နေပြည်တော်တွင် ဩဂုတ်လအတွင်းက ကျင်းပသည့် အာဆီယံဒေသတွင်း အစည်းအဝေးတွင် တောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍ အကျည်းတန်သော ဖြစ်ရပ်များ ဖြစ်ပေါ်နေခြင်းကို ရပ်တန့်ရေး ပူးပေါင်း ဆောင်ရွက်ရန် အမေရိကန်၏ ပြောဆို မှုကို အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဆိတ်ဆိတ်နေခြင်းဖြင့် တုံ့ပြန် ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံအပြင် တရုတ်နိုင်ငံခြား ရေးဝန်ကြီး Wang Yi နှင့် တခြားသော ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာ သံအမတ်တို့ တက်ရောက်ခဲ့သည့် အစည်းအဝေး အပေါ် များစွာ မျှော်လင့်ထားသည်။
အာဆီယံသည် ညီညွတ်မှု (Consensus) နှင့် မစွက်ဖက်ရေး (Non-interference) ဟူသော အခြေခံ သဘောတရား ၂ ချက် အပေါ်တွင် အခြေခံ ထားသည် ဖြစ်ရာ ဝန်ကြီး ဂျွန်ကယ်ရီအဖို့ ထူးထူးခြားခြား အံ့အားသင့်ဖွယ်ရာ မဟုတ်ပေ။ ရလဒ်အနေဖြင့် အာဆီယံနိုင်ငံများသည် မိမိတို့၏ ပြည်ထဲရေး ပဋိပက္ခများ အတွက် အာဆီယံနိုင်ငံ အချင်းချင်း ပူးပေါင်းရပ်တည် ကြိုးပမ်းသွားရန်မှာ အလားအလာအလွန်နည်း ပါးသော ကိစ္စဖြစ်သည်။ အမြင် ၂ မျိုး ကွဲပြား နိုင်သော အရေးကိစ္စများ အကြောင်း လူမျိုးပေါင်းစုံပါဝင်သော အဖွဲ့ဝင်များ အကြား ပြောဆိုရန်မှာလည်း မဖြစ်နိုင် သော အခြေအနေ ဖြစ်ကြောင်း နားလည်သဘော ပေါက်ထားကြသည်။
ယခုကဲ့သို့ သဘောထားများ ရှိနေခြင်းက တရုတ်နိုင်ငံအတွက် တောင်တရုတ် ပင်လယ်နှင့် တခြားတခြားသော အဟန့်အတား ဖြစ်နေသည့် အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံများနှင့် ထိပ်တိုက်တွေ့ဆုံ ဖြေရှင်းရန် လွတ်လပ်သည့် အခွင့်အလမ်း တရပ်ကို ရရှိစေသကဲ့သို့ ဖြစ်နေသည်။
ဝန်ကြီး ဂျွန်ကယ်ရီ၏ အကြံပေးချက်ကို တောင်တရုတ်ပင်လယ် အတွင်း တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားဖွယ် ပြဿနာ ကြုံတွေ့နေရသည့် ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့က နားလည်ခဲ့ကြ ပေလိမ့်မည်။ သို့ရာတွင် ၎င်းတို့ ကဲ့သို့ပင် တောင်တရုတ်ပင်လယ် အတွင်း နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုထားသော မလေးရှားနှင့် ဘရူနိုင်း နိုင်ငံတို့ကမူ အာရှ၏ အင်အားကြီး ကျားတကောင်ကို ဆန့်ကျင်ရန် တွန့်ဆုတ်နေကြဟန် တူသည်။
ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့က တရုတ်ဘက်သို့ ပိုမိုရပ်တည်ပေးလျက် ရှိပြီး အာဆီယံနိုင်ငံများ အနက် လူဦးရေ အထူထပ်ဆုံးသော နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှာ ကြားနေနိုင်ငံ အဖြစ် ရှိနေခဲ့သည်။ စင်ကာပူနိုင်ငံက မည်သို့မျှ ထင်မြင်ချက် ဖော်ပြခြင်း မရှိပါ။ နောက်ဆုံးတွင် တရုတ်နှင့် ကာလကြာမြင့် ဆက်ဆံမှုများ ရှိခဲ့ပြီး အဆင်မပြေမှုတချို့ ရှိနေသည့် မြန်မာ နိုင်ငံတို့ ဖြစ်သည်။
အနှစ်ချုပ် ပြောရလျှင် တရုတ် နိုင်ငံတောင်ဘက်ရှိ အိမ်နီးချင်း နိုင်ငံများအပေါ် သက်ရောက်နေသည့် ဩဇာနှင့် မူဝါဒများကို အာဆီယံ နိုင်ငံများ ပူးပေါင်းသဘော တူညီမှုဖြင့် တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အရေး ဖြေရှင်းနိုင်ရန် ဝန်ကြီး ဂျွန်ကယ်ရီက မျှော်လင့်နေခြင်းမှာ အကောင်းဘက်မှ တွေးလွန်းသည်ဟု ဆိုနိုင်သည်။
ယခင်က ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ သံတမန်ဆက်ဆံရေးနှင့် စစ်တပ်ပူးပေါင်း ဆောင်ရွက်ရေး တို့တွင် မှီခိုခဲ့ရမှုများကို လျှော့ချကာ အနောက်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးကို စတင်ခဲ့သည့် မြန်မာနိုင်ငံတွင် အဆိုပါ အစည်းအဝေးကို ကျင်းပခြင်း ဖြစ်သည်။
၁၉၈၀ ဝန်းကျင်မှ စတင်ကာ မြန်မာနိုင်ငံ၏ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သွေးစွန်းခဲ့သော စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တို့ကြောင့် အနောက် နိုင်ငံများက ဖယ်ကြဉ် ထားခဲ့ပြီးနောက် တရုတ်နိုင်ငံ သည် သတ္တုတွင်းနှင့် ရေအားလျှပ်စစ်တို့တွင် မက်မောဖွယ်ရာ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဝင်ရောက်လာခဲ့ သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဈေးကွက်ကို ဈေးပေါပြီး အရည်အသွေးနိမ့်သည့် တရုတ်လူသုံးကုန် ပစ္စည်းများဖြင့် လွှမ်းမိုးထားခဲ့ရာမှ ၁၉၉၀ ဝန်းကျင်တွင် မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို အဓိက ပံ့ပိုးသည့် နိုင်ငံ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ အရေးတွင် အနောက်နိုင်ငံများက ဝင်ရောက်စွက်ဖက်ပြီး စစ်အစိုးရ၏ လုပ်ရပ်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြကာ အရေးယူနိုင်ရန် ကြိုးပမ်းခြင်းကို တရုတ်က မနှစ်မြို့ခဲ့ပေ။
၂၀၁၁ စက်တင်ဘာတွင် သမ္မတ ဦးသိန်းစိန်က တရုတ်နိုင်ငံမှ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို ခေတ္တ ရပ်နားလိုက်ရာ အလှည့်အပြောင်းတခုဟု ဆိုရမည်။ တရုတ်နိုင်ငံသို့ ပို့လွှတ်သည့် လျှပ်စစ် ဓာတ်အား ၉၀ ရာခိုင်နှုန်းကြောင့် ၇၀ဝ စတုရန်း ကီလိုမီတာထက် မနည်းသော သစ်တောမြေများ ပျက်စီးခဲ့သည်။ ယင်းနောက်ပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တရုတ်နိုင်ငံသို့ သွားရောက် ခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ယခုနှစ် မေလပိုင်းတွင်လည်း သမ္မတ အိုဘား မားက “မြန်မာနိုင်ငံသာ အောင်မြင်ခဲ့ရင် ကျနော်တို့ အတွက် မိတ်ဖက်ကောင်း နိုင်ငံတခု ထပ်ပြီး တိုးလာမှာပါ” ဟု ပြောကြားသွားခဲ့သည်။ ထိုနေရာတွင် သမ္မတ အိုဘားမား ပြောကြားခဲ့သည့် “အောင်မြင်မှု” ဆို သည်မှာ “တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေး” နှင့် “တိုင်းပြည်၏ ပြန်လည် တည်ဆောက်ရေး” ကိစ္စရပ်များကို ဆိုလိုခြင်းဖြစ်သည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စု၏ “အာရှ ဗဟိုချက်” ဗျူဟာအရ အာရှအရေးကို အထူး စိတ်ဝင်စားလျက် ရှိရာ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ဆက်ဆံရေး လျှော့ချလိုက်ခြင်းသည် အရေးပါသော အချက်တခု ဖြစ်လာသည်မှာ ငြင်း၍ မရပေ။ ထို့အပြင် အာဆီယံ နိုင်ငံအချင်းချင်း ညီညွတ်စုစည်းစွာ ပြောဆိုဆက်ဆံ လုပ်ကိုင်နိုင်ခြင်း မရှိသည်က အမေရိကန် အတွက် မခံရပ်နိုင်စရာ အချက်တခုဖြစ် နေပြန်သည်။
အမေရိကန် အနေဖြင့် အတော်အတန် အကျပ်ရိုက်သည့် ကိစ္စလည်း ရှိခဲ့သည်။ တဖက်တွင် အမေရိကန်က မြန်မာ နိုင်ငံကို ၎င်းတို့ဘက်မှ ရပ်တည်ကာ တရုတ်နှင့် ကျောခိုင်းစေလိုသည်။ နောက်တဖက်တွင် မြန်မာ အစိုးရက ဂျာနယ်လစ်များကို ထောင်ဒဏ်ချ မှတ်ခြင်း၊ တိုင်းရင်းသားများနှင့် တိုက်ပွဲများ ဖြစ်ခဲ့ခြင်း တို့ကြောင့် နောက်ပြန် လှည့်မည့် လုပ်ရပ်များကိုလည်း အမေရိကန်က မျက်ကွယ်မပြုနိုင် ဖြစ်နေသည်။
သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးနောက် ဝန်ကြီး ဂျွန်ကယ်ရီက ၂ နိုင်ငံအကြား ဆက်ဆံရေး ရှေ့ဆက် တိုးမြှင့်ရန်မှာ မြန်မာနိုင်ငံ အနေဖြင့် အခြေခံ လူ့အခွင့်အရေးကို လေးစားမှုရှိရန် လိုအပ်ပြီး နိုင်ငံ၏ ဒီမိုကရေစီသို့ ဦးတည်သွား နေသည့် လမ်းကြောင်း အရှိန်အဟုန်မြင့်ရန် လိုအပ်သည်ဟု တိုက်တွန်း ပြောဆိုခဲ့သည်။
မြန်မာအစိုးရသည် အမေရိကန်၏ ထောက်ခံမှု လိုအပ်နေသည်။ ထိုသို့ မဟုတ်ပါက တရုတ်နိုင်ငံက ၎င်းတို့ ဆုံးရှုံးသွားခဲ့သော လွှမ်းမိုးချုပ်ကိုင်မှုကို ချော့တခါ ခြောက်တလှည့်လုပ်ကာ ပြန်လည်ရယူရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများကို စည်းရုံးနေပြီး ၎င်းတို့၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို လူထုသိမြင်စေရန် လူထုစည်းရုံးရေးများ လုပ်ဆောင်လျက်ရှိသည်။
တဖက်တွင်လည်း တရုတ် နိုင်ငံမှ လက်နက်ပစ္စည်း ထုတ်လုပ်သူများက မြန်မာနိုင်ငံရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် “ဝ” တိုင်းရင်းသား လက် နက်ကိုင်များထံ ခေတ်မီလက်နက်များ ရောင်းချပေး နေသည်။
“ဝ” တိုင်းရင်းသား လက်နက်ကိုင် တပ်တွင် ပင်မတပ်နှင့် အရန်တပ် အပါအဝင် လူအင်အား ၃ သောင်းရှိ သည်ဟု ခန့်မှန်းရသည်။ HIS/Jane’s မှ စစ်ဘက်ရေးရာ ဆန်းစစ်လေ့လာသူ အန်ထော်နီ ဒေဗစ် (Anthony Davis) ၏ လေ့လာချက်အရ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တွင် တရုတ်နိုင်ငံလုပ် Type 81 မောင်း ပြန်ရိုင်ဖယ်၊ Type 69 ပခုံးထမ်းလောင်ချာ၊ စက်သေနတ်ကြီးများ၊ လေယာဉ်ပစ်အမြောက်၊ Recoilless ရိုင်ဖယ်နှင့် ၁၂၀ mm နှင့် အထက် မော်တာများ ရှိပြီး တရုတ်နိုင်ငံထုတ် HN-5 series, Man Portable Air-Defense System (MANPADS) များလည်း ဝယ်ယူထားသည်ဟု သိရသည်။
ဒေးဗစ်၏ ပြောကြားချက်အရ ှ UWSA တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကျည်ကာကား အမျိုးအစား ၂ မျိုးရှိပြီး သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုနိုင်မည့် ရဟတ်ယာဉ်များလည်း ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ထိုကဲ့သိုသော စစ်လက်နက် ပစ္စည်းများ ဝယ်ယူနိုင်ခြင်း မရှိပေ။
UWSA သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော်လည်း တရုတ်နိုင်ငံက ၎င်းတို့အား စစ်လက်နက်ပစ္စည်း ပုံမှန် တင်သွင်းရောင်းချနေခြင်းမှာ ထူးခြားချက်တခု ဖြစ်သည်။ ၁၉၆၀-၁၉၇၀ ခုနှစ်များက တရုတ်နိုင်ငံ၏ ထောက်ပံ့မှု ရရှိခဲ့သော ဗမာပြည် ကွန်မြူနစ် ပါတီသည်ပင်လျှင် ယခု UWSA ကဲ့သို့သော စစ်လက်နက်ပစ္စည်းများ မရှိခဲ့ကြောင်း လည်း ဒေးဗစ်က ဆိုသည်။
ယမန်နှစ် အောက်တိုဘာ ၃၀ ရက်နေ့တွင် အစိုးရ တပ်မတော်၏ နယ်ခြားစောင့်တပ် တည်ရှိရာ တန့်ယန်းမြို့ရှိ ထောက်လှမ်းရေးရုံးက လားရှိုးမြို့ စစ်ဌာနချုပ်သို့ UWSA သည် ၎င်းတို့ဒေသ အတွင်း “ရေဒါနှင့်ဒုံးကျည် အခြေစိုက် စခန်း တခု” ကို တရုတ် Liao Lian ကုမ္ပဏီနှင့် ပူးပေါင်းတည်ဆောက်လျက် ရှိပြီး တရုတ်၊ ထိုင်ဝမ်နှင့် ပါကစ္စတန် နိုင်ငံတို့မှ လက်နက်များ ဝယ်ယူနေကြောင်း သတင်းပေးပို့သည်။
ဒုံးကျည်မှာ မည်သည့် အမျိုးအစား ဖြစ်သည်ကို မသိရသော်လည်း သတင်းပေးပို့ချက်တွင် ရေဒါတပ်ဆင်မည် ဆို၍ UWSA ၏ လက်ရှိ စုဆောင်းထားသော လက်နက်များထက် ပိုမိုအင်အားပြင်းသည့် လက်နက် ဖြစ်ဖွယ်ရှိသည်။ မြန်မာဘာသာဖြင့် ဖော်ပြသည့် အစီရင်ခံစာတွင် တာဝေးပစ် ဒုံးကျည်ဟု ဖော်ပြထားသည်။
ထိုအစီရင်ခံစာကို တင်ပြအပြီးတွင် မြန်မာအစိုးရဘက်မှ အရာရှိများက အမျက်ထွက်ခဲ့ပြီး အနောက်တိုင်း သံတမန်များနှင့် သီးခြားဆွေးနွေးမှု များကြောင့်လည်း ပိုမိုအမျက်ထွက်မည်မှာ အံ့ဩ စရာမရှိပေ။ အစိုးရ တပ်မတော်က UWSA နှင့် ထိပ်တိုက်တွေ့ဆုံ ဖြေရှင်းပါက အမေရိကန်အတွက် ကျေနပ်စရာဖြစ်မည်မှာ လည်း သံသယဖြစ်ဖွယ် မရှိ ပေ။
UWSA သည် တရုတ်ကို ကိုယ်စားပြုနေသည်။ ၂၀ဝ၅ ခုနှစ်တွင် UWSA မှ ခေါင်းဆောင် ၈ ဦးကို မူးယစ်ဆေးဝါး မှောင်ခိုမှုဖြင့် အမေရိကန် တရားရုံး တွင် စွဲချက်တင်ခဲ့သည်။ တောင်တရုတ် ပင်လယ်အရေး တင်းမာမှုများ မြင့်တက် နေခြင်းနှင့် အတူ အမေရိကန်က မြန်မာအစိုးရ ခေါင်းဆောင်များကို ကျေးဇူးတင်ကြောင်း ပြောဆိုခြင်းထက် ပိုမို လုပ်ဆောင်ပေးမည် ဖြစ်သည်။
နေပြည်တော်၌ ကျင်းပခဲ့သော အစည်းအဝေးပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး အမေရိကန်က အာဆီယံနိုင်ငံများမှ ထောက်ခံ ပံ့ပိုးမှု ရယူကာ တရုတ်နိုင်ငံ၏ ဗျူဟာကို အားပြိုင်ရန် ကြိုးပမ်းမှုမှာလည်း အရာမရောက်ခဲ့ပေ။ ထို့အပြင် တရုတ်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုကို ရပ်တန့်ရန် အာဆီယံ နိုင်ငံများထံမှ သဘောတူညီချက် ရယူရေး ပြောဆို မှုများ အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက်စွက်ဖက်သည့် အသွင်ဆောင် သောကြောင့် တောင်တရုတ် ပင်လယ်အရေး ဆောင်ရွက်ရန် မဟာမိတ်ဖွဲ့မည့် ကိစ္စထက်ပင် ပိုမိုခက်ခဲနေ ပြန်သည်။
သို့ရာတွင် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်ရှိ ၎င်း၏ အစိုးရ အဖွဲ့ဝင်များသည် အမေရိကန် လိုလားသည့် နိုင်ငံရေး လမ်းကြောင်းမှ သွေဖည်လျက်ရှိပြီး မြန်မာ အနေဖြင့် UWSA နှင့် ယင်းတို့ကို ထောက်ခံအားပေးနေသော တရုတ် အဖွဲ့အစည်း များကို ဆန့်ကျင်အရေးယူရန်မှာ တကိုယ်တော် ပြုလုပ်ရမည့် သဘော ဖြစ်နေသည်။
အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အကြောင်းခြင်းရာ တခုခုကြောင့် မဖြစ်မနေ ထိန်းညှိမှုများ ကြုံရသည့် အခါတွင် တောင်တရုတ်ပင်လယ် အရေး သာမက မြန်မာ့အရေး တွင်လည်း တရုတ်နိုင်ငံက အသာစီး ရသွားဖွယ်ရာ ရှိနေသည်။
(၂၀၁၄ ဩဂုတ် ၁၂ ရက် Yale Global တွင် ဖော်ပြထားသည့် Bertil Lintner ၏ ASEAN Paralysis Gives China Free Hand in South China Sea ကို ဆီလျော်အောင် ဘာသာပြန်သည်)