တပ်ပေါင်းစုလို့ ခေါ်တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖြစ်က ယာယီ ရပ်ဆိုင်း ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကို UNFC ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး နယ်ပယ် အသီးသီးက ခေါင်းဆောင် တွေက ပြန်လည် ပေါင်းစည်းစေလို ကြပါတယ်။
UNFC အဖွဲ့နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အရှိန် ရလာချိန်မှာပဲ အဖွဲ့အတွင်းက အင်အားကြီး အဖွဲ့ဝင် တဖွဲ့ဖြစ်တဲ့ KNU က အခုလို ထွက်ခွာသွားတာကြောင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်မှုကို ပြိုကွဲစေတဲ့ အနေအထားတွေ ဖြစ်လာမှာကို ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။
UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက UNFC နဲ့ KNU တို့ အကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး KNU အနေနဲ့ အဖွဲ့အတွင်း ညှိနှိုင်းမှာ ဖြစ်သလို UNFC အနေနဲ့လည်း ပြန်လည် ပေါင်းစည်းရေး စေ့စပ်ညှိနှိုင်းမှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ တပ်ပေါင်းစု ခေါင်းဆောင်တွေက စက်တင်ဘာလ ၂ ရက်မှာ ကျင်းပတဲ့ UNFC ညီလာခံ အပြီးမှာ ပြောဆိုသွားပါတယ်။
“သူတို့ (KNU) ပြန်လာအောင် လုပ်ရမှာပဲ။ သူတို့က လုံးဝ နုတ်ထွက်သွားတာ မဟုတ်ဘူး။ သူတို့တင်ပြတဲ့ မူကြမ်းတွေကို သိပ်သက်ဆိုင်မှု မရှိလို့ ယာယီ ထွက်ခွာသွားတာပဲ ဖြစ်တယ်။ အမြဲတမ်း ထွက်ခွာသွားတာ မဟုတ်ဘူး။ သူတို့ ဗဟိုမှာ ဆွေးနွေးပြီး အဖွဲ့ဝင်အဖြစ် ဘယ်လို ပုံစံနဲ့ ဝင်လာမလဲတော့ မသိဘူး။ ဝင်တော့ ပြန်ဝင်လာ မှာပဲ ဖြစ်တယ်”လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာနဲ့ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်တို့က တပ်ပေါင်းစုမှာ KNU ပြန်ပါလာရေး လမ်းဖွင့်ထားသလို KNU အနေနဲ့ အဖွဲ့အစည်းအတွင်း ဆွေးနွေးမှုတွေ ပြုလုပ်ပြီးရင် UNFC နဲ့ ပြန်လည် ပေါင်းစည်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။
KNU က အဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆိုင်းကြောင်း အကြောင်းကြားထားပေမယ့် ညီလာခံအပြီး UNFC ခေါင်းဆောင်နေရာ ၁၂ ဦး ရွေးရာမှာ ၁၀ ဦးကိုပဲ ထုတ်ပြန်ထားပြီး KNU အတွက် ဒုဥက္ကဋ္ဌ နေရာနဲ့ ဗဟိုအလုပ်မှုဆောင် တနေရာ လျာထားတယ် ဆိုတာကို UNFC ရဲ့ ထုတ်ပြန်ကြေညာချက်မှာ တွေ့ရှိရပါတယ်။
“လောလောဆယ်တော့ ကျနော်တို့ ၁၀ ဦးပဲ ရွေးထားပါတယ်။ KNU အတွက် ဆိုပြီး ၂ ဦး ချန်ထား ပေးပါတယ်။ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် (KNU) ညီလာခံမှာ တော်လှန်ရေး အင်အားစုထဲမှာ တပ်ပေါင်းစု တခု ခိုင်မာဖို့ လိုတယ်။ တိုင်းရင်းသားတွေ စုစုစည်းစည်း ရပ်တည်မှပဲ အောင်ပွဲနဲ့ နီးစပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ရှိတယ်။ အဲဒီ ဆုံးဖြတ်ချက်အရ ကျနော်တို့ မြင်တာကတော့ သူတို့ ဗဟိုကော်မတီ ပြန်ထိုင်မယ်။ ကျနော်တို့ UNFC နဲ့ ပြန်ပြီး ပူးပေါင်းလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ အဲဒါကြောင့် ကျနော်တို့ (နေရာ) လျာထားခြင်း ဖြစ်ပါတယ်” လို့ UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဆိုပါတယ်။
ပထအကြိမ် UNFC ညီလာခံအပြီး မဲခွဲဆုံးဖြတ်ရာမှာ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ (KIO)၊ ဒုဥက္ကဋ္ဌ နိုင်ဟံသာ (MNSP)၊ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ် (KNPP)၊ အတွင်းရေးမှူး (၁) ဦးခွန်ဥက္ကာ (PNLO)၊ အတွင်းရေးမှူး (၂) ဆလိုင်း ထလာဟေး (CNF) တို့ ရွေးချယ် ခံထားရပြီး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေထဲမှာ ဒေါက်တာ လဂျာ၊ ဗိုလ်ချုပ် ဘီထူး၊ ဒူးဝါး ဘွန်ဝမ်လာရော်၊ စဝ်စိုင်းထူး၊ ဒေါက်တာ ခင်မောင်တို့ ရွေးချယ် ခန့်ထားတယ်လို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ပထမအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၂ ရက် အထိ ကျင်းပခဲ့ပြီး ဆက်စပ် အဖွဲ့အစည်း ငါးဖွဲ့ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ဦးရေ ၉၀ တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
ညီလာခံ ပြုလုပ်နေဆဲ သြဂုတ်လ ၃၁ ရက်မှာ UNFC အဖွဲ့ဝင်တွေနဲ့ KNU တို့ အကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ပြီး KNU ဥက္ကဋ္ဌ စောမူတူးစေဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့က ညီလာခံကနေ ရုတ်တရက် ထွက်ခွာသွားပြီး နောက်တနေ့မှာ UNFC အဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းကြောင်း အကြောင်းကြားစာကို ညီလာခံကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ညီလာခံကို တက်ရောက်နေတဲ့ KNU ကိုယ်စားလှယ် အဖွဲ့တွေကို ပြန်ပြီး ရုပ်သိမ်းသွားသလို UNFC က ပြုလုပ်မယ့် နောက်ထပ် အစီအစဉ်တွေမှာ KNU ကိုယ်စားလှယ်တွေနဲ့ ရုံးအဖွဲ့တွေကို စေလွှတ်တော့မှာ မဟုတ်ကြောင်း အကြောင်းကြားထားတာကို တွေ့ရပါတယ်။
KNU က လက်ရှိ UNFC ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံဟာ Top Down ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်နေပြီး အဖွဲ့ဝင် အဖွဲ့အစည်း တခုခုရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက်တဲ့ ဖွဲ့စည်း လုပ်ဆောင်မှုတွေကို လက်မခံနိုင်ကြောင်း ထောက်ပြထားပါတယ်။
KNU က လွဲပြီး ကျန်တဲ့ UNFC အဖွဲ့ဝင်တွေက လက်ခံကြပြီး လောလောဆယ်မှာ တိုင်းရင်းသား တပ်ဖွဲ့တွေ အနေနဲ့ စုစုစည်းစည်း ညီညီညွှတ်ညွှတ် သွားနိုင်တဲ့ မူဖြစ်ပြီး အရင်က တော်လှန်ရေး တပ်ပေါင်းစုတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (DAB) နဲ့ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) တို့လည်း ဒီမူကို အသုံးပြုခဲ့ဖူးတယ်လို့ သိရပါတယ်။
UNFC ဒုဥက္ကဌ နိုင်ဟံသာက “ အခုလည်း ကျင့်သုံးခဲ့တာ သုံးနှစ်ခွဲ ရှိပါပြီ၊ အဲဒီမူက ကိုက်ညီနေတယ်လေ။ တဖက်က သူတို့ ပြောသလို ဗဟိုချုပ်ကိုင်မှု များနေတယ် ဆိုတဲ့ သဘောက ကျနော်တို့ မြင်တာတော့ အဲသလိုလည်း မဟုတ်ဘူးဗျ။ စုပေါင်းပြီးတော့ ဆွေးနွေးကြတယ်။ စုပေါင်းပြီးတော့ ဆုံးဖြတ်ကြတယ်။ စုပေါင်းပြီးတော့ မူအပေါ်မှာ လျှောက်ကြတာပါပဲ”လို့ ပြောပါတယ်။
