မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းမှန်ပေါ် ရောက်ပြီလော ဟူသော မေးခွန်းပေါ်လာတိုင်း အရင်းပြန်စစ်ကြ သည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ နည်းကျ၊ မကျနှင့် ယင်း အခြေခံဥပဒေအရ တက်လာသော အစိုးရ၏ လည်ပတ်မှု မှန်၊ မမှန်ဟူသော အချက်များ ဖြစ်သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ကျရောက်ပြီးစတွင် ဆန္ဒမဲများ ဇွတ်ကောက်ကာ ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံသည် ဟု အစိုးရက ကြေညာခဲ့ခြင်း အပေါ် ပြည်သူများရော နိုင်ငံတကာကပါ မယုံကြည်ခဲ့ပါ။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအနေဖြင့် အတော်အတန် ပျော့ပြောင်းသော ပြုပြင်ပြောင်းလဲရေးများ ကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ၏ ထောက်ခံအားပေးမှုကို အထိုက်အလျောက် ရရှိခဲ့သည်။ သို့သော် စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်သို့ ပြုပြင်ပြောင်းလဲရေး ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် ဖြစ်ထွန်းနေသည်ဟု ပြောမရသေးပေ။
အကြောင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တက်လာသည့် ဆိုသည့် သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် လုပ်ပိုင်ခွင့်များ၊ နိုင်ငံတော် အာဏာများ အပ်နှင်းရာတွင် ဒီမိုကရေစီ စံနှုန်းများမှ လွဲချော်မှုများ ရှိနေသည်။
လွှတ်တော် အသီးသီးတွင် ဥပဒေပြု အမတ် ၄ ပုံ ၁ ပုံကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ခွင့် ရှိနေခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ အတွက် ဝန်ကြီးနှင့် ဒုဝန်ကြီး နေရာ များအတွက် သမ္မတက ရွေးချယ်ခန့်အပ် ပိုင်ခွင့် မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသော တပ်မတော်သားများ ကိုသာ သမ္မတက ခန့်အပ်ခွင့် ရှိနေခြင်း၊ အရေးပေါ် အခြေအနေတွင် နိုင်ငံတော်၏ ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှု အာဏာနှင့် တရားစီရင်မှု အာဏာ သုံးရပ်စလုံးကို သမ္မတက ကာချုပ်ကို လွှဲအပ်ပေးရန် ပြဋ္ဌာန်းထားခြင်းများ ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ပြည်သူများက သဘောတူသည့်တိုင် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက် လိုအပ်နေခြင်း ကလည်း ဒီမိုကရေစီနည်း မကျပါ။
ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ မှာလည်း ပြည်သူများက ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ သမ္မတက ခန့်အပ်ခြင်း ဖြစ်၍ ပြည်သူ့ထံ သစ္စာခံခြင်း မဟုတ်၊ အာဏာရပါတီနှင့် စစ်တပ်က အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာများကို ခွဲဝေယူထားသည့်ပုံစံ ဖြစ်နေသေးသည်။ ထို့ကြောင့် စစ်မှန်သော ဒီမိုကရေစီအဖြစ် ထပ်ဆင့် အသွင်ပြောင်းရေးတွင် မှန်ကန်စွာ ဖွဲ့စည်းထားသော အစိုးရတရပ် ပေါ်ပေါက် လာရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အနှေးနှင့်အမြန် လုပ်ဆောင်ရန် လိုအပ်သည်။
သို့မှသာ စစ်အာဏာရှင် လက်ထက် စိတ်ကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ပြည်သူများ အပေါ် အုပ်ချုပ်သည့် အစိုးရမှ ပြည်သူများ၏ ဆန္ဒဖြင့် ရွေးချယ် ခန့်အပ်ကာ စီမံခန့်ခွဲပေးမည့် စစ်မှန်သော အစိုးရဆီသို့ ပြောင်းလဲ နိုင်ပေမည်။
ယင်း ပြုပြင်ပြောင်းလဲမှုမှ တဆင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ယုံကြည်မှုကို အပြည့်အဝ ရရှိနိုင်မည် ဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းသို့ ရောက်ရှိကာ နောက်ပြန် မလှည့်တော့သည့် နိုင်ငံတနိုင်ငံ ဖြစ်လာပေမည်။ တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး၊ ထာဝရငြိမ်းချမ်းမှု ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်စနစ် ဖြစ်ပေါ်နိုင်ရေးနှင့် အချိုးညီသော တိုးတက်သည့် နိုင်ငံတနိုင်ငံ ဖြစ်လာစေရေး အတွက် အခြေခံကျသော ပြောင်းလဲမှုမှာ ပြည်သူ့ဆန္ဒနှင့် အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုပေါ် ထွက်ပြီး ကျင့်သုံးရေး သည်သာ သော့ချက်အခရာ ဖြစ်သည်။
ပြည်ထောင်စု အစိုးရအဖွဲ့ အကြီးအကဲ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲများမှသည် မြို့တော်ဝန်များ အထိ စစ်မှန်သော ပြည်သူ့ဆန္ဒအရ ရွေးချယ်ပေးလိုက်သူများ ဖြစ်လာ စေမည့် ဖွဲ့စည်းပုံ အခြေခံတရပ် ပေါ်ပေါက်ရေးကို အနှေးနှင့်အမြန် လုပ်ဆောင်သင့်ကြပြီဟု တိုက်တွန်းရေးသားအပ်ပေသည်။ ။