Crime

မော်ဒယ်လ် အေးချမ်းမြတ်မိုး သေဆုံးမှု နောက်ကွယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဈေးရောင်း ဈေးဝယ်များ၏ အသံများ၊ သီချင်းသံ၊ ကားဟွန်းသံများ၊ သွားလာလှုပ်ရှားသူများနှင့် ဦးဝိစာရ အိမ်ရာဝင်း၏ ညနေခင်းက ပုံမှန်အတိုင်း သက်ဝင် လှုပ်ရှားနေသည်။

ရုံးမှ ပြန်လာသည့် အေးချမ်းမြတ်ဖြိုးက လွယ်အိတ်ကို ချအပြီးတွင် ညစာအတွက် ခေါက်ဆွဲခြောက်ထုပ် ဝယ်ခဲ့ဖို့ ညီမဖြစ်သူ မော်ဒယ်လ် အေးချမ်းမြတ်မိုးကို ဖုန်းဆက်မှာလိုက်သည်။ အေးချမ်းမြတ်မိုးက သူရိုက်ကူးခဲ့သည့် Sunsilk ခေါင်းလျှော်ရည် ကြော်ငြာ အခွေကို သူငယ်ချင်းများထံ သွားကြည့်နေခြင်း ဖြစ်သည်။

နာရီကို သူ ကြည့်မိလိုက်တော့ ည ၇ နာရီခန့်ရှိပြီဖြစ်သည်။ အေးချမ်းမြတ်မိုးကို ဖုန်းဆက်ပြီး အချိန် ၁၅ မိနစ်ခန့် အကြာတွင် အေးချမ်းမြတ်ဖြိုး လုံးဝ ထင်မှတ်မထားသော ထိတ်လန့်တကြား အသံများကို ကြားလိုက်ရ၏။

“အမေရေ ကယ်ပါဦး၊ သမီးကို ဓားနဲ့ထိုးသွားပြီ” ဆိုသည့် ညီမဖြစ်သူ၏ အော်သံကို ကြားလိုက်ရပြီး အိမ်ရှေ့ သံပန်းတံခါး ရှေ့ရောက်လာသော သွေးများစိုရွှဲနေသည့် ညီမဖြစ်သူကိုပါ တွေ့လိုက်ရသည်။

အမေနှင့် အတူ အိမ်ရှေ့သံပန်းတံခါးကို ဖွင့်ဖို့ကြိုးစားသော်လည်း ညီမဖြစ်သူ၏ ဖြစ်အင်ကို ကြည့်ပြီး ဇောကပ် နေသောကြောင့် သံပန်းတံခါးက ချက်ခြင်းဖွင့်၍မရ၊ မောင်ဖြစ်သူ ဝဏ္ဏ ကတော့ တံခါးပွင့်လာသည်ကို စောင့်မနေတော့ဘဲ အိမ်ရှေ့ ဝရန်တာကို ခုန်ကျော်၍ ပြတင်းပေါက်မှ ပြန်ခုန်ဆင်းကာ ညီမဖြစ်သူ အေးချမ်းမြတ်မိုးကို ပွေ့လိုက်သည်။

အထက်ပါ အခြေအနေများက သြဂုတ် ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သော အသက် ၂၀ အရွယ်ရှိ တက်သစ်စ မော်ဒယ်လ် အေးချမ်းမြတ်မိုး၏ အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုးက ဧရာဝတီသို့ ပြန်လည် ပြောပြချက်များ ဖြစ်သည်။

“ဝုန်းကနဲ အသံတချက် ကြားလိုက်တယ်၊ ညီမလေးရဲ့ အမေရေ ကယ်ပါဦးဆိုတဲ့ အသံ ထပ်ထွက်လာတယ်။ ကျမနဲ့ မောင်လေးလည်း ကြားကြားချင်း အိမ်တံခါးကို ဖွင့်ဖို့ ကြိုးစားပြီး ညီမလေးကို ကယ်တယ်။ ညီမလေးမှာ သွေးတွေရွဲှနေပြီ၊ ဆေးရုံကို အမြန်ပို့ပေမယ့်လည်း သွေးလွန်ပြီး ဆုံးသွားတယ်” ဟု ညီမဖြစ်သူ အသက်ရှင်ခဲ့စဉ် နောက်ဆုံးမြင်ကွင်းကို မျက်မြင် တွေ့ကြုံလိုက်ရသည့် အေးချမ်းမြတ်ဖြိုးက ပြောပြသည်။

သြဂုတ် ၂၆ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်တွင် အေးချမ်းမြတ်မိုးကို တဖက်သတ် ချစ်ကြိုက်နေသူ ကိုအံ့ဖြိုးပိုင်က မိန်းကလေး၏ ဝဲဘက်လည်ပင်းကို ဓားဖြင့် တချက်ထိုးကာ သတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုဝင်များ၏ အဆိုအရ သိရသည်။

မည်သည့် အကြောင်းပြချက်များကြောင့် ယခုကဲ့သို့ ဓားဖြင့် ထိုးခဲ့သည်အထိ ဖြစ်ပွားခဲ့ရသည် ကိုတော့ ကာယကံရှင် ၂ ဦးသာ သိနိုင်မည့် ကိစ္စဖြစ်သည်။

“အဖြစ်အပျက်တွေကို ဘယ်လိုမေ့ရမလဲ၊ ဒါတွေ အိပ်မက်ဖြစ်ရင် ကောင်းမယ်၊ ညီမလေးက အိမ်ကနေ ဘယ်ကို ထွက်ထွက် ကျမနဲ့ အတူတူသွားနေကြ။ မဟုတ်လည်း အဖော်ပါတယ်။ အဲဒီနေ့ ကမှ သူတယောက်တည်း ဖြစ်သွားရှာတာ” ဟု အေးချမ်းမြတ်ဖြိုးက ဆိုသည်။

အနုပညာလောကမှ မော်ဒယ်လ် တချို့၊ မီဒီယာတချို့နှင့် လူမှုကွန်ရက် facebook စာမျက်နှာများ ထက်တွင်တော့ ကွယ်လွန်သူ အေးချမ်းမြတ်မိုးနှင့် ကိုအံ့ဖြိုးပိုင်တို့မှာ ချစ်သူရည်းစားများ ဖြစ်သည်ဟု ပြောဆို ရေးသားထားကြသည်။
စကားများရန်ဖြစ်ရာမှ လက်လွန်သွားခြင်း ဖြစ်သည်ဟုလည်း တချို့ကလည်းပြောကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှုခင်းဌာနက စစ်ချက်တွင်လည်း သေဆုံးသူ အေးချမ်းမြတ်မိုးနှင့် သူ့ကို သတ်လိုက်သည့် ကိုအံ့ဖြိုးပိုင် တို့မှာ သမီးရည်းစားများ ဖြစ်ကြသည်ဟု ဖော်ပြပါရှိနေသည်။

“ဒီကောင်လေးရဲ့ စာရိတ္တကို မကြိုက်လို့ အိမ်ကို အလာမခံတော့တာ ကြာပြီ။ ညီမလေးနဲ့ အရင်တုန်းက ပတ်သက်မှု ရှိရင်ရှိခဲ့နိုင်တယ်၊ ဒါပေမယ့် အခုအချိန်မှာ ဘာပတ်သက်မှုမှ မရှိဘူး၊ သူက တဖက်သတ်ဖြစ်နေတာ” ဟု သေဆုံးသူ၏ အစ်မ ဖြစ်သူ အေးချမ်းမြတ်ဖြိုးက ရှင်းပြသည်။

အေးချမ်းမြတ်မိုးသည် ဒဂုံအဝေးသင် တက္ကသိုလ်တွင် ဒုတိယနှစ် အင်္ဂလိပ်စာ ဘာသာရပ် တက်ရောက် သင်ယူနေသူ ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လက Parkson ကုန်တိုက်မှ ပြုလုပ်သည့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း
အနုပညာ လောကထဲသို့ ရောက်လာသူဖြစ်သည်။ Laurel Art Academy အနုပညာ သင်တန်းကျောင်းတွင် ပညာဒါန သင်တန်း တက်ရောက်နေသည်မှာ ၅ လခန့် ရှိပြီဟု သိရသည်။

သူ၏ အနုပညာသက်တမ်း မကြာမြင့်သေးသော်လည်း “သစ္စာ မယွင်း ချစ်ခြင်းမေတ္တာ” အမည်ရ ရုပ်ရှင် ဇာတ်လမ်းတိုတွင် ခေါင်းဆောင်မင်းသမီး အဖြစ်လည်းကောင်း၊ နာမည်ရ မဂ္ဂဇင်းတချို့တွင် မျက်နှာဖုံးရှင် အဖြစ်လည်းကောင်း၊ ကြော်ငြာနှင့်
အလှဓာတ်ပုံများကို လည်းကောင်း ရိုက်ကူးခဲ့ရသူ ဖြစ်သည်။