သူကဆက်ပြီး “ မူပိုင်းဆိုင်ရာမှာ အဖွဲ့အစည်း တခုခုက သဘောမတူရင် ကျနော်တို့က မချမှတ်ပါဘူး။ အဲဒီလို သတ်မှတ်ထားတာ ပေါ့ဗျာ။ အရင့် အရင်က အဲဒီလို စကားမျိုး လုံးဝကို ပြောခဲ့ဖူးတာ မရှိပါဘူး။ အခုအချိန်မှာမှ ဒီစကားမျိုး ပြောလာတာက အမျိုးမျိုးတော့ တွက်နိုင်တာပေါ့လေ။ ဒါကတော့ သူတို့အမြင်နဲ့ သူတို့ခံစားချက်ပါ။ ကျနော်တို့လည်း မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် စုပေါင်းတဲ့ အဖွဲ့အစည်း တခုမှာ ကျစ်လျစ်ခိုင်မာမှု မရှိဘဲနဲ့ လျော့လျော့လျဲလျဲ ဖိုရမ် သဘောမျိုးတွေ လာကြ စုကြဆိုတဲ့ ပုံစံမျိုးဟာလည်း အလုပ် မဖြစ်ဘူးလို့ ကျနော် ထင်ပါတယ်”လို့ ပြောဆိုပါတယ်။
UNFC ရဲ့ မူအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဖွဲ့ဝင်တွေ အနေနဲ့ တဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် တားမြစ်ထားခြင်း၊ နိုင်ငံရေးကိစ္စ စကားပြောကြားလာပါက UNFC နဲ့သာ တိုက်ရိုက်ပြောရန်၊ လူမှု အကူအညီတွေကို UNFC က တဆင့် တိုက်ရိုက် ပြုလုပ်ရန် စတဲ့ ကန့်သတ်ချက်တွေဟာ မှားယွင်းတဲ့ နိုင်ငံရေး ဦးဆောင်မှု ဖြစ်တယ်လို့ KNU က အဆိုပြု တင်ပြထားတဲ့ စာတမ်းမှာ ဝေဖန် ရေးသားထားပါတယ်။
UNFC စတင် ဖွဲ့စည်းစဉ် ၂၀၁၁ ခုနှစ် ကတည်းက ဒီဖွဲ့စည်းပုံမှာ KNU က အတူ လက်တွဲလာခဲ့ကြတာ ဖြစ်ပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ စုစုစည်းစည်းနဲ့ သွားနေတဲ့ အချိန်မျိုးမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတာက KNU အနေနဲ့ သီးခြားခွဲထွက်ပြီး အစိုးရနဲ့ အမြန် လက်မှတ်ထိုးဖို့ ကြိုးပမ်း နေသလား ဆိုပြီး ဝေဖန်မှုတွေက တချိန်တည်းမှာပဲ ထွက်ပေါ်နေပါတယ်။
ပြည်တွင်း အခြေစိုက် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တဦးက “KNU က အဲဒီ ဖွဲ့စည်းပုံမှာပဲ သုံးနှစ်အကြာ လက်တွဲ လုပ်ကိုင် လာခဲ့တယ်။ အကြောင်းပြချက်တွေက ကောင်းပေမယ့် သဘော မတူရင်လည်း အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက် သင့်တယ်လို့ မြင်တယ်။ အာမခံချက်တွေ ခိုင်ခိုင်မာမာ မရရှိသေးဘဲ အပစ်ရပ် လက်မှတ် အမြန်ထိုးချင်လို့ လုပ်တယ် ဆိုရင်တော့ စိုးရိမ်စရာပါ။ စကားပုံထဲကလိုပဲ နွားကွဲရင် ကျားဆွဲရတာ လွယ်တယ်။ ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ ကျားဆွဲခံရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ခေါင်းဆောင်တွေ နားလည် သင့်နေပြီ”လို့ ပြောပါတယ်။
UNFC ညီလာခံ ပြုလုပ်မှ တင်ပြလာတဲ့ KNU စာတမ်းဟာ အချိန်တို အတွင်းမှာ ဆုံးဖြတ်ကြဖို့ အချိန် နည်းနေသလို ဒီစာတမ်းမှာ ပါဝင်တဲ့ အကြောင်းအရာ အသစ်တွေ အပေါ်မှာလည်း အတွေ့အကြုံအရ စိမ်းနေကြတဲ့အတွက် ချက်ချင်းလက်ခံကြဖို့ ခက်နေကြတယ်လို့ UNFC အဖွဲ့ဝင် တချို့က မှတ်ချက်ပြုကြပါတယ်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက“သူတို့ (KNU) တင်တဲ့ အဆိုကို အားလုံးက ဒီနေ့ အနေအထားမှာ အသုံးပြုရင် အကျိုး မရှိနိုင်သေးဘူး ပေါ့ဗျာ။ ဒါကိုလည်း ကျနော်တို့ လုံးဝကြီး ပစ်ပယ်သွားတာ မဟုတ်ဘူး။ စဉ်းစား သွားမယ်။ သူတို့ လာပြန်ပူးပေါင်းပြီး သူတို့ အဆို တွေ ကို ထပ်တင်မယ် ဆိုရင် ဒါကိုလည်း ကောင်းရင် ကောင်းသလို စဉ်းစားသွားမယ်။ လာမယ့် ကောင်စီ အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံကို ပြင်ပြီးတော့ လုပ်ဆောင် အကောင်အထည် ဖော်သွားလို့ ရပါတယ်”လို့ ပြောပါတယ်။
KNU က သူတို့အနေနဲ့ UNFC နဲ့ ပတ်သက်ပြီး ဘယ်လို ဆက်ဖြစ်မယ် ဆိုတာ မသိရသေးပေမယ့် တပ်ပေါင်းစု ၁၆ ဖွဲ့နဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ (NCCT) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ (UPWC) နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက UNFC အဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းကြောင်း UNFC ညီလာခံကို စာပို့ခဲ့တဲ့နေ့ တချိန်တည်းမှာပဲ KNU ဒုဥက္ကဋ္ဌ နော်စီ ဖိုးရာစိန် က UNFC ညီလာခံကို အကြောင်းကြားစာ တစောင်ကို လက်မှတ်ထိုးပြီး ပေးပို့ခဲ့ပါတယ်။
KNU ဒုဥက္ကဋ္ဌ နော်စီ ဖိုးရာစိန် ပေးပို့တဲ့ စာထဲမှာ UNFC နဲ့ KNU တို့ အကြား သဘောထား ကွဲလွဲမှုတွေကို အဖွဲ့အစည်း အတွင်းမှာ ပြန်လည် ဆွေးနွေးပြီး ၁၅ ကြိမ်မြောက် KNU ညီလာခံက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ အညီ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ ခိုင်မာတဲ့ တပ်ပေါင်းစု တည်ဆောက်နိုင်ရေး အတွက် တတပ်တအား ကြိုးပမ်း ပါဝင် ဆောင်ရွက် သွားမယ်လို့ ရေးသား ပေးပို့ခဲ့ပါတယ်။
UNFC အဖွဲ့ထဲ ပြန်ဝင်ရေး မဝင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး စက်တင်ဘာ လလယ်ပိုင်း အတွင်း KNU ဗဟိုအဖွဲ့မှာ အစည်းအဝေးခေါ်ယူ ဆုံးဖြတ်သွားဖို့ ရှိတယ်လို့ KNU အတွင်းရေးမှူး (၁) ပဒိုသောသီက ပြောပါတယ်။
“ဒီကိစ္စက ဆွေးနွေးရမှာပဲ၊ ဒါတွေက KNU က ဖြစ်လာတဲ့ ပြဿနာ တခုပဲ ဖြစ်ဖြစ် ဒီလိုမျိုး ရှုပ်ထွေးနိုင်တဲ့ ကိစ္စတွေက ကျနော်တို့ ဖြေရှင်းရမယ့် ကိစ္စပဲ။ ဒါကတော့ ကျနော်တို့ မဖြစ်မနေ ဆွေးနွေးရမယ့် ကိစ္စပါ။ ကျနော်တို့ကတော့ ဒီစက်တင်ဘာ လလယ်ပိုင်း လောက် မှာ အလုပ်အမှုဆောင် သို့တည်းမဟုတ် သော်လည်းကောင်းပေါ့။ ဒါတွေကို ဆွေးနွေးဖို့ ဖြစ်နိုင်ပါတယ်”လို့ ပဒိုသောသီက ရှင်းပြပါတယ်။
KNU က UNFC တပ်ပေါင်းစု အဖွဲ့ကနေ ရပ်ဆိုင်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး KNU အဖွဲ့အတွင်းမှာ သဘောထား ကွဲမှုတွေ ရှိနေသလို အဲဒီ သဘောထား ကွဲနေတဲ့ နှစ်ဖွဲ့အကြားမှာ အပစ်အခတ် ရပ်စဲရေး အမြန် လက်မှတ်ထိုးလိုတဲ့ အဖွဲ့နဲ့ တပ်ပေါင်းစုတွေ စုပေါင်း တောင်းဆိုနေကြတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ် အရေးတွေကို ခိုင်ခိုင်မာမာနဲ့ အာမခံချက် ရရှိပြီးမှ လက်မှတ်ထိုးလိုတဲ့ သဘောကွဲမှုတွေ ရှိနေတယ်လို့ နီးစပ်သူတွေဆီက တဆင့် ကြားသိနေရပါတယ်။
စက်တင်ဘာ လလယ်ပိုင်းမှာ ပြုလုပ်မယ့် KNU ဗဟို ဆွေးပွဲပြီးရင် အများ မျှော်လင့်ထားကြသလို UNFC နဲ့ KNU တို့ ပြန်လည် ပေါင်း စည်း နိုင်မလား၊ မျှော်လင့်ချက်တွေရဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။ ။