ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ တောင်ကို ပထမဆုံး အကြိမ် တက်ရောက်သည့် မြန်မာ လူမျိုးများသာ ပါဝင်သော ခြေလျင် တောင် တက် အဖွဲ့သည် လမ်းကြောင်း အခြေအနေနှင့် ရာသီဥတု အခြေအနေကြောင့် ဆက်သွယ်ရေး ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တောင်တက်အဖွဲ့မှ အမျိုးသား ၂ ဦးသည် အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်ကို သြဂုတ်လ ၃၁ ရက် ညက ရောက်ရှိသွားကြောင်း၊ ရာသီဥတု အခြေအနေကြောင့် ဖုန်းအဆက်အသွယ်များ မရရှိခဲ့ကြောင်း၊ တခါတရံ၌ လမ်းလျှောက် စကားပြောစက် (Walkie-talkie) ဖြင့်သာ တောင်ခြေရှိ စခန်းကို ဆက်သွယ်၍ရခဲ့ကြောင်း တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့် က ဧရာဝတီသို့ ပြောသည်။
“တကယ်တက်တာကတော့ မြန်မာအမျိုးသား ၈ ဦးပါ။ တောင်ထိပ်ကိုတော့ ၂ ဦးပဲ ရောက်သွားပါတယ်။ ကျန် ၆ ဦးကတော့ တောင် လယ်မှာ ကျန်ခဲ့တယ်။ အခုတော့ တောင်အောက်ကို ဆင်းလာပါပြီ။ ဘာအန္တရာယ်မှ မရှိကြပါဘူး။ Walkie talkieနဲ့ ကတော့ အဆက်အသွယ်ရှိပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။
ခါကာဘိုရာဇီ တောင်ထိပ်သို့ ရောက်ရှိသွားသည့် တောက်တက်သမား ၂ ဦးမှာ အောင်မြင့်မြတ် နှင့် ဝေယံမင်းသူ တို့ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနစ်တွင်လည်း အမျိုးသမီး ခြေလျင်တောင်တက်များ ပါဝင်ကာ ခါကာဘိုရာဇီ တောင်ခြေကို ခြေလျင်လျှောက်ရန် စီစဉ်ထား ကြောင်းကိုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ယင်း မြန်မာ အမျိုးသား ၈ ဦးအဖွဲ့သည် စက်တင်ဘာ ၂၀ ရက် နောက်ပိုင်း ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိရန် ရည်မှန်းထားကြောင်းလည်း သိရသည်။
ခါကာဘိုရာဇီ တောင်ထိပ်သို့ ၁၉၉၆ ခုနှစ်တွင် မြန်မာ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်း တောင်တက်အဖွဲ့က တက်နိုင်ခဲ့ပြီး ဂန်လန်ရာဇီ တောင်ထိပ်ကို ယမန်နှစ်က မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့က တက်နိုင်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံတွင် ရေခဲတောင်ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ဖြစ်ပြီး ခါကာဘိုရာဇီ၊ ဂန်လန် ရာဇီ စသော တောင်များမှာ အမြင့်ဆုံး ဖြစ်ကြသည်။
နီပေါ နိုင်ငံ ဟိမဝန္တာ တောင်တန်းတွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သော ဧဝရက် တောင်(Everest) သို့ မြန်မာနိုင်ငံ သား ၅ ဦး ယခုနှစ် မတ်လတွင် ပထမဆုံးအကြိမ် တက်ရောက်ရန် ထူးဖောင်ဒေးရှင်း အဖွဲ့မှ စီစဉ်ခဲ့သော်လည်း ရာသီဥတု ဒဏ်ကြောင့် အစီအစဉ်ဖျက်ခဲ့ရကြောင်း သိရသည်။