Ethnic Issues

အသုံးချခံ ယန္တရားနဲ့ ကလေးတယောက်ရဲ့ ဘဝအိပ်မက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပါးလွှာပေါက်ပြဲစ ပြုနေသော ရာဘာဖိနပ်ကို စီးထားတဲ့ ၁၂ နှစ် အရွယ် ကလေးငယ်လေးဟာ ဆူညံစည်ကားနေတဲ့ လက်ဖက်ရည် ဆိုင်ထဲမှာ ထိုင်နေလျက်က မကြာခဏဆိုသလို လမ်းဘက်ကို မျှော်ကြည့်ရင်း မျက်နှာပေါ်က စိုးရိမ်မှုတွေကို လူမသိအောင် ခိုးဝှက် လုပ်ဆောင်နေတာဟာ မြစ်ကြီးနားမြို့က လက်ဖက်ရည်ဆိုင်ထဲမှာရှိတဲ့ လူတိုင်းနီးပါးက သတိထားမိပါတယ်။

ဆီလိမ်းမထားတဲ့ နီရဲနေတဲ့ သူ့ရဲ့ဆံပင်၊ စုတ်ပြဲမနေပေမယ့် ကြေမွှနေတဲ့ အကျႌနွမ်းလေးကို ဝတ်ဆင်ထားတဲ့ ဒီကလေးငယ်ဟာ လူများတဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေရပေမယ့် သူ့ကိုယ်သူ မလုံခြုံဘူးလို့ ခံစားနေရတဲ့စိတ်က မျက်နှာပေါ်မှာ အထင်းသား ပေါ်လွင်နေပါတယ်။

သူ့ရှေ့ခုံပေါ်မှာ ရှိနေတဲ့ လက်ဖက်ရည်ခွက်ကို ထိတောင်မထိသေးဘဲ၊ လမ်းဘက်ကို မျှော်ကြည့်ရင်း ကျစ်ကျစ်ပါအောင် ဆုပ်ထား တဲ့ လက်ထဲက ပိုက်ဆံလိပ်လေးကို ပြန်ဖြန့်ရေတွက်လိုက်လုပ်ရင်း ဂဏာမငြိမ်လှတဲ့ ကလေးငယ်က ရုတ်တရက် ဆိုင်ဝမှာ ရပ်လိုက် တဲ့ အသက် ၄၀ နီးနီး အမျိုးသားတဦးကို တွေ့လိုက်ရင်ပဲ ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ “ဖေကြီး..သားဒီမှာ”လို့ လှမ်းခေါ်လိုက်စဉ်မှာ အဖေ အခေါ်ခံရတဲ့သူက သားဆီကို မပြေးရုံတမယ် ခြေလှမ်းကျဲကျဲနဲ့ ဝင်လာပါတော့တယ်။

ရုပ်ရှင် ဇာတ်ကားတွေထဲကလို ပြေးမဖက်ကြပေမယ့်၊ သားဆီကို လှမ်းလာတဲ့ အဖေတယောက်ရဲ့ အပျော်က မြင်သူတိုင်း ခံစား မိအောင် အဲဒီအမျိုးသားရဲ့ မျက်နှာပေါ်မှာ အထင်းသားပေါ်နေပါတယ်။ ကလေးငယ်ရှိတဲ့ စားပွဲကို ဝင်ထိုင်လိုက်ချိန်မှာ အဖေရော သားပါ ဘေး ပတ်ဝန်းကျင်ကို သတိမထားလောက်အောင် ပွေ့ဖက်နှုတ်ဆက် နေကြပါတယ်။

အမျိုးသားရဲ့ ဖိနပ်ထိပ်ပိုင်းမှာ အနည်းငယ်ပေါက်ပြဲနေပါတယ်။ မြေနီရောင် ရွံ့ဗွက်တွေ ပေကျံဟောင်းနွမ်းနေပြီး အရောင်မှိုင်းမှိုင်းနဲ့ ချွေးနံ့တွေ ရနေတဲ့ သူ ဝတ်ဆင်ထားတဲ့ ယူနီဖောင်းအကျႌရဲ့ လက်မောင်းရင်းမှာရှိတဲ့ တံဆိပ်တခုက သူ့ရဲ့ မိခင်ဌာနကို ဖော်ပြနေပါတယ်။

အရောင်မှိုင်းပြီး အစိမ်းရောင်ဖျော့တော့နေတဲ့ စစ်ယူနီဖောင်း ဝတ်စုံနဲ့ ဆန့်ကျင်စွာ လူကြီးရဲ့ မျက်ဝန်းက တင်းမာ ခက်ထန်နေပေ မယ့် “ဖေကြီး” ဆိုတဲ့ ခေါ်ဆိုသံနဲ့အတူ သားကို တွေ့ရချိန်မှာ တင်းမာနေတဲ့ မျက်နှာလျော့ပါးသွားပြီး နူးညံ့ချစ်ခင်စွာနဲ့ “မင်းအမေရော နေကောင်းလား”လို့ မေးလိုက်သံကို ကြားရပါတယ်။

အဖေလုပ်သူက သားဖြစ်သူမှာထားတဲ့ အေးစက်နေပြီဖြစ်တဲ့ လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး အောက်ခံပန်ကန်ပြားထဲ လက် ဖက် ရည် တချို့ကိုထည့်ပြီးသူ့အတွက် ထားလိုက်ပါတယ်။ လက်ဖက်ရည်ခွက်ကိုတော့ သားဆီကို ပို့ပေးလိုက်တယ်။ စားသောက် စရာ ထမင်းနဲ့ဟင်းတွေ ထပ်မှာပြီး နှစ်ယောက်မျှစားရင်း သူတို့ရဲ့ အတွေ့အကြုံတွေကို အပြန်အလှန် မာန်ပါပါနဲ့ ပြောဆိုနေကြပါတယ်။

စားသောက်ပြီး ကျသင့်ငွေ ရှင်းပြီးချိန်မှာ ပိုငွေ ၅၀၀၀ ကျပ် မကျော်တဲ့ ပိုက်ဆံတွေကို သားဖြစ်သူဆီ လှမ်းပေးချိန်မှာတော့ မုန့်ဖိုးရတဲ့ သားက တခြားကလေးတွေလို ပျော်တဲ့ အရိပ်ယောင် မရှိဘဲ ငိုမဲ့မဲ့ မျက်ဝန်းတွေနဲ့ လှမ်းယူလိုက်တာကို တွေ့ရပါတယ်။

ဒီလို ပိုက်ဆံပေးလိုက်တာက သားဖြစ်သူကို ပြန်ခိုင်းသလို အဓိပ္ပာယ် သက်ရောက်နေလို့ပါ။ ငိုမဲ့မဲ့ မျက်နှာနဲ့ ပြန်ထွက်သွားတဲ့ သားဖြစ်သူကို စိုစွတ်တဲ့ မျက်ဝန်းနဲ့ မေးကျောတွေ ထောင်ထတဲ့အထိ အံကြိတ်ရင်း အဖေဖြစ်သူက ငေးကြည့်လို့ နေပါတယ်။

အဲဒီ အဖေဖြစ်သူ အမျိုးသားက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် အစိုးရစစ်တပ်က တပ်မတော်သား တဦးဖြစ်ပြီး နိုင်ငံ တော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသူ တဦး ဖြစ်ပါတယ်။ စစ်သား အချင်းချင်း ခေါ်ဝေါ်သုံးနှုန်းကြတဲ့ ဆရာကြီး (ခေါ်) တပ်စုတစုရဲ့တပ်ကြပ်ကြီး ရာထူးအဆင့် ပိုင်ဆိုင်ထားသူ တဦးလည်း ဖြစ်ပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ ဘယ်လောက်ဘဲ ရာထူးရှိပါစေ ဆရာကြီးလို့ ခေါ်တဲ့ တပ်ကြပ်ကြီးတွေကသာ စစ်မြေပြင် အခြေအနေကို စစ်ဆေးပြီး အတည်ပြုရတဲ့ အရေးပါသော ရာထူးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်တယ်လို့ သားဖြစ်သူက ဂုဏ်ယူစွာ ပြောဆိုပါတယ်။

သားဖြစ်သူက လမိုင်လို့ခေါ်တဲ့ ၁၂ အရွယ် ၇ တန်း ကျောင်းသားတဦးဖြစ်ပြီး မိခင်နဲ့အတူ မြစ်ကြီးနားမြို့က ဒုက္ခသည်စခန်းမှာအလုပ် လုပ်ရင်း ကျောင်းတက်နေသူ တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဖခင်ရှေ့တန်းက ပြန်လာတာကို မိခင်ဖြစ်သူ မသိအောင် လာကြိုတာ ဖြစ်ပြီး ဖခင်နဲ့ ၄ လကျော်ကြာ တွေ့ရခြင်း မရှိဘဲ အခုမှ ပြန်လည် ဆုံတွေ့ရတာလို့ သားဖြစ်သူက ပြောပါတယ်။

“ကျနော့် အဖေက တပ်ကြပ်ကြီးပါ။ ကျနော့် အမေက ကချင်။ ကျနော့်အမေရဲ့အဘိုးအဘွားတွေက လိုင်ဇာနားက မန်ဒိန်းပါရွာမှာ နေတာပါ။ စစ်ဖြစ်တော့ အဖေက ရွာကိုဝင်တဲ့ စစ်ကြောင်းမှာ ပါတယ်လေ။ အမေက သူ့မိဘတွေ ဘဝပျက်တော့ အဖေ့ကို မခေါ်တော့ဘူး။ ကျနော့်ကိုလည်း မတွေ့ခိုင်းဘူး။ ကျနော်က အဖေ၊ အမေနဲ့ တူတူနေချင်တယ်။ ကျနော့် သူငယ်ချင်းတွေက ကျနော့် အဖေကို လူဆိုးလို့ ပြောတယ်။ ကျနော်ကတော့ အဖေ့ကို ချစ်တယ်”လို့ လမိုင်က ဆိုပါတယ်။

မိခင်နဲ့အတူ ဒုက္ခသည် စခန်းမှာ နေနေရတဲ့ လမိုင်ဟာ ဝင်ငွေရဖို့အတွက် အမေနဲ့အတူတူ ပယင်းသွေးတဲ့ အလုပ်ကို လုပ်ကိုင်နေသူ ပါ။ ဖခင်နဲ့အတူ ပြန်နေဖို့ မိခင်ကို ပြောမရတဲ့အဆုံး အခုလို ဖခင်ဖြစ်သူနဲ့ ရှေ့တန်း မသွားရတဲ့ အချိန်တွေဆို ၂ ပတ် တကြိမ် ဖခင် ဆီ လာတွေ့သလို ဖခင်ကလည်း သူ့ကျောင်းကို လာတွေ့တယ်လို့ လမိုင်က ပြောပြပါတယ်။

“ကျနော်ကတော့ အဖေနဲ့အတူ ပြန်နေချင်တယ်။ တိုက်ပွဲဘာကြောင့် ဖြစ်လဲ ကျနော်မသိပါဘူး”လို့ လမိုင်က ပြောပါတယ်။ စစ်ပွဲတွေကို မုန်းတယ်လို့ ပြောပေမယ့် သူ့စိတ်ကူးထဲမှာ ဖခင်စစ်သားကြီးကို အားကျပြီး စစ်သားဖြစ်ချင်တယ်လို့လည်း ဆိုပါတယ်။

လမိုင်က အဖေ့လို စစ်သားဖြစ်ချင်ပေမယ့် အမေရဲ့စိတ်နာမှု၊ ပတ်ဝန်းကျင်က ပြောဆို မုန်းတီးမှုတွေကြောင့် သာမန်ကလေးတွေလို ကိုယ်ဖြစ်ချင်တာကို ရဲရဲတင်းတင်း ထုတ်ဖော် မပြောရဲတော့ဘဲ မြိုသိပ်နေခဲ့ရသူ တဦးလည်း ဖြစ်ပါတယ်။

“ဆော့တိုင်း ကျနော်က စစ်သား လုပ်တယ်။ ကျနော်က အမေ့ကို စစ်သားရုပ် ဝယ်ခိုင်းရင်တောင် မရဘူး။ အမေက ကစားတာ တောင် လက်မခံဘူး။ ကျနော့်ကို စစ်သားလုပ်မယ်။ စစ်ဗိုလ်လုပ်မယ် ပြောရင် အဖေ့လိုပဲ သူ့ကို မခေါ်နဲ့လို့ ပြောတယ်။ အမေ့ကို လည်း ကျနော် ချစ်တယ်”လို့ လမိုင်က ပြောပါတယ်။

စစ်ကြောင့် မိဘနဲ့ တကွဲစီ နေလာရတဲ့ လမိုင်က မိဘတွေနဲ့ အတူတူနေမယ် ဆိုတဲ့ သူ့အိပ်မက်ကို အကောင်အထည် ဖော်ဖို့ပဲ ဖြစ် တယ်လို့ ဆိုပါတယ်။

လမိုင်ရဲ့ မိခင်ဖြစ်သူက စစ်ပွဲတွေကြောင့် ဘဝပျက်ရတဲ့ အတွက် စစ် ဆိုတဲ့ စကားသံကို မကြားချင်အောင် မုန်းတီးနေသလို ခင်ပွန်း ဖြစ်သူကိုလည်း အထက်အမိန့်တခုနဲ့  မိသားစုကြားမှာ အထက်အမိန့်ကိုသာ လက်ခံလိုက်နာခဲ့တာကြောင့် သူ့ရဲ့ မိဘတွေနဲ့ အတူ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ခံယူထားတာကြောင့် အတွေ့မခံတော့တာလို့ ပြောဆိုပါတယ်။

လမိုင်ရဲ့ မိခင် မမိုင်မိုင်က“ကျမကတော့ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ စိတ်ထဲမှာလည်း သူ့ကို ယူမိတာ မှားတယ်လို့ မြင် တယ်။ တခြား မကောင်းတာတော့ မရှိပါဘူး။ ကျမ မိဘတွေအပေါ်မှာလည်း ကောင်းပါတယ်။ ကျမနဲ့ သူက သူ ဒုတပ်ကြပ် ဖြစ် ကတည်းက ချစ်ခဲ့ကြတာ။ အဲဒီအချိန်တုန်းက ဘာတိုက်ပွဲမှ မဖြစ်ဘူး။ အခုတော့ ဒုက္ခပေးတဲ့ အလုပ်ကို လုပ်နေသူ ဖြစ်နေတယ်။ ဘယ်သူ့မေးမေး တပ်ကဆိုရင် ဘယ်သူမှ မနှစ်သက်ကြဘူး”လို့ ပြောပါတယ်

၂၀၁၁ ခုနှစ်ကုန်ပိုင်းက ကချင်ဒေသမှာ စတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့လာခဲ့ရပြီး အဲဒီအချိန် ကတည်း က မိဘတွေနဲ့ ကင်းကွာခဲ့ရသလို အစ်မဖြစ်သူနဲ့ ညီမဖြစ်သူကိုလည်း အခု အချိန်အထိ ပြန်လည် တွေ့ဆုံနိုင်ခြင်း မရှိသေးဘူးလို့ ဆို ပါတယ်။

“အဖေနဲ့ အမေက လိုင်ဇာဘက် ရောက်သွားတယ် ကြားတယ်။ အစ်မတွေနဲ့တော့ အဆက်အသွယ် မရသေးတော့ ဘယ်မှာလဲ မသိ ဘူး။ အခုထိလည်း အိမ်မပြန်ရသေးဘူး။ ကျမတို့တွေ ဘဝက ဒီလိုနဲ့ပဲ ပြီးတော့မယ် ထင်တယ်။ တချိန်ကလို မိသားစုတွေနဲ့ အေး အတူ ပူအမျှ နေချင်တယ်”လို့လည်း မမိုင်မိုင် က ပြောဆိုပါတယ်။

လမိုင်ရဲ့ ဖခင် တပ်ကြပ်ကြီးကတော့ စစ်သားတိုင်း စစ်တိုက်ရလို့ ပျော်သူမရှိကြောင်း၊ တိုင်းပြည် ကာကွယ်ရေးအတွက် ဖြစ်ကြောင်း ပြောပါတယ်။

“တိုက်ရခိုက်ရလို့ သေတဲ့သူသေ၊ ခန္ဓာကိုယ် ချွတ်ယွင်းပြီး ဘဝသေသူတွေ အများကြီး။ ကျနော်တို့ ဒီလိုဖြစ်လို့ သနားသူ မရှိဘူး။ စစ်ကို ဘယ်တိုက်ချင်မလဲ။ ကျနော်တို့လည်း တိုင်းပြည်ကို ချစ်ပါတယ်”လို့လည်း သူကဆိုပါတယ်။

စစ်ပွဲတွေရဲ့ အကျိုးဆက်အဖြစ် သူ့မိသားစု ပြိုကွဲစေခဲ့တဲ့အပြင် အထက်အမိန့်နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ပြောပြဖို့ ငြင်းဆန် ခဲ့ပေမယ့် အဖေ စစ်သားဖြစ်တဲ့အတွက် သားဖြစ်သူကို လူမုန်းများမှာတော့ စိုးရိမ်တယ်လို့ လမိုင်ရဲ့ ဖခင်က ပြောပါတယ်။

“ပြည်သူတွေ ဘာကြောင့် စစ်သားတွေကိုမုန်းလည်း ကျနော် မသိဘူး။ ဒါပေမယ့် ကျနော်တို့နိုင်ငံကာကွယ်ဖို့တော့ စစ်သားလိုတယ်။ စစ်သားတွေက အခွင့်ထူးခံလို့ ထင်ကြတယ်။ ကျနော်တို့အောက်ခြေက စစ်သားတွေ လာကြည့်ပါဦး။ အာဏာကို အလွဲသုံးစား လုပ်ကြ တဲ့ လူတွေကြောင့် အကုန်လုံး သိမ်းကျုံး ပြောခံရတာ ဆိုးပါတယ်။ သားကွဲ မယားကွဲနဲ့ အသက်ကိုတောင် မပိုင်ကြတာ။ ကျနော် တို့မှာ ခံစားခွင့် ဘာတွေရှိလဲ၊ ဒါတွေကျတော့ မမြင်ကြတော့ဘူး”လို့လည်း လမိုင်ရဲ့ ဖခင်က ဝမ်းနည်းသံနဲ့ ပြောဆိုပါတယ်။

လူအများစု သတ်မှတ်ထားတဲ့ အခွင့်ထူးခံ ခေါင်းစဉ်အောက်မှာ အခွင့်ထူးခံပြီး ရာထူးနေရာအတွက် စစ်ကို ဖန်တီးသူတွေ၊ အခွင့်ထူး ရဖို့ တပ်မတော်ထဲ ဝင်ပြီး ရပ်တည်သူတွေ ရှိနေသလို အသုံးချခံ ယန္တရား အဖြစ်နဲ့ ဘဝပျောက်သူတွေ၊ အသက်ပျောက်သူတွေ၊ ခန္ဓာစွန့်ပြီး ဒုက္ခရောက်သူတွေလည်း ရှိနေတာကြောင့် တပ်မတော် အနေနဲ့ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်ဖို့ ပြန်လည် ပြင်ဆင်ဖို့ လိုအပ် နေပြီလို့လည်း သူက ဆိုပါတယ်။

ချင်း တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းကလည်း အရင်က တိုင်းပြည် လွတ်လပ်ရေး ရဖို့နဲ့ ကာကွယ်ရေး အတွက် စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ တပ်မတော်သားတွေကို လူတိုင်းက ချစ်ခင် နှစ်သက်ခဲ့ကြပေမယ့် နောက်ပိုင်း မှာ အာဏာအလွဲသုံးစား ပြုလုပ်မှုတွေ ရှိလာတာကြောင့် အခုလို ပြဿနာမျိုးတွေ ဖြစ်ပေါ်လာရတယ်လို့ ပြောပါတယ်။

“တပ်မတော်သားတွေမှာ ဒီလို အစဉ်အလာကောင်းတွေ ရှိခဲ့ပေမယ့် အခုအချိန်မှာ ဘယ်သူကမှ ဒါကို မမြင်နိုင်ကြတာက ဦးနေဝင်းနဲ့ နဝတ လက်ထက်က သူတို့အာဏာတည်မြဲဖို့ တပ်မတော်ကို ယန္တရား တခုလို သုံးခဲ့ကြတယ်။ အခုအချိန်ထိ ဒီယန္တရားက အရှိန် မသတ်နိုင်သေးဘူး။ ဒါကို အရှိန်သတ်နိုင်ဖို့ လိုနေပြီ”လို့ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောဆိုပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading