ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်နေကြသော တရုတ် နိုင်ငံသား များနှင့် ပဋိက္ခ ဖြစ်ပွားခဲ့သည့် မြန်မာလုပ်သား ၁၇ ဦးကို ထောင်ဒဏ် ၆ နှစ်မှ ၁၀ နှစ် အထိ ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ချခံရသူများအား ပြီးခဲ့သည့် မတ်လအတွင်းက ပိုင်နက်ကျူးကျော် ဝင်ရောက်၍ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၅၊ မီးရှို့မှု ၄၃၆၊ အုပ်စုဖွဲ့ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် အရေးယူ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို မြန်မာ အလုပ်သမားများကို စက်တင်ဘာလ ၅ ရက်က အမ်းမြို့နယ် တရားရုံးမှ စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအေးကျော်သန်းက ဧရာဝတီကို ပြောပြသည်။
“၃ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်၊ ကျန်တဲ့ ၁၄ ဦးကို ထောင်ဒဏ် ၆ နှစ်စီ ပုဒ်မ အလိုက် စီရင်ချက် ချတာပါ၊ အဲဒီ လူတွေကို ကျောက်ဖြူ ထောင်ကို ပို့လိုက်ပါတယ်၊ ကျနော်တို့လည်း မကြာခင် အယူခံဝင်သွားဖို့ ပြင်ဆင်နေပါတယ်”ဟု ရှေ့နေ ဦးအေးကျော်သန်း က ဆိုသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင် အုပ်စု ရေနံပိုက်လိုင်း ကြားခံ စခန်းတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ်နှင့် မြန်မာ ဝန်ထမ်းများသည် ယခုနှစ် ဇန်နဝါရီ ၂၆ ရက်က အချင်းများကြရာမှ အဆောက်အအုံတချို့ ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် အိမ်တအိမ်တည်း၌ အတူနေထိုင်ကြပြီး အိမ်အပေါ်ထပ်တွင် နေထိုင်သည့် တရုတ်ဝန်ထမ်း တချို့က အပေါ်ထပ်မှ ရေ သွန်ချရာ အောက်ထပ်တွင် နေထိုင်သည့် မြန်မာ အလုပ်သမား ၂ ဦး ရေစိုသွားခြင်းကို မကျေနပ်ရာမှ ပဋိပက္ခ ဖြစ်ခဲ့ကြခြင်း ဖြစ် သည်။
အခင်းဖြစ်ပွားရာတွင် မြန်မာနိုင်ငံသား အလုပ်သမားများက လူစုလူဝေးဖြင့် အဆောက်အအုံများအား ဖျက်ဆီးခြင်း၊ ရုံးခန်းများကို ဖျက်ဆီးခဲ့ခြင်းကြောင့် အရေးယူရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှင့် အခင်းဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံသားများကိုလည်း ထိုနေရာ၌ နေခွင့် မပေးတော့ကြောင်း၊ ယခု ထောင်ချခံရသူများ အနေဖြင့် အယူခံဝင်ပါက ထောင်ဒဏ် လျော့ပါးသွားနိုင်ကြောင်း အမ်းမြို့နယ် ရဲစခန်း မှ တာဝန်ရှိသူတဦးက ဧရာဝတီ သို့ ပြောသည်။
ထို ရဲစခန်း တာဝန်ရှိသူက “စဖြစ်တာက တရုတ်တွေနဲ့ ဖြစ်ပေမယ့် တရုတ်တွေက ဘာမှပြန်မလုပ်ကြပါဘူး၊ မြန်မာတွေကပဲ လူစု လူဝေးနဲ့ မီးရှို့တာ၊ ရုံးခန်းတွေ ဖျက်ဆီးတာ လုပ်ကြတာပါ၊ တရုတ်တွေကို အရေးမယူဘူး ဆိုတာမျိုးလည်း မဟုတ်ပါဘူး၊ ပြဿနာ စဖြစ်ခဲ့တဲ့ တရုတ်တွေကို သူတို့နိုင်ငံ ပြန်ပို့လိုက်ပါတယ်”ဟုလည်း ပြောဆိုသည်။
မြန်မာ-တရုတ် ဝန်ထမ်းများ အခင်းဖြစ်ပွားခဲ့သည့် နေရာသည် အမ်းမြို့မှ ၂၂ မိုင်ခန့် ဝေးကွာပြီး ရခိုင်ပြည်နယ်နှင့် မကွေး တိုင်း နယ်စပ်၊ ရန်ကုန်-စစ်တွေ လမ်းပေါ်တွင်ရှိသည့် ဆီသန့်ထုတ် ကြားခံစခန်းနေရာ တခု ဖြစ်သည်။
ယင်းစခန်း၌ တရုတ်ဝန်ထမ်း ၈၀ ခန့်နှင့် မြန်မာနိုင်ငံသား အလုပ်သမား ၁၅၀ ဝန်းကျင် လုပ်ကိုင်လျက်ရှိပြီး မြန်မာဝန်ထမ်း အများစုမှာ မကွေးတိုင်း ငဖဲမြို့နယ်မှ လာရောက်လုပ်ကိုင်ကြသည့် တောင်ပေါ် ချင်း တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်မှ တရုတ်ပြည်သို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက်လိုင်းတွင် လုပ်ကိုင်နေကြသော မြန်မာနှင့် တရုတ် ဝန်ထမ်းများ အကြား မကြာခဏ အငြင်းပွားမှု ဖြစ်ပွားလေ့ ရှိသော်လည်း မြန်မာအာဏာပိုင်များက တရုတ်လူမျိုးများ အပေါ် ထိထိ ရောက်ရောက် အရေးယူမှု မရှိကြောင်း၊ ယခု ထောင်ဒဏ်ချမှတ် ခံရသူများ၏ ပြစ်ဒဏ်သည် တရားမျှတမှု မရှိကြောင်း အမှုကို ကူညီပေးနေသူများက ပြောဆိုကြသည်။
ထိုအမှုကို ဗဟို တရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်း အပါအဝင် ရှေ့နေ ၄ ဦး က လိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရ သည်။