“ရုပ်ရည်လည်း Perfect ဖြစ်တယ်၊ စိတ်ထားလည်း ဖြုစင်တယ်၊ အလားအလာရှိတဲ့ ကျောင်းသူ တယောက်ပါ။ ပညာဒါန သင်တန်းကို အမှတ်စဉ်နံပတ် ၁ အနေနဲ့ ဝင်ခဲ့တဲ့သူပါ။ ကိုယ်ပိုင် Talent လည်း ရှိတဲ့အတွက် ရုပ်ရှင်၊ ဇာတ်လမ်း လေးတွေ ရိုက်ရင် သူ့ကို ထည့်ရိုက်ဖြစ်ခဲ့တယ်” ဟု အေးချမ်းမြတ်မိုး တက်ရောက်ခဲ့သည့် Laurel Art Academy အနုပညာ သင်တန်းကျောင်းမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

“စိတ်ထားဖြူစင်တဲ့ သူငယ်ချင်းကို ရက်ရက်စက်စက် လုပ်ရက်လိုက်တာ”
“လူမရှိတော့ပေမယ့် နာမည်က ရှင်သန်နေမှာပါ”
“ကိုယ်ချင်းစာတရား မရှိလိုက်တာနော်” စသည့် ဆုတောင်းစကား၊ ဝမ်းနည်းစကားများနှင့် နှုတ်ဆက် စကားပေါင်း များစွာကလည်း မော်ဒယ်လ် အေးချမ်းမြတ်မိုး၏ ကိုယ်ပိုင် facebook စာမျက်နှာ ထက်တွင် အများအပြား တွေ့ရသည်။

“စိတ်သဘောထား ဖြူစင်ပြီး အနုပညာလောကမှာ နေရာတခု ရအောင် ကြိုးစားနေတဲ့ ကျမ သူငယ်ချင်းလေး ကောင်းရာမွန်ရာ ရောက်ပါစေ” ဟု သူ၏ သူငယ်ချင်းတဦးဖြစ်သူ ရွှေဝန်းရံက သေဆုံးသွားသူ အေးချမ်းမြတ်မိုး၏ facebook စာမျက်နှာထက်တွင် ဆုတောင်းစကား ဆိုထားသည်။

သူ၏ သူငယ်ချင်းကို သတ်သွားသူ ကိုအံ့ဖြိုးပိုင်၏ ပုံကို လူအများအပြားအား သိစေချင်သည့်အတွက် ကွယ်လွန်သူ အေးချမ်းမြတ်မိုး၏ ဖုန်းထဲမှ ဓာတ်ပုံကို facebook စာမျက်နှာမှ တဆင့် တင်ပေးလိုက်သည်ဟု ရွှေဝန်းရံက သူ၏
facebook တွင် ရေးသားထားသည်။

မော်ဒယ်လ် အေးချမ်းမြတ်မိုးကို ဓားဖြင့်ထိုး၍ သတ်ခဲ့သူဟု ဆိုကြသည့် ကိုအံ့ဖြိုးပိုင်မှာ အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး ဦးဝိစာရ အိမ်ရာ တိုက်အမှတ် ၂ တွင် နေထိုင်သူဖြစ်သည်။ သူသည် ဆေးတက္ကသိုလ် ပထမနှစ်မှ နားထားသူ ဖြစ်ကြောင်း၊ လက်ရှိတွင် သိပ္ပံဘွဲ့ ဂုဏ်ထူးတန်း တက်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။

“ကောင်လေးက အေးအေးဆေးဆေး နေတတ်တဲ့ စရိုက်ပါ၊ စာလည်း တော်တယ်။ သူ့မှာ အရမ်းကို မခံမရပ်နိုင်တဲ့ သဘောရှိလို့ အခုလို လုပ်လိုက်တယ်ထင်တယ်။ တကယ်တော့ သူလည်း သနားဖို့ကောင်းတယ်” ဟု ဦးဝိစာရ
အိမ်ရာဝင်းအတွင်း နေထိုင်သူ အမျိုးသမီးတဦးက ပြောပြသည်။

လက်ရှိတွင် ကိုအံ့ဖြိုးပိုင်ကို ဒဂုံမြို့မ ရဲစခန်းက ပ/၁၈၄/၁၄/ (ပြစ်မှုပုဒ်မ ၃၀၂) ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ရဲအုပ်ဇာနည်ထွဋ် က အမှုအသွားအလာများ စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

“တရားခံ ကတော့ ဒေါသထွက်လာတဲ့ အလျောက် ဓားနဲ့ထိုး လိုက်တယ်လို့ ပြောတယ်။ အဲဒီအချိန်က သူ့မှာ မူးယစ်ဆေးဝါး သုံးစွဲထားတာ မရှိဘူး” ဟု ရဲအုပ်ဇာနည်ထွဋ်က ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားခဲ့ရာ အိမ်ရာအနီးအဝိုက်တွင် နေထိုင်သူ တချို့ကမူ ကိုအံ့ဖြိုးပိုင်သည် အေးချမ်းမြတ်မိုး နေထိုင်ရာ တိုက်အောက်တွင် အချိန်ကြာမြင့်စွာ စောင့်နေခဲ့ကြောင်း၊ နောက်ပိုင်း ဆူညံသည့် အသံများကြားရပြီး ဓားကိုင်လျှက် ပြေးထွက်လာသည့် ကိုအံ့ဖြိုးပိုင်ကို တွေ့ကြရာ ရပ်ကွက်မှ လူတချို့က ကိုအံ့ဖြိုးပိုင် ကိုဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံလိုက်ခြင်း ဖြစ်ကြောင်း အေးချမ်းမြတ်မိုး၏ မိသားစုဝင်များက ပြောပြသည်။

“ဘယ်သူ့ကို မဆို ခင်ခင်မင်မင် ဆက်ဆံတတ်တဲ့သူကို ဘာလို့ အငြိုးတကြီး လုပ်လဲမသိဘူး။ ညီမလေး ဖုန်းထဲက မက်ဆေ့ချ် အသွားအလာတွေ အရဆိုရင် အံ့ဖြိုးပိုင်က တဖက်သတ်ကြီး ဖြစ်နေတယ်။ ညီမလေးက မကောင်းတတ်လို့
စကားတချို့ ပြန်ပြောတာပဲရှိတယ်” ဟု ကွယ်လွန်သူ၏ အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုးက ဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း သမီးရည်စားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခြင်း၊ ရည်းစားဟောင်း သို့မဟုတ် ပတ်သက်ခဲ့ဖူးသူက အကြောင်းကိစ္စတခုခု ပေါ်မူတည်၍ မကျေမနပ်ဖြစ်ကာ သတ်လိုက်ခြင်းစသည့် မှုခင်း အများအပြား ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အသက် ၂၆ နှစ်ဝန်းကျင် အမျိုးသမီးကို သူ၏ ချစ်သူက နေအိမ်တွင်ပင် ဓားဖြင့်ထိုး သတ်ပစ်လိုက်သည့်အမှု၊ နယ်မြို့တခုတွင်လည်း ချစ်သူ ကောင်မလေးက လက်မထပ်ဟု ဆိုသဖြင့် ကောင်လေးက ဓားနှင့် ထိုးသတ်လိုက်ပြီး သူ့ကိုသူလည်း သတ်သေသည့် အမှုများအပါအဝင် မှုခင်းအများအပြား ဖြစ်ပွားခဲ့သည်။

လတ်တလော နောက်ဆုံးဖြစ်သွားသည့် အမှုမှာ စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် အင်းစိန်လမ်းမပေါ်ရှိ ပုဂ္ဂလိက ငွေချေးလုပ်ငန်းမှ ဝန်ထမ်း အမျိုးသမီးကို သူ၏ ရည်းစားဖြစ်သူက ကုမ္ပဏီရေချိုးခန်း၌ပင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ကာ သူကိုယ်တိုင်ကလည်း သေကြောင်းကြံစည်မှု ဖြစ်သည်။ သို့သော်လည်း သေကြောင်းကြံမှု အထမမြောက်ခဲ့ပေ။ ထို ဓားထိုးမှုသည်လည်း ချစ်သူမိန်းကလေးက နောက်တယောက် တွေ့နေသည်ဟု သံသယအပေါ် မူတည်သည့် ရည်းစားသနာကိစ္စတွင် အခြေခံနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading