၁၉၈၀ အစောပိုင်း နှစ်များ အတွင်းတွင် ကျနော့် ကျောင်းနေဖက်တွေက ရန်ကုန်မြို့က ရွှေတောင်ကြားမှာ နေသည်ဟု ပြောပြခဲ့လျှင် သူတို့သည် မျက်နှာကြီး အသိုင်းအဝိုင်း မိသားစုမှ ဆိုသည်ကို ကျနော် ချက်ချင်းတွေးမိမည် ဖြစ်သည်။
ထိုအချိန်က အဆင့်အတန်းနှင့် ဈေးနှုန်း မြင့်မားလှသည့် ၎င်းနေရာကို “ဗိုလ်ချုပ်ရွာ” ဟု ကျနော်တို့ ခေါ်ခဲ့ကြသည်။
အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် အစိုးရနှင့် တပ်မတော်မှ ထိပ်တန်းအရာ ရှိပေါင်းများစွာ နေထိုင်ကြ၍ ဖြစ်သည်။
ဆယ်စုနှစ် ၃ ခုကျော် ကြာမြင့်ခဲ့ပြီးသည့် ယခုအချိန် တိုင်အောင်လည်း ထိုနေရာသည် ရန်ကုန်မြို့ရှိ အခွင့်ထူးခံ တချို့၏ နေရာ ဖြစ်နေဆဲ ရှိသေးသည်။

သို့သော်လည်း ယနေ့ အချိန်တွင် အဆိုပါနေရာ၌ လာရောက်ငှားရမ်း ရုံးစိုက် နေထိုင်ကြသူများ ရှိလာသည်။
၎င်းတို့မှာ ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးကာလ လွန်မြောက်ပြီးနောက် ကိုယ့် ခြေထောက်ပေါ် ကိုယ် ပြန်ရပ်နိုင်ရန် ကြိုးစားနေသည့် မြန်မာနိုင်ငံကို ကူညီရန် ရောက်ရှိလာကြသော ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများမှ နိုင်ငံခြားသား အရာရှိများ ဖြစ်ကြသည်။
သူတို့၏ အိမ်ပိုင်ရှင်များသည် တိုင်းပြည်၏ စီးပွားရေး ဆုတ်ယုတ်ပျက်စီးသွားသည့် အချိန်တွင် ကြီးပွား ချမ်း သာလာ ကြသည့် ဗိုလ်ချုပ်ကြီးများပင် ဖြစ်ကြောင်း ပြောပြရန် လိုမည် မဟုတ်ပါ။
အကူအညီပေးရေး ကဏ္ဍ ရှိနေသည့် နိုင်ငံတိုင်းတွင် အကူအညီပေးသော ငွေကြေးများကို မည်သို့ သုံးစွဲ သည် ဆိုခြင်းက အငြင်းပွားဖွယ်ရာ ဖြစ်သည်။
ပုံမှန်တွေ့နေကျ စောဒကတက်မှုမှာ နိုင်ငံတကာ ဝန်ထမ်းများနှင့် အကြံပေး များက ဘဏ္ဍာငွေ၏ အများစု အချိုးအစားကို ရရှိကြပြီး စုစုပေါင်းပမာဏ၏ အစိတ်အပိုင်း တခုမျှကိုသာ အကူအညီ အလွန် လိုအပ် နေသူများက ရရှိကြသည် ဟူ၍ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အကူအညီ ပေးရေး ရန်ပုံငွေများ သုံးစွဲမှုနှင့် ပတ်သက်၍ စိုးရိမ်ကြသူများက အဓိက ပူ ပန်သည့် အကြောင်း တခုမှာ တိုင်းပြည်၏ စီးပွားရေးသည် တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်များ၊ အငြိမ်းစား စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ မိသားစုများနှင့် ခရိုနီများ၏ လက်ထဲတွင်သာ ရှိနေသေးခြင်းပင် ဖြစ်သည်။
ဥပမာ ပြရလျှင် ရန်ကုန်မြို့မှာ အဆောက်အဦး မြေယာပိုင်ဆိုင်မှု ပစ္စည်း (property) ၆၀ ရာခိုင်နှုန်းသည် ပြည်သူ လူထု၏ အခြေခံ အခွင့်အရေးများကို ၁၀ စုနှစ်များစွာ ငြင်းပယ် ဖိနှိပ်ခဲ့သည့် စစ်အာဏာရှင် အစိုးရကြောင့် ကြီးပွား ချမ်းသာခဲ့ရသူ လက်တဆုပ်စာ၏ လက်ထဲတွင်ရှိနေသည် ဟု ယုံကြည်ရသည်။
ထိုအဖြစ်၏ အကျိုးဆက် တခုမှာ ရန်ကုန်မြို့မှ အိမ်ခြံမြေ ငှားရမ်းခ ဈေးနှုန်းများ မတက်သင့်ဘဲ အလွန် အမင်း မြင့်တက်သွားရခြင်း ဖြစ်သည်။
ဧရာဝတီက ပြီးခဲ့သည့် မေလအတွင်းက စုံစမ်းချက်အရ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (Unicef) သည် ရွှေတောင်ကြား ရပ်ကွက်အတွင်းရှိ အိမ်တလုံး ငှားရမ်းခ အတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ပေးချေ နေရကြောင်း တွေ့ရှိရသည်။
အဆိုပါအိမ်ကို ၂၀၁၁ ခုနှစ် အထိ အုပ်ချုပ်ခဲ့သော စစ်အစိုးရ လက်ထက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ညွန့်တင်က ပိုင်ဆိုင်သည်။
အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တန်သည့် နိုင်ငံခြားငွေ လဲလှယ်မှုနှင့် သွင်းကုန်လိုင်စင် ကိစ္စတွင် မရိုးမသား ပြုလုပ်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ၂၀ဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ညွန့်တင်ကို ရာထူးမှ ထုတ်ပယ် ခဲ့သော်လည်း လက်ရှိ ဈေးကွက်ပေါက်ဈေး အရ အမေရိကန် ဒေါ်လာ ၂၇ သန်းခန့်တန်ပြီး Unicef ကို ငှားရမ်းထားသည့် ခြံဝင်း အပါအဝင် တရားမဝင် နည်းလမ်း ဖြင့်ရရှိခဲ့သည့် ပိုင်ဆိုင်မှုများကို ဆက်လက် ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။
ဦးညွန့်တင်သည် ဥရောပသမဂ္ဂ (EU) အဖွဲ့ကြီး၏ ပိတ်ဆို့ အရေးယူမှု (Sanction) စာရင်းထဲသို့ ၂၀ဝ၆ တွင် ထည့်သွင်းခြင်း ခံခဲ့ရပြီး ထိုစာရင်းထဲတွင် သူရော သူ့မိသားစုပါ ပါဝင်နေသည်ကို တွေ့ရှိရသည်။ ၂၀၁၂ တွင် EU က Sanction ကို ဖြုတ်လိုက်မှသာ စာရင်းမှ ပယ်ဖျက်ခံခဲ့ရခြင်း ဖြစ်သည်။
Unicef ၏ တုံ့ပြန်ချက်မှာမူ ၎င်းတို့ငှားရမ်းခဲ့သော အိမ်ပိုင်ရှင် ဦးညွန့်တင် မိသားစုသည် ပိတ်ဆို့အရေးယူမှု စာရင်းထဲတွင် မပါခဲ့ကြောင်း၊ ထို့အပြင် ပြည်တွင်းတွင်လည်း ပြစ်မှုပြစ်ဒဏ် စီရင်ခံခဲ့ရခြင်း မရှိကြောင်း ဖော်ပြထား သည်။ Unicef အနေဖြင့် အသေအချာ လေ့လာဆန်းစစ် စုံစမ်းပြီးမှသာ သေချာငှားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယမန်နှစ်က ထုတ်ပြန်ခဲ့သော Unicef ၏ အစီရင်ခံစာ တစောင်တွင် ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ် ကို တိုးမြှင့်ရန် မြန်မာအစိုးရကို တိုက်တွန်းထားသည်။ အရပ်သားအမည်ခံ အစိုးရတက်လာပြီး နောက်ပိုင်း တွင် အဆိုပါ အသုံးစရိတ်များကို တိုးမြှင့်ခဲ့သော်လည်း တိုင်းပြည် GDP ၏ ၂ ရာခိုင်နှုန်းထက် နည်းနေ ကြောင်း လည်း ခန့်မှန်းခဲ့ကြ သည်။
“Unicef က လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက် ထောက်ခံနေတဲ့ အခုအချိန်ဟာ ကလေးငယ်တွေ အတွက် အသုံးပြုရမယ့် အချိန်ပါပဲ” ဟု Unicef ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Bertrand Bainvel က ပြောကြားခဲ့သည်။
