ပြီး အကျယ် ဝ.၈၀ ဧက ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က “လယ်သမားရဲ့သဘောတူညီချက်နဲ့ ဝယ်လိုက်တာ၊ လယ်သမား အငြင်းပွားရင် ဒီမြေကို ကျနော်တို့ စွန့်လွှတ်မှာပါ။ အခုက လယ်သမားက အငြင်းမပွားဘူး။ ကြားလူက လာအငြင်းပွားနေတာ”ဟု ဧရာဝတီကို ပြော သည်။
ဦးမြင့်စိန်သည် မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုမြေကွက်ဖော် ရောင်းချသည့် ပြဿနာများသည် ယခုနှစ် နှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားလာခြင်း ဖြစ်ပြီး ကန့်ကွက်မှုများ ရှိလာသဖြင့် စက်တင်ဘာ ၂ ရက်တွင် ရပ်မိရပ်ဖများက သတင်းမီဒီယာများအား တွေ့ဆုံ ပြောဆိုခြင်း ဖြစ်သည်။
ကန်ကြီးထောင့်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးတင်မောင်စိုးက “လတ်တလောမှာတင် ကားလမ်းဘေးက မြို့မြေကွက်တွေကို လယ် သမားဆီက ပြန်ဝယ်တာ တကွက်ဝယ်ရင် အစိုးရကို တရားဝင် သွင်းရတဲ့ငွေ အပြင် ဦးမြင့်စိန်ကို ကျပ် ၅ သောင်း၊ မြေစာရင်းက ဦးဌေးရီ ကို ၅ သောင်းပေးရတယ်။ သီးသန့်ပေးရတာ”ဟု ဧရာဝတီကို ပြောသည်။
ထိုမြေများအား လယ်သမားများထံမှ ဝယ်ယူကြောင်း စာချုပ် ချုပ်ဆိုပြီးနောက် အလျားပေ ၄၀ x အနံ ပေ ၇၀ ရှိသည့် အကွက်ပေါင်း ၁၉ ကွက် ဖော်ထုတ်ကာ တကွက်လျှင် ကျပ်သိန်း ၈၀ ဖြင့် ပြန်လည် ရောင်းချခဲ့ရာ အကွက်ပေါင်း အနည်းဆုံး ၁၂ ကွက် ရောင်း ချခဲ့သည်ဟု မြို့မိမြို့ဖများက ဆိုသည်။
“ဒီမြေဟာ နိုင်ငံတော်သိမ်းပြီးသားမြေ၊ ပန်းခြံတို့၊ ကစားကွင်းတို့ လုပ်မယ့်မြေကို လယ်သမားဆီက ပြန်ဝယ်ပြီး အကွက်ရိုက် ရောင်း စားလို့ ကန်ကြီးထောင့်က မြို့မိမြို့ဖ အကုန်၊ မြို့သူမြို့သား အကုန်လုံးက မကျေနပ်တာ။ ဒီမြေကွက် ရောင်းရငွေတွေကို မြို့ဖွံ့ဖြိုးတိုးတက်ဖို့တွေမှာ ပြန်သုံးပေးရင် တော်သေးတယ်။ အခုဟာက သူတို့ ကိုယ်ကျိုးအတွက် လုပ်သွားတာကို မကျေနပ်ကြတာ။ ဒါကြောင့် အာဏာအကြောင်းပြုပြီး ကိုယ်ကျိုးရှာတာကို အရေးယူပေးဖို့ တိုင်ကြားသွားမှာ”ဟု ကန်ကြီးထောင့်မြို့ ဒေသခံ တဦးဖြစ်သူ ဦးတင်ဦးက ပြောသည်။
အဆိုပါ မြေကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်းများ ရှိလာပါက အထောက်အထား ပြည့်စုံစွာဖြင့် ဖြေရှင်းသွားမည် ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ဆိုသည်။
ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းကမူ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဌာနမှူးတို့၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများ၏ သဘောထားနှင့် အညီ ရပ်တည် မည်ဟု ပြောသည်။
“ကိုယ်က အာဏာပိုင်ဆိုပြီး နဂိုတုန်းက အမြင်၊ အစွဲတွေနဲ့ အလုပ်လုပ်တဲ့ အနေအထား ဖြစ်နေတယ်။ ပြည်သူပိုင်တဲ့ဟာကို အများနဲ့ ပွင့်လင်းမြင်သာစွာ အလုပ်လုပ်ရမှာကို သူတို့ ၂ ဦးတည်းလုပ်တဲ့ အတွက်ကြောင့် မှားတယ်လို့ မြင်တယ်။ ကျနော့် သဘောထား ကတော့ ကန်ကြီးထောင့်မြို့က ပြည်သူတွေရဲ့ သဘောထား အတိုင်းပါပဲ”ဟု ဦးကျော်ဝင်း က ပြောဆိုသည်။