“လူတိုင်း အကျုံးဝင်တဲ့ ပညာရေး ဖြစ်လာအောင် ဖော်ဆောင်မယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား ပညာရေး ဥပဒေကြမ်း အတည်ပြုလိုက်ပြီးနောက် အခြေခံပညာ ကဏ္ဍတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည်။ ပညာရေး ပြုပြင်ပြောင်းလဲမှုများတွင် အရွယ်ရောက်သည့် ကလေးတိုင်း ကျောင်းနေနိုင် ရေး၊ အခမဲ့ ပညာရေး စနစ်ဖော်ဆောင်ရေး၊ ကျောင်းသားဗဟိုပြု သင်ကြားမှု စနစ် ဖော်ဆောင်ရေး စသည်တို့ ပါဝင်သည်။

ယင်း ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများ အပြင် ဆရာ/ဆရာမများ ကျူရှင်သင်ကြားခြင်းနှင့် ပတ်သက်၍ အမှတ် ၃ အခြေခံပညာ ဦးစီးဌာန၏ စီမံဆောင်ရွက်မှုများ သိရှိရန် ညွှန်ကြားရေးမှူး (ပညာ) ဒေါ်စန်းစန်းရီအား ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။

မေး။   ။ အခု ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းကြောင့် အခြေခံ ပညာ ကဏ္ဍမှာ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမလဲ။

ဖြေ။   ။ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာကို သင်ယူနိုင်ဖို့ အတွက် ညီညီမျှမျှ ဖြစ်အောင် ဖန်တီး ပျိုးထောင်ပေး မယ်။ အခမဲ့ မသင်မနေရ ပညာရေးစနစ် ဖြစ်လာအောင် ဦးတည် အကောင်အထည် ဖော်မယ်။ နောက်မှ အခြေခံပညာ အဆင့် အလိုက် မူလတန်းက စပြီးတော့ တဖြည်းဖြည်း တိုးချဲ့ အကောင်အထည် ဖော်သွားမယ်။ ခုနက ပြောသလို ကလေးတိုင်းလို့ ပြောတဲ့ အတွက် မသန်စွမ်းတဲ့ ကလေးတွေ အတွက်လည်း လူတိုင်း အကျုံးဝင်တဲ့ ပညာရေး ဖြစ်လာအောင် ဖော်ဆောင်မယ်။

ပညာသင်ကြားတဲ့ နည်းလမ်းတွေ ဖြစ်တဲ့ ကျောင်းသင်၊ ကိုယ်ပိုင်သင်၊ ကျောင်းပညာ ပညာရေးတွေ အပါအဝင် သင်ယူပေးလို့ ရတဲ့ နည်းလမ်း အားလုံးနဲ့ အကောင်အထည် ဖော်မယ်။ ပညာရေး အတန်းအလိုက် သင်ရိုးညွှန်းတမ်း တွေ၊ အရည်အသွေးရှိတဲ့ အရည် အသွေးကို အာမခံတဲ့ စနစ်ကို လုပ်မယ် ဆိုတာတွေ ပါလာမယ်။

ပြီးရင် မြန်မာဘာသာ စကားတင် မဟုတ်ဘဲ တိုင်းရင်းသား ဘာသာစကားတွေပါ သင်ကြားပေးမယ်။ ကိုယ့်ရဲ့ ပြည်နယ် အစီအစဉ် တွေ နဲ့ သင်ကြားခွင့် ပြုသွားမှာပါ။

မေး။   ။ အရွယ်ရောက်ပြီး ကျောင်းသားတိုင်း ကျောင်းကို ရောက်လာအောင် ဘယ်လိုလုပ်မလဲ။ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းပြင်ပ ပညာရေး ရအောင် လုပ်ပေးဖို့ ရှိပါသလား။

ဖြေ။   ။ အရွယ်ရောက်တဲ့ ကလေးတိုင်း ကျောင်းနေလို့ ရဖို့ အတွက် ပညာရေးဌာနမှာ မေလ နောက်ဆုံး သီတင်းပတ်ကို ကျောင်း အပ်နှံရေး သီတင်းပတ်လို့ သတ်မှတ်ပြီးတော့ ဆောင်ရွက်တယ်။ အဲဒီကာလမှာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းကို ရောက် ဖို့ အတွက် ပညာရေးဌာနမှာ ရှိတဲ့ ဆရာ/ဆရာမတွေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တွေမှာ ရှိတဲ့ အာဏာပိုင်တွေရယ်၊ NGO တွေရယ် စုပေါင်းပြီးတော့ ကလေးတိုင်း ကျောင်းရောက်ဖို့ အတွက် စီစဉ်ရပါတယ်။

ဒါပေမယ့် ကျောင်းရောက်ဖို့ အတွက် ဘယ်လောက်ပဲ စီစဉ်ဆောင်ရွက်ပေမယ့် ရာနှုန်းပြည့် ကျောင်းရောက်ပြီလား ဆိုရင် ရာနှုန်းပြည့်တော့ ကျောင်း မရောက်သေးဘူး။ ရန်ကုန်တိုင်းမှာ ပင်လျှင် ၁၀၀ ရာနှုန်းပြည့် ကျောင်းရောက် မလာကြသေးဘူး။

အဲဒီလို ကျောင်း မရောက်လာသေးတဲ့ကလေးတွေကို ကျောင်းပြင်ပ ပညာရေးရအောင် လုပ်ပေးတယ်။ ဒါပေမယ့် ကျောင်းပြင်ပ ပညာ ရေးက အသက် ၉ နှစ်ကနေ စပေးတော့ အသက် ၅ နှစ်ကနေ ၉ နှစ် မပြည့်သေးတဲ့ ကလေးတချို့တော့ လွတ်သွားနိုင် တာပေါ့။

တချို့ ကလေးတွေ ကျတော့လည်း စေတနာရှင် သင်ကြားပေးသူတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို ရောက်သွား တာလည်း ရှိတယ်။ တချို့ကျတော့လည်း မသန်စွမ်း ဖြစ်နေတဲ့အခါ သင်ချင်တာတောင် သင်ကြားဖို့ အခက်အခဲ ဖြစ်နေတာတွေ လည်း ရှိတယ်။ သူတို့ကိုလည်း ကျောင်းပြင်ပ ပညာရေးနဲ့ အကောင်အထည် ဖော်နေ တယ်။

ဒါပေမယ့် ကျောင်းပြင်ပ ပညာရေးကလည်း တနိုင်ငံလုံးကို မလွှမ်းခြုံနိုင် သေးဘူး။ ရန်ကုန်တိုင်းမှာတောင် ကျောင်းပြင်ပ ပညာရေးကို ၄၃ မြို့နယ်လုံးမှာ အကောင်အထည် မဖော်နိုင်သေးဘူး။ စုစုပေါင်း ၁၃ မြို့နယ်ပဲ အကောင်အထည် ဖော်နိုင်တယ်။

မေး။   ။ မူလတန်းကို အခမဲ့ သင်ပေးနေပြီဆိုတော့ နောက်ပိုင်း အလယ်တန်းနဲ့ အထက်တန်းတွေကိုရော အခမဲ့ လုပ်ပေးမှာလား။

ဖြေ။   ။ ဆရာမတို့ မူမှာကတော့ အခြေခံပညာ အဆင့်အလိုက် တဖြည်းဖြည်း တိုးချဲ့သွားမှာ ဖြစ်လို့ နောက်ပိုင်းမှာ ပါလာပါလိမ့် မယ်။ ဖြစ်လာနိုင် ပါတယ်။

မေး။   ။ တချို့နိုင်ငံတွေမှာ မူလတန်း ဆိုရင် နေ့လယ်စာ အခမဲ့ ကျွေးပါတယ်။ ဒီမှာရော အဲဒီလို အစီအစဉ်မျိုး လုပ်ဆောင်ဖို့ ရှိပါသလား။ အခု ဒီမှာတော့ တချို့ အခြေခံပညာကျောင်း တွေမှာ နွားနို့တိုက်တယ် လို့လည်း သိရပါတယ်။ ဘယ်လို အစီအစဉ်နဲ့ လုပ်ဆောင်နေပါသလဲ။

ဖြေ။   ။ နို့တိုက်တာနဲ့ ပတ်သက်ပြီး အခြေခံ ၃ မှာ တာဝန်ခံ လုပ်ဆောင်နေတဲ့ ဆရာမ တယောက် ရှိပါတယ်။ ဆရာမ ပြောနိုင်တာ ကတော့ ကုမ္ပဏီတခုက တာဝန်ယူပြီး လုပ်ဆောင်နေတာပါ။ သူ(ကုမ္ပဏီ) ကလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ ကလေးတိုင်းကိုတော့ နို့မတိုက်နိုင် သေးပါဘူး။ စီမံချက်နဲ့ သတ်မှတ်ထားတဲ့ ကျောင်းတွေကို ဆရာမတို့က ရွေးပေးရတယ်။ ရွေးပေးထားတဲ့ ကျောင်းတွေကို ကုမ္ပဏီက လိုက်ချပေးတယ်။ ကလေးတွေလည်း အာဟာရအတွက် လိုအပ်တဲ့ ကျောင်းမျိုး၊ ဆက်သွယ်ရေးလည်း ကောင်းတဲ့ ကျောင်းမျိုးကို ဆရာမတို့က ရွေးပေးရတယ်။

နောက်တခုက အိုဗာတင်း၊ မိုင်လိုနဲ့ ပရီးမီးယားလို ကုမ္ပဏီတွေကလည်း ကျောင်းတွေကိုလာပြီး ကလေးတွေကို အာဟာရ ဒါန အဖြစ်တိုက် တာတွေ ရှိတယ်။

မေး။   ။ အခြေခံပညာ ကဏ္ဍာမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရတဲ့အခါ ဘယ်လို အခက်အခဲမျိုးတွေ ရှိလဲ။ ဥပမာ အခု ဘတ်ဂျက် လုံလုံလောက်လောက် ရှိရဲ့လား၊ ပညာရေး ဘတ်ဂျက်က သုံးတာ နည်းနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဖြေ။   ။ အခု အစိုးရလက်ထက် မှာတော့ ပညာရေး ဘတ်ဂျက်က သိသိသာသာ တိုးလာပါတယ်။ တိုးလာတဲ့ အတွက် ကျောင်းတွေရဲ့ အသွင်အပြင် လက္ခဏာတွေ ကောင်းလာတယ်။ ကျောင်းတွေ ပြင်ဆင်နိုင်လာတယ်။ ဘတ်ဂျက် တိုးလာတဲ့ အတွက် ကလေးတွေကို ပညာသင် ထောက်ပံ့ကြေးတွေ၊ ပညာသင်ဆု ဆိုတာတွေ ရှိလာတယ်။ အဲဒါမျိုး တွေက အရင်က မရှိဘူးလေ။

မေး။   ။ ကျောင်းတွေမှာ ဆရာမတွေ ကျူရှင်သင်ကြတယ် ဆိုတဲ့ ကိစ္စ ရှိပါတယ်။ ကျူရှင် သင်တာ ပြဿနာ မဟုတ်ပေမယ့် ကျူရှင် သင်တဲ့ အတန်းပိုင် ဆရာမဆီမှာ ကိုယ့်ကလေးကို မထားရင် အမှတ် မရတာမျိုးတွေ ကြားရတယ်။ ကိုယ်တိုင်လည်း ကြုံခဲ့ရဖူးပါတယ်။ အခုရော အဲဒီကျူရှင် ပြဿနာကို ဘယ်လို ဖြေရှင်းနေပါသလဲ။

ဖြေ။   ။ ကျုရှင်ဆိုတာ မိဘလုပ်တဲ့သူက ကိုယ့်ရဲ့ကလေးကို ထပ်ပြီးတော့ နားလည်စေချင်တဲ့ သဘောနဲ့ ထပ်ပြီးတော့ ရှင်းလင်းတဲ့ သဘောပဲ။ မိဘက သူ့သဘောနဲ့သူ အလွတ်သင်ပေးတာကို ကျုရှင်လို့ ဆရာမတို့က သဘောပေါက်တယ်။ မိဘကိုယ်တိုင် သူ သဘောကျတဲ့ ဆရာ/ဆရာမမျိုးကို သူခေါ်ပြီးတော့ သင်ကြားပေးတာပါ။ ဥပမာ ကိုယ်ကိုယ် တိုင်လည်း ဖြစ်ရင် ဖြစ်မှာပေါ့။ အပြင်က လူလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုပဲ ဆရာမတို့က သဘောပေါက်ထားတယ်။

ဒါပေမယ့် ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုရင်တော့ ကျုရှင်နဲ့ ပတ်သက်တဲ့ တိုင်စာတွေ၊ တင်ပြစာတွေ ရောက်လာခဲ့ရင် ဆရာမ တို့ သေချာ စိစစ်တယ်။ တင်ပြစာမှာ ပါတဲ့ အတိုင်း မှန်ကန်တာကို တွေ့ရင်တော့ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းနဲ့ အညီ သူတို့ရဲ့ ဆောင်ရွက်မှု အတိုင်း ထိုက်သင့်တဲ့ အပြစ်ပေးတာတွေ အရေးယူတာတွေ လုပ်တယ်။ အဲဒီလို အရေးယူ ခံရမှုတွေလည်း ရှိခဲ့ပါတယ်။

