ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လက်ပ်ယန်းဆိုတဲ့ စားသောက်ဆိုင်မှာ ငါးနှစ်နီးပါးကြာအောင် စားပွဲထိုး အလုပ်လုပ်နေရင်း အခုအခါမှာတော့ စားပွဲထိုးအလုပ်အပြင် ထိုင်းနိုင်ငံရဲ့ အွန်လိုင်းရှော့ပင်း (Online shopping) တွေမှာ မော်ဒယ်လ် တယောက်အနေနဲ့ လူသိများ ထင်ရှားလာသူ နမ်းနွတ်ဆိုတဲ့ ရှမ်းတိုင်းရင်းသူလေးဟာ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ ၇ နှစ်ကျော် ၈ နှစ်ကာလ၊ သူ့အသက် ၁၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ နမ်းနွတ်ဟာ သူ့ရဲ့ သဘာဝကပေးတဲ့ ချောမောလှပတဲ့ ရုပ်သွင်ပြင် ကြောင့်အပြင် အခုလို ထိုင်းနိုင်ငံမှာ အောက်ခြေ အလုပ်သမားဘဝနဲ့ ရပ်တည်ခဲ့ရာကနေ အွန်လိုင်းစာမျက်နှာထက် နာမည်ကျော်ကြားလာမှု တွေကြောင့် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံသတင်းဌာနတွေရဲ့ အင်တာဗျူးကဏ္ဍတွေမှာပါ သူ့အကြောင်းကို တွေ့ဆုံမေးမြန်းခြင်းတွေ လက်ခံလာရပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနဲ့ ဆီဆိုင် ကြားမှာရှိတဲ့ ကွန်နန်းရွာလေးမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံမှာ ဆယ်တန်းပညာအထိ သင်ကြားခဲ့ကာ ဆယ်တန်း ကျတဲ့အခါမှာတော့ မိသားစုစီးပွားရေး အခြေအနေကြောင့် သူအသက် ၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ သူ့မိခင်ထံ လိုက်လာပြီး အလုပ်လုပ်ခဲ့တာလို့ သိရပါတယ်။ မွေးချင်းညီအမ ၃ ယောက်မှာ အငယ်ဆုံးသမီးဖြစ်တဲ့ နမ်းနွတ်ဟာ မြန်မာပြည်နဲ့ အလှမ်းဝေးကွာခဲ့ရတဲ့အပြင် တိုင်းရင်းသူလည်း ဖြစ်တဲ့အတွက် မြန်မာစကားကို ကြိုးစားအားယူပြီး မစပ်စု မေးမြန်းခဲ့သမျှ ပြောပြသွားခဲ့ပါတယ်။ နမ်းနွတ်ရဲ့ ရုန်းကန်ခဲ့ရတဲ့ အတိတ်အကြောင်းတွေနဲ့ သူ့ရဲ့လက်ရှိဘ၀ တစိတ်တဒေသ အကြောင်းတွေကို သူ့စကားတွေအတိုင်း ဖော်ပြ ပေးလိုက် ပါတယ်။
မေး။ ။ ဘယ်လိုစိတ်ကူး ဘယ်လိုအကြောင်းတွေကြောင့် ဒီ ချင်းမိုင်ကို လာဖြစ်ခဲ့ရတာလဲ။
ဖြေ။ ။ အမေက ဒီမှာနေပြီးတော့ ပိုက်ဆံပို့ပေးရတယ်။ ကျမ ကျောင်းတက်ဖို့ အမေက ပိုက်ဆံပို့ပေးရတယ်။ အဲဒီတော့ အမေ့ကိုသနားတယ်။ အမေက အလုပ်အရမ်းလုပ်ပြီး ပို့ပေးနေရတော့ ကိုယ်ကိုယ်တိုင်ကလည်း အသက် ကြီးပြီပေါ့။ ဆယ်တန်းလည်း ကျရော ၁၇ နှစ်ဆိုတော့ အလုပ်လုပ်ရတော့မယ်ဆိုပြီး ထွက်လာတာ။ အလုပ်အကိုင်ကောင်းရင် ပိုက်ဆံကို အိမ်ပို့ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လာခဲ့တာပါ။ သိတဲ့အတိုင်းပဲလေ အဲဒီဘက်မှာက အလုပ်တွေ ရှားပါးတယ်။ ပိုက်ဆံတွေ ရှားပါးတယ်ဆိုတော့ ဒီကိုပဲ လာကြတယ်။
မေး။ ။ ချင်းမိုင်ကို စစရောက်ချင်းမှာ ဘယ်လို အလုပ်အကိုင်မျိုးတွေကို လုပ်ကိုင်ခဲ့ရလဲ။
ဖြေ။ ။ စစ ရောက်ရောက်ချင်း တလလောက်အကြာမှ အိမ်ဖော် စလုပ်ရတယ်။ သူများနိုင်ငံရဲ့ အတန်းစာလည်း မတတ်ဘူး။ စကားလည်း မတတ်ဘူးဆိုတော့ အခက်အခဲတွေရှိတယ်။ သူများနဲ့ စကားပြောတော့လည်း နားမလည်ဘူးဆိုတော့ အိမ်ဖော်ပဲ သွားလုပ်ပါတယ်။ အိမ်ဖော်က စကားသိပ်မပြောရဘူးလေ။ သူများ ခိုင်းတာတော့ နည်းနည်း နားလည် တယ်ပေါ့။ နားမလည်ရင်လည်း အမေ့ကိုမေးတယ်။ အိမ်ဖော်အလုပ်ကို တနှစ်လောက်ကြာတယ်။ ပြီးတော့ စားသောက်ဆိုင် မှာလည်း ထမင်းဟင်းချက်ရတယ်။ အလုပ်အစုံပဲ လုပ်ဖူးပါတယ်။
မေး။ ။ ဒီလို အလုပ်တွေ လုပ်ရတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။
ဖြေ။ ။ အခက်အခဲ ဆိုတာတော့ အားလုံးပဲ တွေ့ကြမှာပေါ့နော်။ ပန်းကန်ဆေးတာရော၊ ငှက်တူးတာရော အကုန်လုံးပေါ့၊ အစစအရာရာ အကုန်လုံး လုပ်ရတယ်။ သူများရဲ့အကျႌအဝတ်အစား၊ အတွင်းခံကအစ အကုန်လုံး လျှော်ပေးခဲ့ရတယ်။ သူများခိုင်းတာ အကုန်လုံး လုပ်ရတယ်။ ပိုက်ဆံ ရချင်တာကိုး။ တခါတလေ အလုပ်က မကောင်းဘူး။ အိမ်ဖော် သွားလုပ် တာလည်း အိမ်ရှင်က နှိမ်ပြီးဆက်ဆံတယ်။ သူတို့က ဘယ်ကလာတုန်း မေးရင် မြန်မာပြည်က လာတယ်ဆိုရင် သူတို့က တအား ခိုင်းချင်တယ်။ မလုပ်နိုင်တာတွေလည်း ခိုင်းတယ်။ မကောင်းတဲ့သူနဲ့ သွားတွေ့ရင် အဲဒီလိုခံရပါတယ်။ ဒါပေမယ့် ကျမက ကံကောင်းချင်တော့ ဒီဆိုင်မှာ အလုပ်ရတယ်။ ဒီဆိုင်က သူဌေးက သဘောကောင်းတယ်။ အခု ဒီဆိုင်မှာ ငါးနှစ်ရှိပြီ။ မိသားစုလိုဖြစ်နေပြီ။ သူဌေးကိုလည်း ကျမတို့က အမေ၊ အဖေ လို့ပဲ ခေါ်တယ်။
မေး။ ။ အခု ဒီလက်ပ်ယန်း စားသောက်ဆိုင်မှာ တနေ့ ဘယ်နှနာရီ အလုပ်လုပ်ရလဲ။ ပိုက်ဆံဘယ်လောက်ရလဲ။
ဖြေ။ ။ ဆိုင်အလုပ်က မနက် ၁၁ နာရီကနေ ည ၉ နာရီ အထိပါ။ တနေ့ကို ဘတ်သုံးရာရပါတယ်။ သင်္ကြန်တို့၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း အချိန်တို့ဆိုလည်း မုန့်ဖိုး တထောင် နှစ်ထောင် အဲလိုပေးပါတယ်။
မေး။ ။ အဲလို အလုပ်တွေလုပ်ကိုင်ခဲ့ရာကနေ ထိုင်းနိုင်ငံရဲ့ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ဘယ်လိုကြောင့် လုပ်ဖြစ်ခဲ့ ရတာလဲ။ ဘယ်လောက်ကြာပြီလဲ။
ဖြေ။ ။ ဒီဆိုင်ကိုလာတဲ့ ဧည့်သည်တွေက များတယ်လေ။ အဲဒီမှာမှ လာတဲ့ အစ်ကိုကြီးတယောက်က ငါ ဓာတ်ပုံတွေ ရိုက်နေတယ်တဲ့၊ သူက ချင်းမိုင်က ဓာတ်ပုံဆရာ။ ကျမကို ဓာတ်ပုံရိုက်ဖို့ စိတ်ဝင်စားသလားပေါ့။ အဲဒီလို လာမေးတယ်။ ကျမက အဲဒီအလုပ်တွေကို ဝါသနာပါတယ်လေ။ ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ ဓာတ်ပုံရိုက်ချင်တယ်၊ လှလှ ချောချော လေးလည်းဖြစ်ချင်တယ်။ အဲဒါကြောင့် စိတ်ဝင်းစားတယ်လို့ ဆိုတော့ သူက ဘယ်မှာသွားမရိုက်မလဲဆိုပြီး လုပ်ရင်းနဲ့က သူကလည်း ချင်းမိုင်က ဓာတ်ပုံဆရာအဖွဲ့တွေ၊ လူကြီးတွေနဲ့ မိတ်ဆက်ပေးတယ်။ ကျမက ဓာတ်ပုံ ရိုက်ချင်တယ်၊ ဝါသနာပါတယ်ဆိုပြီး လာရိုက်ကြည့်လို့ ရမလားပေါ့။ အဲဒီလို မိတ်ဆက်ပေးရင်းနဲ့ အခုလိုဖြစ်လာတာပါ။ တလကို သုံးလေးရက်လောက် သွားရိုက်ရတယ်။ ဆိုင်က တလကို တရက်ပဲ ပိတ်ပါတယ်။ ဒါပေမယ့် ကျမက ဓာတ်ပုံသွား ရိုက်မယ်ဆိုရင် တလကို လေးရက်လောက် ဆိုင်အလုပ်ကို နားရပါတယ်။ ဓာတ်ပုံ မော်ဒယ်လ် အလုပ်လုပ် လာတာ ၂ နှစ်ကျော်ပါပြီ။
မေး။ ။ ဘယ်လိုကြော်ငြာတွေအတွက် ဓာတ်ပုံတွေ ဓာတ်ပုံတွေရိုက်ပေးခဲ့ရလဲ။
ဖြေ။ ။ ဒီမှာက အွန်လိုင်းက တအား ခေတ်စားတယ်လေ။ အွန်လိုင်းမှာရောင်းတဲ့ အဝတ်အစားတွေ၊ ကလစ်တွေ အစုံပေါ့။ အဲဒီလိုမျိုးအတွက် မော်ဒယ်လ်အနေနဲ့ ရိုက်ပေးရတာပါ။ ဒီ ချင်းမိုင်မှာရှိတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေက လာပြီးတော့ ဓာတ်ပုံရိုက်တယ်။ သတင်းလာလုပ်တယ်။ အင်တာဗျူးတွေ လာလုပ်ကြတယ်။
မေး။ ။ သတင်းဌာနတွေက အင်တာလာဗျုးကြတယ်ဆိုတော့ ဘယ်သတင်းဌာနတွေလဲ။ သူတို့က ဘာတွေမေးကြလဲ။ ဘာတွေပြန်ဖြေဖြစ်လဲ။
ဖြေ။ ။ ထိုင်းတီဗီ Channel 3 နဲ့ Channel 7 ၊ Channel 9 … နောက် TNN Channel … အစုံပါပဲ။ သူတို့က ဘယ်ကလာတုန်း၊ ဒီမှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီတုန်းလို့ မေးကြတယ်။ ဒီလို ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အခက်အခဲတွေ ဘယ်လို ဖြတ်ကျော်သွားနိုင်လဲပေါ့။ ဘာကြောင့် ဒီထက်ပိုပြီး ကောင်းတဲ့အလုပ်တွေ သွားမလုပ် ဘူးလားပေါ့။ ဘီယာငဲှ့ပြီး ရောင်းရတဲ့ မိန်းကလေးတွေလို မလုပ်ဘူးလားပေါ့၊ အဲဒီမှာ ပိုက်ဆံ များများရတယ်လေပေါ့။ အဲဒီလိုတွေ မေးကြတယ်။ ကျမက ကိုယ့်အင်ကိုယ့်အားနဲ့ပဲ လုပ်ချင်တယ်လို့။ ဒီလိုလုပ်နေလည်း ထမင်းစားနေရတယ်လို့၊ မပင်ပန်းပါဘူးလို့၊ ဒီလိုလုပ်လည်း လုပ်နိုင်ပါတယ်လို့ ပိုက်ဆံအများကြီးလည်း မမျှော်လင့်ပါဘူးလို့၊ ဒီအလုပ်ကိုပဲ ကျေနပ်ပါတယ်လို့ ပြောဖြစ်ပါတယ်။ ဘီယာငဲှ့တဲ့ မိန်းကလေးတွေက အဝတ်အစားတိုတိုလေးတွေ ဝတ်ပြီး ဧည့်သည် ယောကျာ်နဲ့လည်း ထိုင်ပေးရတယ်။ ပြီးတော့ မုန့်ဖိုးရတယ်ပေါ့။ ကျမတို့ ကျောင်းနေတုန်းကဆိုရင် ထမီတောင် အရှည်ကြီး ဝတ်ခဲ့ရတာ။ ဒီလိုအဝတ်အစားတွေ မရှိဘူးပေါ့နော်။ သူများ လက်ကိုင်တာ ဖက်တာ နမ်းတာလည်း မကြိုက်ဘူးပေါ့။ မလုပ်နိုင်ပါဘူးပေါ့။ နောက် ကျမတို့နိုင်ငံမှာ ဒီလိုမျိုးတွေ မသင်ထားခဲ့ဘူးလို့ ပြောလိုက်ပါတယ်။
မေး။ ။ အွန်လိုင်းကြော်ငြာ ဓာတ်ပုံတွေကြောင့် သတင်းဌာနတွေက အခုလိုလာပြီး အင်တာဗျုးတာတွေ ရှိလာတော့ နမ်းနွတ်ကို ထိုင်းပရိတ်သတ်တွေက ဘယ်လောက်အထိ သိလာကြပြီလဲ။ သူတို့ကရော ဘယ်လောက်အထိ အားပေး ကြလဲ။
ဖြေ။ ။ အခုက လူသိပိုများလာပါတယ်။ ဒီထိုင်းနိုင်ငံက တီဗီချန်နယ်တွေ အကုန်ုလုံးက သူတို့ကြားသိလာတော့ ဒီဆိုင်မှာ မြန်မာနိုင်ငံက ရှမ်းပျိုမေတယောက် အလုပ်လုပ်တယ်ပေါ့၊ မော်ဒယ်လ်လည်း ဖြစ်နေတယ်ပေါ့၊ သူများတွေက လူသိများလာတဲ့ အခါကျတော့ လာကြတယ်။ ဧည့်သည်တွေ အကုန်လုံးလာပြီး ဒီဆိုင်မှာလာပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ ဓာတ်ပုံ လာရိုက်တာတော့ နေ့တိုင်းပဲရှင့်။ သူတို့က မြန်မာပြည်ကလာတဲ့ ကောင်မလေးလား ဓာတ်ပုံရိုက်ချင်လို့ပါ ဆိုပြီးတော့ပေါ့။ လှတယ်ပေါ့။ ဒီမှာ အလုပ်ကြိုးစားပေါ့ ဆိုပြီး အားပေးကြတယ်။ ဒီ့ထက် ကြိုးစားရင် ဒီ့ထက် အောင်မြင်မယ်ပေါ့။ အခုလိုမျိုးက ထိုင်းလူမျိုးတောင် မဖြစ်နိုင်ဘူးလို့ သူတို့က ပြောတယ်။ သမီးက ဒီမှာလာနေပြီး ကြိုးစားနေတာ ဂုဏ်ယူဖို့ကောင်းတယ်ပေါ့။ အားပေးပါတယ်။ တခြားသူတွေက ဓာတ်ပုံမြင်ဖူးကြတဲ့သူတွေ။ အွန်လိုင်းမှာ ဒီအကျႌလေး ကြော်ငြာပေးလို့ရမလား၊ ဒီကလစ်လေး ကြော်ငြာပေးလို့ရမလား၊ ဒီဆိုင်လေး ကြော်ငြာပေးလို့ရမလားဆိုပြီး ရောက်လာကြတယ်။ ဆိုင်ကိုလာကြပြီး ဘယ်ကြော်ငြာမှာ တွေ့ဖူးတယ်ပေါ့။ ဘာလေး ကြော်ငြာထားတာမဟုတ်လားဆိုပြီး မိတ်ဆက်ကြတာလည်းရှိတယ်။ သူတို့ကိုယ်တိုင်လည်း မိတ်ဆက်သလို တခြားသူတွေနဲ့လည်း မိတ်ဆက်ပေးတယ်။ အပေါင်း အသင်းတွေ ရလာပါတယ်။
မေး။ ။ ဒီလို လူသိများ ကျော်ကြားလာတဲ့အပေါ် ဘာပြောချင်လဲ။
ဖြေ။ ။ မလွယ်ပါဘူး။ ဘယ်နိုင်ငံမှာပဲနေနေ ကိုယ့်နိုင်ငံမှာပဲနေနေပေါ့၊ အခက်အခဲရှိတာပေါ့လေ။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာကတော့ ထမင်းနဲ့ဟင်း ဝယ်မစားရဘူးပေါ့။ ကိုယ်စိုက်ပျိုးထားတာတွေ စားလို့ရတာပေါ့။ ဒီနိုင်ငံမှာလာနေတော့ အလုပ်မလုပ်ရင် ထမင်းမစားရဘူးရှင့်။ ဒီနေ့အထိ ရောက်လာဖို့ဆိုတာ အကုန်လုံး ကြုံတွေ့ခဲ့ရဖူးပြီးပြီ။ ပိုက်ဆံတပြားမှ မရှိဘဲနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ သူများတွေက မကောင်းတဲ့စကားတွေ လာပြောခဲ့တာတွေလည်း ကြားဖူးခဲ့ရပြီးပြီ။ ဒီနေ့အထိ ရောက်လာဖို့ မလွယ်ခဲ့ပါဘူး။
မေး။ ။ အခုလို ကျော်ကြားလာတာ အောင်မြင်လာတာဟာ နမ်းနွတ်ရဲ့ ငယ်ဘ၀ အိပ်မက်နဲ့ တထပ်တည်းပဲလား။
ဖြေ။ ။ ငယ်ငယ်တုန်းက အိမ်မက် တခုပဲရှိခဲ့တယ်။ မင်းသမီး ဖြစ်ချင်တယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်ရင်လည်းဖြစ် သူများနိုင်ငံမှာပဲ ဖြစ်ဖြစ် မင်းသမီးဖြစ်ချင်ခဲ့တယ်။ ကျောင်းနေတုန်းက သူများအကျႌလှလှပပလေး ဝတ်တယ်ဆိုရင် ဝတ်ချင် လိုက်တာပေါ့။ တီဗီထဲမှာ မင်းသမီးတွေ ကောင်းကောင်းလေး စားတာနေတာကို ကြည့်နေခဲ့ရတော့ အဲဒီလို အစားအစာ၊ အဲဒီလို မင်းသမီးတွေ ဝတ်တဲ့ လှတာလေးတွေဆို ဝတ်ချင်လိုက်တာပေါ့။ အသက်ကြီးလာရင် ကိုယ့် အင်ကိုယ့်အားနဲ့ ပိုက်ဆံရှာပြီး ဝတ်မယ်ပေါ့။ အဲဒီလို သဘောနဲ့ပဲ ဒီနေ့အထိ ကြိုးစားနေရတာ။
မေး။ ။ သူများနိုင်ငံမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် မြန်မာအမျိုးသမီးငယ်တွေဟာ သူတို့ဘ၀ ရပ်တည်ရေးအတွက် ဘဝနဲ့ရင်းပြီး ရုန်းကန်နေကြရတာ ဒီဘက်ခေတ်မှာ ပိုများလာနေပါတယ်။ သူများနိုင်ငံကို အသက်ငယ်ငယ်နဲ့ ရောက်လာပြီး ဘဝကို အောက်ခြေသိမ်းကစ ရုန်းကန်ခဲ့ရတဲ့ နမ်းနွတ်အနေနဲ့ ကိုယ့်ဘ၀ ပျက်စီးယိုယွင်းမသွားအောင် ဘယ်လို ထိန်းသိမ်းနေထိုင်ခဲ့ရလဲ။
ဖြေ။ ။ စိတ်ငြိမ်အောင်ပေါ့၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကို ထိန်းရပါတယ်။ တခါတလေလည်း ပိုက်ဆံ တပြားမှ မရှိဘူး။ ဒီက ထိုင်းသူဌေးတွေက အလုပ်ရမယ်လေ။ တလကို ဘတ်နှစ်သောင်း သုံးသောင်းပေးမယ်။ အတူတူလိုက်နေမလားဆိုပြီး မိန်းကလေးငယ်တွေကို လာပြီး ပြောခဲ့ဖူးတာတွေလည်း ကြားခဲ့ရဖူးတယ်။ ဒါပေမယ့် ကျမကတော့ စိတ်ကိုတည်ငြိမ်အောင် ထားတယ်။ ကိုယ့်သဘောနဲ့ကိုယ် ထိန်းတယ်။ အမေရော အဖေရော ရှိတယ်။ အဖေ အမေ မျက်နှာမပျက်ရအောင် အလုပ်ကို တနေ့ ဘတ် ၂၀၀၊ ၃၀၀ ပဲရရင်လည်း ရပါစေ။ ဒီအလုပ်နဲ့ပဲ ပျော်တယ်။ ကိုယ့်အင်ကိုယ့်အားနဲ့ပဲ လုပ်ချင်တယ်။ ကြိုးစားတယ်။ မနေ့က ပိုက်ဆံမရှိဘူး၊ ဒါပေမယ့် ကိုယ်ကြိုးစားရင် ဒီကနေ့ ပိုက်ဆံရှိလာမယ်ဆိုပြီး အလုပ်ဆိုရင် ဘယ်အလုပ်မှ မရွေးဘူး။ အလုပ်အားလုံးဟာ ဘယ်အလုပ်ဖြစ်ဖြစ် ပိုက်ဆံရတာပဲဆိုပြီး ကြိုးစားရင် အောင်မြင်တဲ့နေ့ ရှိမှာပဲလို့ အစကတည်းက အဲလို စိတ်မျိုး ထားပါတယ်။
မေး။ ။ နမ်းနွတ် ကြိုးစားရုန်းကန်ခဲ့ရသလို မြန်မာပြည်က မော်ဒယ်လ်လောကမှာရော၊ အပြင်လောကမှာပါ ရပ်တည်နေနိုင်အောင် ကြိုးစား ရုန်းကန်နေရဆဲ မြန်မာမိန်းကလေးတွေကိုရော ဘယ်လို အကြံဉာဏ်မျိုးတွေ ပေးချင်လဲ။
ဖြေ။ ။ မြန်မာပြည်မှာပဲနေနေ၊ ထိုင်းနိုင်ငံမှာပဲနေနေ ကိုယ့်စိတ်ကိုယ် ထိန်းရမယ်။ သူများမယားငယ် သွားဖြစ် နေရင်လည်း လေးငါးနှစ် မကြာဘူး။ သူတို့လည်း ကြာလာရင် အသစ်လူကို ရှာသွားမှာပဲလေ။ အဲဒါကြောင့် ကိုယ့်အင် ကိုယ့်အားနဲ့ ကြိုးစားရင် ကိုယ့်ပစ္စည်း ကိုယ့်ဥစ္စာလိုပဲ ရနိုင်ပါတယ်။ ဒီကနေ့ မကောင်းဘူးဆိုပြီး ကြိုးစားလိုက်ရင် မနက်ဖြန် ဒီ့ထက်ပိုကောင်းလာမယ်။ အဲဒီလို စိတ်ထားသဘောမျိုးနဲ့ ကိုယ့်စိတ်ကို သေချာထိန်းပြီးတော့နေရင် ပိုကောင်းမလားလို့ ကိုယ့်စိတ်ကို သေချာမေးကြည့်ပေါ့နော်။ ဒီနေ့နည်းနည်းပဲရတာ နည်းနည်းပဲစားမယ်။ မနက်ဖြန် များများရမှ များများ စားမယ်ဆိုတဲ့ သဘောနဲ့နေရင် ပိုကောင်းမလားပေါ့။ အရှက်မရဘူးပေါ့။ ရှက်စရာလည်း မလိုတော့ဘူးပေါ့။ ကိုယ့်အင်ကိုယ့်အားနဲ့လုပ်တယ် ကိုယ့်အင်ကိုယ့်အားနဲ့ ရလာတဲ့ပိုက်ဆံနဲ့ပဲ အဝတ်အစား ဝယ်နိုင်တယ်ဆိုရင် အဲဒီလောက်ပဲ ဝတ်ပေါ့နော်။ ဒီလောက်ပဲစားနိုင်တယ်ဆိုရင် ဒီလောက်ပဲစားပေါ့။ အဲလို သဘောထားရင် အကုန်လုံး မြန်မာပြည်မှာပဲနေနေ ဒီထိုင်းမှာပဲနေနေ ပျက်စီးမယ့်အကြောင်းဆိုတာ မရှိပါဘူးရှင့်။ အခုလို နာမည် မကျော်ကြားလာဘူး ဆိုရင်တောင် မိဘတွေ မျက်နှာပျက်စရာမဖြစ်ဘူးပေါ့။ ကိုယ့်အင်ကိုယ့်အားနဲ့ နိုင်သလောက် ဝတ်မယ် စားမယ်ဆိုရင် ကိုယ့်မိဘတွေအတွက် အရှက်ရစရာမဖြစ်ဘဲ ဂုဏ်ယူရပါမယ်။
မေး။ ။ အခုလို ထိုင်းနိုင်ငံရဲ့ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ရပ်တည်နေရင်းကနေ ထိုင်းနိုင်ငံရဲ့ မင်းသမီးအဖြစ် ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ကမ်းလှမ်းလာမယ်ဆိုရင်ရော လုပ်သွားဖို့ ရှိလား။ ဘယ်လောက်အထိ အောင်မြင်လာအောင် လုပ်ဖို့စိတ်ကူးထားလဲ။
ဖြေ။ ။ စိတ်ကူးဖူးပါတယ်။ ဒါပေမယ့် ကိုယ်လုပ်နိုင်သလောက် လုပ်မယ်။ ကိုယ်မလုပ်နိုင်လည်း ဘာမှမဖြစ်ဘူးပေါ့။ ကိုယ့်အင်အား ဒီလောက်ပဲ ရှိတယ်ဆိုရင် ဒီလောက်ပဲပေါ့။ နေ့တိုင်းတော့ ကြိုးစားပါတယ်။ ဒါပေမယ့် အဝေးကြီးကို မမျှော်မှန်း၊ မမျှော်လင့်ပါဘူး။ ဒီနေ့ အကောင်းဆုံးလုပ်မယ်ဆိုရင် မနက်ဖြန်လည်း ကောင်းလာမှာပဲလို့ အဲဒီလိုပဲ သဘောထားလိုက်တယ်။
မေး။ ။ တနေ့ ဒီ့ထက် အောင်မြင်ကျော်ကြားတဲ့ သူတယောက် ဖြစ်လာခဲ့ရင်ရော ကိုယ်နေခဲ့တဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကို ပြန်အကျိုးပြုချင်တဲ့ စိတ်မျိုးရှိလား။
ဖြေ။ ။ ရှိတယ်ရှင့်။ အစတုန်းက ဒီကိုလာတာကတော့ ပိုက်ဆံရှိရင် ကိုယ့်ရွာကိုပြန်ပြီး အကျိုးပြုမယ်။ ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်ချင်တယ်ပေါ့။ အဲဒီလိုစိတ်ကူးမျိုး ရှိခဲ့ပါတယ်။ တကယ်လို့ ကျမက ဒီမှာ နာမည်ကြီးသွားပြီး ရုပ်ရှင်မင်းသမီးဖြစ်သွားပြီဆိုရင် ပိုပြီးတော့ ကိုယ့်အိမ်ကို ပြန်ချင်တယ်။ သူများတွေ ကိုယ့်အိမ်ကိုယ် ပြန်သွားလည်ကြသလိုမျိုးပဲ သွားကြည့်မှာပေါ့။ ကိုယ့်အိမ်ဘယ်လို နေနေလဲပေါ့။ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်မှာပေါ့နော်။ ရွာဝင်လမ်းတွေဆိုရင်လည်း ဖုန်တွေအများကြီးပဲလေ။ တနေ့ ပိုက်ဆံရှိလာရင် ကိုယ့်ရွာလေးကို ပြန်ပြီး ပြုပြင်ချင်တယ်။ အဲလိုစိတ်ကူးမျိုး စိတ်ကူးခဲ့ဖူးတယ်။ ကျမတို့ကို စာသင်ပေးခဲ့ဖူးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သတိရတယ်။ အောင်မြင်တဲ့နေ့ ရောက်လာမယ်ဆိုရင် ကိုယ့်ကို စာသင်ပေးဖူးတဲ့ ဆရာ ဆရာမတွေအကုန်လုံးကို ပြန်ပြီး ကန်တော့မယ်။
မေး။ ။ ထိုင်းနိုင်ငံမှာ တသက်လုံးနေသွားမှာလား။ မြန်မာပြည်ပြန်ဖို့ စိတ်ကူးရှိလား။
ဖြေ။ ။ ကျမတို့အိမ်က မြန်မာပြည်မှာပါ။ အိမ်ပဲပြန်ချင်ပါတယ်။ ဒီမှာ အလုပ်လာလုပ်တာ ဘယ်နှစ်နှစ် ဆက်လုပ်ရမယ်ဆိုတာ မသိသေးပါဘူး။ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အင်ကိုယ့်အား ဘယ်လောက်ရှိမယ်ဆိုတာ မသိသေးပါဘူး။ အဲဒီတော့ အခုလည်း ပိုက်ဆံအများကြီးရအောင် စုနေတယ်။ အခုလို ငယ်တုန်းမှာပေါ့။ အသက်ကြီးလာရင် ကိုယ့်အိမ်ကိုပဲ ပြန်ချင်ပါတယ်။