မြန်မာ အစိုးရ၏ ဦးစားပေးမှု နေရာလွဲနေခြင်း အပေါ် Unicef အကဲဖြတ်မှုက မှန်ကန်သော်လည်း ၎င်းကိုယ် တိုင်၏ မြန်မာနိုင်ငံ အတွင်း ငွေကြေးသုံးစွဲမှုသည် လိုချင်တပ်မက်စိတ် ကြီးသည့် စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ ခရိုနီများကြောင့် ရှုပ်ထွေးပွေလီ ပြီး ပုံသဏ္ဌန် မမှန်သော စီးပွားရေး၏ လောင်းရိပ်မှ လွတ်အောင် ရှောင်ရှား နိုင်ခဲ့ခြင်း မရှိပေ။
ထိုကဲ့သို့ ဖြစ်ရခြင်းသည် Unicef တဖွဲ့တည်း မဟုတ်ပါ၊ ဧရာဝတီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သို့ မေးမြန်းကြည့် သည့်အခါ ရန်ကုန်မြို့၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ ၎င်းတို့၏ ရုံးများ အတွက် အဆောက်အဦ ငှားရမ်းခ တလလျှင် အမေရိကန်ဒေါ်လာ ၇၉၀ဝ၀ ပေးချေနေရကြောင်း ပြောကြားခဲ့သည်။

ထိုပမာဏသည် WHO ၏ မြန်မာနိုင်ငံအတွက် တနှစ်တာအသုံးစရိတ် အမေရိကန် ဒေါ်လာ ၉ သန်း၏ ၁၀ ပုံ ၁ ပုံထက် ကျော်လွန်နေသည်။
WHO မှ သတင်းထုတ်ပြန်ချက် တခု၏ အဆိုအရ အဆောက်အဦပိုင်ရှင်၏ အမည်မှာ ဒေါ်ခင်နွယ်မာထွန်း ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း မည်သူက အမည်ပေါက် ပိုင်ဆိုင်သည် ဖြစ်စေ အစစ်အမှန် ပိုင်ဆိုင်သူမှာ ယခင် စစ်အစိုး ရနှင့် အဆက်အသွယ်ရှိသူ တစုံယောက်သာ ဖြစ်ဖွယ်ရှိပါသည်။
စစ်ခေါင်းဆောင် ဟောင်းများ၊ ဗိုလ်ချုပ်ဟောင်းများ၊ နာမည်ဆိုးနှင့် လူထုကြားတွင် လူမုန်းများသော သူဌေး ကြီး များ သည် သူတို့ နာမည်ရင်းများ မသုံးဘဲ တခြားသူများ၏ နာမည်များဖြင့် ဘဏ်စာရင်းဖွင့်ကာ မြေယာ များ၊ ကုမ္ပဏီများ ပိုင်ဆိုင်ထားကြသည်ကို အားလုံးက သိကြသကဲ့သို့ စောင့်ကြည့်ရေး အဖွဲ့များ ကလည်း လေ့လာနေကြဆဲ ဖြစ်သည်။
ဝေစုခွဲခြင်း
စစ်အစိုးရ အာဏာမစွန့်မီက စစ်အစိုးရအဖွဲ့တွင် ဒုတိယ အာဏာအရှိဆုံး ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ကို ခွဲဝေခိုင်းခဲ့သည်ဟု မြန်မာနိုင်ငံမှ အချမ်းသာဆုံး လုပ်ငန်းရှင်များထဲမှ တဦးက ကျနော့်ကို ယမန်နှစ်က ပြောပြသည်။
သူတို့၏ရှေ့တွင် ရန်ကုန်မြို့၏မြေပုံကို ဖြန့်ချပေးပြီး အကောင်းဆုံး အိမ်ခြံမြေနေရာများ ရွေးချယ်ရန် အာဏာပြင်း သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ကြောင်း သိရသည်။
သူတို့ကလည်း ယခုအခါတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိနေပြီ ဖြစ်သော ပိုင်ဆိုင်မှု နေရာကောင်းများကို ရယူရန် အတွက် အချိန် မဖြုန်းခဲ့ကြပါ။
ထိုငွေအလွှဲအပြောင်းများ သို့မဟုတ် ငှားရမ်းခ ဝင်ငွေများ၏ နောက်ဆက်တွဲ အကျိုးအမြတ် များသည် နိုင်ငံ တော် ဘဏ္ဍာတိုက် အတွင်းသို့ ဝင်ရောက်လာခြင်း မရှိသည့် အဖြစ်က ပိုပြီးဆိုးသည့် ကိစ္စဖြစ်သည်။
အိမ်ခြံမြေ ပိုင်ဆိုင်သူ များ၏ ၈၀ ရာခိုင်နှုန်းကျော်က အိမ်ခြံမြေ ငှားရမ်းခများ အတွက် ဝင်ငွေခွန် ပေးဆောင် ရန် နှစ်ပေါင်းများစွာ ရှောင်လွှဲနေခဲ့သည် ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဇွန်လ အတွင်းက ပြောခဲ့သည်။
သယံဇာတ အရင်းအမြစ် ကြွယ်ဝချမ်းသာပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားကို ဆွဲ ဆောင်နေ သည့် မြန်မာနိုင်ငံသည် လာမည့် နှစ်များအတွင်း နိုင်ငံခြား အကူအညီ အထောက်အပံ့များက ဆက်လက် ဝင်ရောက် လာဦးမည် ဖြစ်သည်။
အမှီအခိုကင်းမှုကို ဂုဏ်ယူသည့် နိုင်ငံတခု အနေဖြင့် ယခုကိစ္စက စိတ်ပျက်စရာ ဖြစ်သော်လည်း ဖွံ့ဖြိုးရေး လုပ်နေသော ကျနော့် မိတ်ဆွေများ အတွက်တော့ သတင်းကောင်းဖြစ်သည်။
တချို့သော ကုမ္ပဏီများ အတွက် နိုင်ငံခြား အကူအညီ ဈေးကွက်က အလွန်တရာ အကျိုးအမြတ် ဖြစ်ထွန်း စေသည်။
ဥပမာတခု ပြောလိုသည်မှာ ၂၀၁၀ ခုနှစ်တွင် ဝါရှင်တန်အခြေစိုက် ပုဂ္ဂလိက ဖွံ့ဖြိုးရေး လုပ်ငန်း ကုမ္ပဏီ Development Alternatives Inc. (DAI) သည် ကမ္ဘာတလွှားရှိ နိုင်ငံများသို့ ဖွံ့ဖြိုးရေး အကူအညီများ ဖြန့် ဝေပေးရန် အတွက် နိုင်ငံရပ်ခြားသို့ အရပ်ဘက် ဆိုင်ရာ အကူအညီများ ပေးနေသည့် အမေရိကန် အစိုးရ အဖွဲ့အစည်းဖြစ်သော USAID မှ အမေရိကန် ဒေါ်လာ သန်း ၃၈၀ ကျော်တန်ဖိုး ရှိသည့် ကန်ထရိုက် ရရှိခဲ့ သည်။
ရန်ကုန်မြို့မှ DAI ၏ရုံးသည် ရွှေတောင်ကြား ရိပ်သာ အမှတ် 70 (P) တွင်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ထောက် လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဆွေမျိုးများ ပိုင်ဆိုင်သည့် အဆောက်အဦ ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် စစ်အစိုးရကို ဆန့်ကျင်သူများအား ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်ခြင်းများကို အဓိက တာဝန်ယူ လုပ်ဆောင်ခဲ့သူ ဖြစ်သည့် အတွက် “မိစ္ဆာမင်းသား” ဟု ထိုအချိန်က နာမည်ရခဲ့သူ ဖြစ်သည်။

လွတ်လပ်သော လူ့အခွင့်အရေး အကြံပေးပညာရှင် Jonathan Hulland က ဧရာဝတီ အတွက် ရေးသား ပေးခဲ့သော အတွေးအမြင် ဆောင်းပါးတပုဒ်တွင် ယခင် စစ်အစိုးရ၏ သားကောင် ဖြစ်ခဲ့ရသူများ အတွက် ရည်ရွယ်သည့် ငွေကြေးများ နေရာလွဲမှား ရောက်ရှိသွားမှုကို မေးခွန်းထုတ်ခဲ့သည်။
“ဒီလို ဆိုးရွားရက်စက်ခဲ့သူတွေကို ပိုမိုချမ်းသာစေမယ့်အစား နိုင်ငံတကာ အကူအညီပေးရေး ကဏ္ဍအနေနဲ့ မြန်မာတွေကို အတိတ်က အာဏာရှင် စနစ်ဆိုးနဲ့ ကင်းပြတ်အောင်ကူညီဖို့ တာဝန်ရှိတယ် မဟုတ်လား” ဟု သူကဆိုခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။ ။
(အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသော ဧရာဝတီ မဂ္ဂဇင်းတွင် ဖော်ပြထားသည့် အောင်ဇော်၏ Trickle Town ဆောင်းပါး ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
ဆက်စပ်ဆောင်းပါး