Environment

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း သမ္မတထောက်ခံရန် ထိုင်းကုမ္ပဏီ တိုက်တွန်း

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ အခြေစိုက် ကော်ပိုရေးရှင်းတခုက မွန်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံလူထုက ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် မြန်မာအစိုးရ၏ ခွင့်ပြု ထောက်ခံမှု ရရှိရေး ထိုင်းကုမ္ပဏီက တောင်းခံလိုက်သည်။

Toyo-Thai Corporation Public Company Limited (TTLC) သည် ရေးမြို့နယ် အင်ဒင်ကျေးရွာ၌ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိ ၁၂၈၀ မဂ္ဂါဝပ် အင်အားရှိ ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ ဆက်သွယ်၍ သမ္မတရုံး ခွင့်ပြုချက်ရရှိရန် ဩဂုတ်လ အစောပိုင်းက ပြောဆိုခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် စီမံရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးစန်းကလည်း “ကျနော်တို့ ဆီကို တင်ပြတောင်းဆိုလာတဲ့ ဘယ်ကုမ္မဏီရဲ့ တောင်းဆိုချက်ကို မဆို ကျနော်တို့က အထက်ကို ဆက်လက်တင်ပြ ပေးသွားမှာပါ” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် တည်ဆောက်ပြီး ဖြစ်သော ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ၂ ခုရှိသည်။

ဦးအေးစန်းက သမ္မတရုံး အနေဖြင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ဆက်လက် တိုးချဲ့ တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း၊ သမ္မတရုံး ခွင့်ပြုမိန့် ရယူပြီးပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအစိုးရများ၏ ထောက်ခံ ခွင့်ပြုချက် ကိုလည်း ရယူရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောသည်။

ရေးမြို့နယ်ရှိ လူထုအခြေပြု အဖွဲ့အစည်း ဖြစ်သည့် Ye Social Service (ရေးလူမှုအကျိုးဆောင် အဖွဲ့) က Toyo-Thai ၏ မွန်ပြည်နယ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ကန့်ကွက်ရန် လူထု၏ ကန့်ကွက်လက်မှတ်များ ကောက်ယူရေး စည်းရုံး လှုံ့ဆော်မှုများ စတင်နေပြီ ဖြစ်သည်။

“ကျနော်တို့ ဒီအင်းဒင်ရွာမှာမှ မဟုတ်ပါဘူး၊ တနိုင်ငံလုံးရဲ့ ဘယ်နေရာမှာ မဆို ဒီလို ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ ဆောက်မှာ မလိုလားပါဘူး” ဟု ရေး လူထုအကျိုးပြု အဖွဲ့အစည်းမှ ဆက်သွယ်ရေး အရာရှိဖြစ်သူ ကိုနီသွေးမှ ပြောကြားခဲ့သည်။

“ကျောက်မီးသွေးမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ကျနော်တို့ သဘာဝဓာတ်ငွေ့သုံး စက်ရုံလောက်ဆို လက်ခံနိုင်ပါတယ်။ အခုလို ကျောက်မီးသွေးသုံး စက်ရုံမျိုးကျတော့ ပတ်ဝန်းကျင်ကို ၂ ဆပိုပြီး ဆိုးကျိုးဖြစ်စေတာ ကြောင့်ပါ” ဟု ဆက်လက်ပြောဆိုသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီးနောက်တွင် မွန်ပြည်နယ် အစိုးရထံသို့  စီမံကိန်းအား ကန့်ကွက်သည့် အစီရင်ခံစာကို တင်ပြခဲ့သည်။

“ပြည်နယ် အစိုးရကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကို ဘာမှတော့ မပြောသေးဘူး။ ကျနော်တို့ က ဒီစီမံကိန်းကို လက်မခံဖို့ ရှင်းပြထားပါတယ်။ ဒီစီမံကိန်းကြောင့် လူတွေ ဆိုးကျိုး ဖြစ်လာနိုင်တာမို့ အစိုးရက ဒါကို လက်မခံသင့်ပါဘူး” လို့ ပြောပါတယ်။

အလားတူ ကော့သောင်းမြို့ ရွှေပြည်သာနှင့်အေးရိပ်ငြိမ် ရပ်ကွက်အကြားရှိ ၈ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသည့် မီးခိုးငွေ့များ၊ ပြာမှုန့်များကြောင့် အနီးဝန်းကျင်ရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ သက်ကြီးရွယ်အိုများအား ကျန်းမာရေး ထိခိုက်စေသဖြင့် ဒေသခံများက ကန့်ကွက်မှုများ ရှိခဲ့သည်။

ပြည်နယ်အစိုးရက အကြောင်းပြန်ခြင်း မရှိပါက သမ္မတရုံးနှင့် ပြည်ထောင်စု လွှတ်တော်သို့ ကန့်ကွက်လွှာကို ဆက်လက် တင်ပြသွားမည်ဟု ၎င်းက ဆက်ပြောသည်။ “ပြည်နယ်အစိုးရရဲ့ ဒီစီမံကိန်း အပေါ်ထားတဲ့ သဘောထား က လွှတ်တော်အတွက် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အရမ်း အရေးကြီးပါတယ်” ဟုလည်း ပြောခဲ့သည်။

Toyo-Thai သည် ရန်ကုန်တိုင်း သီလဝါအထူး စီးပွားရေးဇုန်အတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် ကြိုးပမ်းခဲ့သော်လည်း ရန်ကုန်တိုင်း အစိုးရမှ စီမံကိန်းအတွက် မြေနေရာရယူရန် အခက်အခဲ ရှိခြင်းကြောင့် တည်ဆောက်ခွင့် မရခဲ့ပေ။

အဆိုပါ ထိုင်းနိုင်ငံအခြေစိုက် ကော်ပိုရေးရှင်းသည် ထိုင်းနိုင်ငံ၏ ကန်ထရိုက်တာများထဲမှ အကြီးဆုံး တခုဖြစ်သော  အီတာလျံ-ထိုင်း Development နှင့် ဂျပန်နိုင်ငံ အင်ဂျင်နီယာ ကုမ္မဏီကြီး တခုဖြစ်သည့် Toyo Engineering Corporation တို့ ဖက်စပ်လုပ်ကိုင်သော လုပ်ငန်းဖြစ်သည်။ ထိုကော်ပိုရေးရှင်းသည် မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနနှင့် ၂၀၁၂ ခုနှစ်တွင် သဘောတူညီချက် စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနှစ်အတွင်းမှာပင် ရန်ကုန်တိုင်းတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ဖက်စပ်တည်ဆောက်ခဲ့သည်။

ဒေါ်လာ သန်း ၁၇၀ တန်ဖိုးရှိ ထို သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသည် ၂၀၁၃ ဧပြီလတွင် စမ်းသပ် လည်ပတ်ခဲ့ပြီး မျှော်မှန်းထားသည့် ပမာဏ ၁၂၀ မဂ္ဂါဝပ်မှ ၈၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ သွင်းကုန်/ပို့ကုန်ဘဏ်မှ Toyo-Thai အား တည်ဆောက်မှု ကုန်ကျစရိတ်နှင့် လည်ပတ်ရန် ကုန်ကျငွေ ဒေါ်လာသန်း ၁၀ဝ ကို ထုတ်ချေးခဲ့ပြီး ယခုနှစ် ကုန်ပိုင်းတွင် တည်ဆောက်မှု အပြီးသတ်လည်ပတ်နိုင်ရန် ခန့်မှန်းထားသည်။     ။

Loading