မေး။   ။ အထက်တန်း ပညာရေးကို ၄ နှစ် အထိ တိုးမယ်လို့ ကြားပါတယ်။ ဟုတ်ပါသလား။

ဖြေ။   ။ ဟုတ်လားဆိုရင် ပညာသင်ယူမှု ကာလကို မြှင့့်သွားဖို့ ရှိတယ်။ ပညာသင်ယူမှု ကာလဟာ နိုင်ငံ တော်တော် များများမှာ ၁၂ နှစ်လောက် ရှိတယ်။ အခြေခံ ပညာရေး ပြီးမြောက်ဖို့ အတွက် ကျောင်းမှာ ၁၂ နှစ် ကြာရတယ်။ အခု ဆရာမတို့ နိုင်ငံမှာ ၁၁ နှစ် ဖြစ် နေပြီ ဆိုတော့ ကလေးတွေ အခြေခံပညာ ခိုင်မာရေးအတွက် ၁၁ နှစ် သင်နေတဲ့ စာတွေကိုပဲ ၁၂ နှစ်သင်ဖို့ အစီအစဉ်တွေ ရှိတယ်။ အဲဒီ ကိစ္စက အမျိုးသား ပညာရေး ဥပဒေရှိလာရင် ဖြစ်လာလိမ့်မယ်။ အခြေခံ ပညာမှာ ကလေးတွေရဲ့ တတ်မြောက်မှုကို ဒီထက်မြင့်ဖို့ လိုတဲ့ အတွက် အပြောင်းအလဲ လုပ်မယ့် သဘောပါ။

မေး။   ။ အခု ပြောင်းလဲမှုမှာ သင်ရိုးညွှန်းတမ်းတွေ ပြောင်းဖို့ရော ပါပါသလား။

ဖြေ။   ။ အခု သင်နေတဲ့ သင်ရိုး ညွှန်းတမ်းကိုပဲ အခြေခံပြီးတော့ Update လုပ်သွားဖို့ ရှိတယ်။ သီးသန့်ကြီး လုံး၀ ပြောင်းသွားမှာတော့ မဟုတ်ဘူး။ ပိုကောင်းအောင် ထပ်ဖြည့်သွားတဲ့ ပုံစံမျိုးတော့ လုပ်မှာပါ။

မေး။   ။ ရန်ကုန်တိုင်း အတွင်းမှာ ဆရာအချိုး နဲ့ ကျောင်းသားအချိုး ဘယ်လောက်ရှိလဲ။ ကလေး ဗဟိုပြု သင်ကြားမှု ပုံစံအတွက် ဆရာအင်အားနဲ့ ကျောင်းသား အင်အား မမျှတတာမျိုး မဖြစ်ရအောင် ဘယ်လို အစီအစဉ်တွေ လုပ်ဆောင် နေပါသလဲ။ ပညာရေး အတွက် နိုင်ငံတကာ အကူအညီ တွေရော ရှိရဲ့လား။

ဖြေ။   ။ ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ ကျောင်းတွေ အတွက်ဆိုရင် မူလတန်းမှာ ကျောင်းသားနဲ့ ဆရာ အချိုးက ၁ အချိုး ၃၀ ရှိတယ်။ အလယ်တန်းမှာ ၁ အချိုး ၃၂ ရှိတယ်။ အထက်တန်းမှာတော့ ၁ အချိုး ၂၉ ပေါ့။ ဒါက လောလော ဆယ် စစ်တမ်းကောက်ထားတဲ့ အပေါ်မှာ အခြေခံ ပြောတာ။ ဒီပတ်ဝန်းကျင် အရတော့ ဒီအချိုးလောက်တော့ သင်နေရတာပဲ။ ဆရာ တယောက်က ကလေး ၃၀ ကို သင်ရတာ အရမ်းများလွန်းတယ်လို့ ပြောလို့ မရဘူး။

ကလေးဗဟိုပြု သင်ကြားမှု ပုံစံက ရန်ကုန်မှာတင် မဟုတ်ဘူး၊ တနိုင်ငံလုံးမှာပါ သင်ကြားနိုင်ဖို့ ဆရာ၊ ဆရာမတွေကို သင်တန်းတွေ ပေးထားတယ်။ နိုင်ငံတကာ အကူအညီက UNICEF က အများဆုံး ကူညီတယ်။ အခုဆိုရင် World Bank တို့ အပါအဝင် နောက်ပိုင်းမှာ သြစတြေးလျ နိုင်ငံကလည်း အကူအညီတွေ ပေးလာပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading