သမ္မတ ဦးသိန်းစိန်သည် တတိယအကြိမ် ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံသို့ရောက်ရှိနေရာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ၅ နှစ် စီမံကိန်းအတွက် ဆွစ်ဇာလန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၆၄ သန်း အကူအညီ ရယူရန် သဘောတူခဲ့ကြောင်း သိရသည်။
ဆွစ်ဇာလန် သမ္မတ Mr. Didier Burkhalter နှင့် ဦးသိန်းစိန် တို့သည် ဘန်းမြို့ရှိ သမ္မတအိမ်တော်၌ စက်တင်ဘာလ ၅ ရက် က တွေ့ဆုံ ဆွေးနွေးမှုအတွင်း ထိုကဲ့သို့အကူအညီပေးရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။
“ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ဒုတိယ ဝန်ကြီး အဆင့် ညှိနှိုင်းဆွေးနွေးမှု Foreign Office Consultations (FOC) ယန္တရား ထူထောင်ရေး၊ ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၃-၂၀၁၇ ခုနှစ်အထိ ၅ နှစ်စီမံကိန်းအဖြစ် အမေရိကန် ဒေါ်လာ ၁၆၄ သန်း အကူအညီပေးရေး ကိစ္စများကို သဘောတူညီခဲ့ကြသည်”ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
မြန်မာနှင့် ဆွစ်ဇာလန် ၂ နိုင်ငံ ခေါင်းဆောင်များသည် ဆွစ်ဇာလန်နိုင်ငံတွင် ပုဂံနှင့် ပျူခေတ် ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ ပြ ပွဲ ကျင်းပနိုင်ရေး၊ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စများလည်း ဆွေးနွေးကြ သည်။
ထို့အပြင် သက်မွေး ပညာသင်ကျောင်းများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ နိုင်ငံ့ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ လူ့အခွင့်အရေး မြှင့်တင်ရေး၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ဆိုင်ရာများနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာများ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာ ပဋိပက္ခများ ကာကွယ် တားဆီးရေး၊ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ ဆက်ဆံရေး စသည်တို့ကို ၂ နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးကြကြောင်း သိရသည်။
ထို့နောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကျင်းပ၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ၂ နိုင်ငံ ခေါင်းဆောင်များက ပြန်လည် ဖြေကြားခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ တိုက်ရိုက် ဆက်ဆံရေးကို ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဂုဏ်ထူးဆောင် ဆွစ်ဇာလန် ကောင်စစ်ဝန်ရုံးကို ၁၉၅၇ ခုနှစ်မှ ၁၉၆၅ ခုနှစ် အထိသာ ဖွင့်လှစ်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် သံရုံးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သည်။
ထိုစဉ်က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သူ ယခု ဆွစ်ဇာလန် သမ္မတ Mr. Didier Burkhalter က ရန်ကုန်ရှိ ဆွစ်ဇာလန် သံရုံးကို ဖွင့်လှစ်ပေးခဲ့သည်။ ထိုခရီးစဉ်တွင် Mr. Didier Burkhalter သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။
ဆွစ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီအတွက် ၂၀၁၂ ခုနှစ်က ဒေါ်လာ ၁၁ သန်း ကူညီခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ သန်း ၂၀ အထိ တိုးပေးခဲ့ပြီး လာမည့်၂၀၁၆ ခုနှစ်အထိ နှစ်စဉ် ဒေါ်လာ ၃၅ သန်း ကူညီ မည်ဟူသော သတင်းစကားကို Mr. Didier Burkhalter က ထိုစဉ်ကတည်းက ပြောဆိုခဲ့သည်။
ထို့အပြင် Mr. Didier Burkhalter သည် အဆင့်မြင့် ပညာရေး နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပညာရှင် ၁၅ ဦးကို နှစ်စဉ် လက်ခံ မည် ဟုလည်း ၂၀၁၂ ခုနှစ်ကတည်းက ဖိတ်ခေါ်ခဲ့သည်။ ထိုပညာရှင်များအနေဖြင့် ဒီမိုကရေစီ၊ ဖက်ဒရယ် စနစ်နှင့် နိုင်ငံတကာ လူ့ အခွင့်အရေး ဆိုင်ရာ ဘာသာရပ်များကို ဆွစ်ဇာလန်နိုင်ငံတွင် လေ့လာသင်ယူနိုင်ရန် ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့သည့် ပုဂံမြို့ ဟောင်း ပြုပြင်ထိန်းသိမ်းရန် အတွက်လည်း အမေရိကန် ဒေါ်လာ ၁ သိန်းကို ၂၀၁၂ ခုနှစ်က ကူညီပေးခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံက ဖိတ်ခေါ်၍ မြန်မာအတိုက်အခံ ခေါင်းဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း အလည်အပတ် သွားခဲ့သေးသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသော ဦးသိန်းစိန် အစိုးရ၏ ဝန်ကြီး ဦးအောင်မင်းလည်း ဆွစ်ဇာလန် သို့ အလည်အပတ်သွားခဲ့ဖူးသည်။
ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှ ထုတ်ပြန်ချက်အရ ၂၀၁၃ ခု နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတွင် ဆွစ်နိုင်ငံသား စုစုပေါင်း ၈၄ ဦး နေထိုင်နေကြပြီး ၂၄ ဦးသည် ၂ နိုင်ငံ နိုင်ငံသား ခံယူထားသူများ ဖြစ်ကြောင်း သိရသည်။ သို့သော် ၂ နိုင်ငံ နိုင်ငံသား ဆိုသူ များသည် မြန်မာ-ဆွစ်ဇာလန် ၂ နိုင်ငံသား ခံယူထားသူများ ဟုတ်၊ မဟုတ် ရှင်းလင်းစွာ ဖော်ပြမထားပေ။
ဆွစ်ဇာလန်နိုင်ငံသည် အာရှ-ပစိဖိတ် ဒေသအား မဟာဗျူဟာမြောက် ဒေသအဖြစ် သတ်မှတ်ပြီး ဒေသတွင်းနိုင်ငံများနှင့် ဆက် ဆံ ရေး တိုးမြှင့်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း ၁၉၅၀ ပြည့်လွန် ကာလများက ကမ္ဘာ့ ဆန်တင်ပို့မှု အကြီးဆုံး နိုင်ငံဖြစ်သည့် အတွက် စီးပွားရေး တိုးတက်မှု အတွေ့အကြုံရှိ၍ ဒေသတွင်းနိုင်ငံများအတွင်း စီးပွားရေး ဗဟိုချက်ကြသည့် နိုင်ငံဖြစ်လာမည်ဟု ဆွစ်ဇာလန် ဖက်ဒရယ် ကောင်စီက မှတ်ချက်ပေးထားသည်။
မြန်မာနိုင်ငံတွင် ဆွစ်ဇာလန် ကုမ္ပဏီတချို့လည်း ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ဆွစ်ဇာလန် Nestle ကုမ္ပဏီက ယခုနှစ်မှစတင်၍ ၆ နှစ် ကာလအတွင်း ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။
၂ နိုင်ငံ ဆက်ဆံရေး အားကောင်းခဲ့စဉ် ယခင်က မြန်မာ ငွေစက္ကူများ အတွက် ဆွစ်ဇာလန် ဘဏ်များတွင် ရွှေ အပေါင်ထားခဲ့ သည်ဟုလည်း ဗြိတိန် အခြေစိုက် Burma gazetteer အွန်လိုင်း သတင်း တပုဒ်တွင် ဖော်ပြထားသည်။ သို့သော် ရွှေပေါင် မည် သည့် ပမာဏ ထားရှိပြီး မည်သည့် ပမဏ ထုတ်ယူခဲ့သည်ကိုမူ ဖော်ပြမထားပေ။
ဆွစ်ဇာလန်နိုင်ငံသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ဖြစ်ပွားပြီး နောက်ပိုင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုး ဖောက်မှုများအတွက် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့များ ပြုလုပ်ခဲ့သည်။
ဥရောပ သမဂ္ဂအဖွဲ့ဝင် မဟုတ်သော ဆွစ်ဇာလန်နိုင်ငံက ယခင် အာဏာရှင်ဟောင်း ဦးနေဝင်းအပါအဝင် ထိုစဉ်က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစုဝင်များ၏ ဆွစ်ဇာလန် ဘဏ်များတွင် ဖွင့်လှစ်အပ်နှံထား သော ငွေစာရင်းများကို ထုတ်ယူ၍ မရရန် ပိတ်သိမ်း ရပ်ဆိုင်းခဲ့သည်။
၂၀၀၀ ခုနှစ်မေလက မြန်မာ စစ်ခေါင်းဆောင်များနှင့် မိသားစုဝင်များ၊ ၎င်းတို့နှင့် ပတ်သက် ဆက်နွှယ်သူများကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှု ပြုလုပ်ရာ၌ ဆွစ်ဇာလန် ဘဏ်များရှိ စာရင်းတွင် လူပေါင်း ၂၇၀ မှ ၃၉၂ ဦးအထိ တိုးမြှင့် ကန့်သတ် ပိတ်ပင် ခဲ့ သည်။
၂၀၁၂ ခုနှစ်မေလက ပိတ်ဆို့ ဒဏ်ခတ်မှု များစွာကို ရုပ်သိမ်းမှု လုပ်ဆောင်ခဲ့သည်။ သို့သော် စစ်လက်နက် ပစ္စည်းများ မြန်မာ ကို ရောင်းချမှု အတွက် ဆက်လက် ကန့်သတ် ပိတ်ပင် ထားဆဲဖြစ်သည်။
၁၉၇၀ ကျော်ကာလများနှင့် ၁၉၈၀ ကျော် ကာလများက ဆွစ်ဇာလန်နိုင်ငံ Pilatus ကုမ္ပဏီက မြန်မာနိုင်ငံသို့ ရောင်းချခဲ့သော လေယာဉ်များကို မြန်မာ အစိုးရစစ်တပ်က တိုင်းရင်းသားများနှင့်ဖြစ်ပွားသော စစ်ပွဲများတွင် အသုံးပြုခဲ့မှုနှင့်ပတ်သက်၍ အငြင်းပွား မှုများ ရှိခဲ့ကြောင်း ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂ နိုင်ငံ ကုန်သွယ်ရေးတွင် ဆွစ်ဇာလန်နိုင်ငံက ဆေးဝါး၊ ဓာတ်မြေသြဇာ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ စက်ယန္တရား များကို မြန်မာနိုင်ငံသို့ တင်သွင်းနေပြီး မြန်မာနိုင်ငံမှ ချည်ထည်၊ ပရိဘောဂနှင့် စိုက်ပျိုးရေး ထွက်ကုန်များကို ဆွစ်ဇာလန်သို့ တင်ပို့လျက် ရှိကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် ဆွစ်ဇာလန် ခရီးစဉ်အတွင်း ဘန်းမြို့ရှိ အသုံးချ သိပ္ပံပညာ တက္ကသိုလ်နှင့် စိုက်ပျိုးရေးခြံတို့ကိုလည်း သွားရောက် လေ့လာခဲ့သည်။
ထို့အပြင် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်စက်ရုံသို့လည်း သွားရောက် လေ့လာခဲ့ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ ပညာရှင်များက ရှင်းပြသည့် ဖက်ဒရယ်စနစ်ကိုလည်း အချိန်ပေး နားထောင်ခဲ့ကြောင်း သိရသည်။
ဦးသိန်းစိန်သည် စက်တင်ဘာ ၂ ရက် မှ ၄ ရက်အထိ ဂျာမနီ နိုင်ငံသို့လည်း သွားရောက်၍ တာဝန်ရှိသူများနှင့် စီးပွားရေး ဆိုင်ရာများ ဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၁ ရက်နေ့က စတင်သည့် သမ္မတ ဦးသိန်းစိန်၏ တတိယ အကြိမ် ဥရောပ ခရီးစဉ်တွင် ဂျာမနီ၊ ဆွစ်ဇာလန်၊ နယ်သာလန် နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။