သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ သက်တမ်း တနှစ်ခွဲခန့် ကျန်ရှိတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ စီပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပါအဝင် အခြေခံ အဆောက်အအုံများ ပြုပြင်ပြောင်းလဲမှု၊ ရန်ကုန် လူထု ၏ လိုအပ်ချက် စသည်တို့နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော်၏ ဆောင်ရွက်ချက် အခြေအနေများကို ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းအား ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ရန်ကုန်တိုင်း လွှတ်တော်ရဲ့ အခန်းကဏ္ဍကို သိချင်ပါတယ်။ ရန်ကုန်တိုင်း လွှတ်တော်ဟာ ပြည်သူ့ အသံကို ဘယ်လောက် ထင်ဟပ်စေပါသလဲ။
ဖြေ။ ။ ရန်ကုန်တိုင်း လွှတ်တော်ကို လေ့လာကြည့်တဲ့အခါ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် ရှိတယ်။ ဒီနိုင်ငံမှာ ပြည်ထောင်စု လွှတ်တော်ပြီးရင် ဒုတိယ အကြီးဆုံး လွှတ်တော်တခု ဖြစ်တယ်။ ရန်ကုန်မြို့က မြန်မာပြည်မှာ လူဦးရေ အများဆုံးနေ တဲ့ မြို့တော်တခု ဖြစ်တယ်လေ။ လူဦးရေ အများဆုံး မြို့တော်ဖြစ်တဲ့ အတွက် လူထုအသံကို ဘယ်လောက် တင်ပြနိုင်လဲဆိုတဲ့ နေ ရာ မှာ တခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုယှဉ်ပြီး ပြောရမှာပေါ့။
တခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေနဲ့ ယှဉ်တဲ့အခါမှာ ရန်ကုန်တိုင်း လွှတ်တော်က မကြာမကြာ ကျင်းပနိုင်တာမျိုး မရှိဘူး။ မရှိတဲ့ အတွက်ကြောင့်မို့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် ရန်ကုန်တိုင်း လွှတ်တော်ဟာ ပြည်သူလူထုရဲ့အသံ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို အချိန်နဲ့ တပြေးညီ မတင်ပြနိုင်ဘူး။ ဥပမာ ဇွန်လမှာ ရေကြီးတယ် ဆိုပါတော့၊ ဒါပေမယ့် လွှတ်တော်ကို သြဂုတ်လ အကုန်မှာမှ ခေါ်နိုင်တာ။ ဒါဟာ ထင်ရှားတဲ့ ဥပမာပဲ။
ပြီးတော့ သမီးကလေးရွာမှာ လယ်မြေသိမ်းခံရတဲ့ ကိစ္စမျိုးတွေ ဖြစ်တယ်။ အဲဒီလို ကိစ္စမျိုးတွေ အပါအဝင် ပြည်ထောင်စု လယ်ယာမြေ ကော်မရှင်က ရန်ကုန်တိုင်း အစိုးရကို ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့ လယ်ယာမြေ အမှုပေါင်း ၉၀၀ ကျော် ၁၀၀၀ နီးပါး ရှိတယ်။ တကယ် လက်တွေ့မှာ ရန်ကုန်တိုင်း အစိုးရက ဖြေရှင်းနိုင်တာက အမှု ၁၀၀ ကျော်ပဲ ရှိတယ်။
အဲဒီလို တိုင်းအစိုးရက မဖြေရှင်းနိုင်ရင် လွှတ်တော်က ဖိအားပေးပြီးသော် လည်းကောင်း၊ ကော်မတီ ဖွဲ့ပြီးသော်လည်းကောင်း ဆောင်ရွက်ဖို့ဆိုတဲ့ နေရာမှာ လွှတ်တော်သည်ပင် ၄ လနေမှ တခါ ၊ ၅ လနေမှ တခါ ကျင်းပတဲ့ အတွက်ကြောင့်မို့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဟာ ပြည်သူလူထုရဲ့ အသံကို အချိန်နဲ့ တပြေးညီ မတင်ပြနိုင်တဲ့ လွှတ်တော် ဖြစ်နေတာပေါ့နော်။
မေး။ ။ တိုင်းလွှတ်တော်အနေနဲ့ တိုင်းဒေသကြီး အစိုးရကို ဘယ်လောက် Check and Balance (ထိန်းညှိခြင်း) လုပ်နိုင်ပါသလဲ။
ဖြေ။ ။ Check and Balance လို့ ပြောလာရင် တခြားသော တိုင်းပြည်တွေမှာတော့ အစိုးရ အဖွဲ့က ဆုံးဖြတ်သမျှကို ပါလီမန် လွှတ်တော်မှာ အတည်ပြုချက် ရယူရတယ်။ ဒါကြောင့်မိုလို့ တိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် လွှတ်တော်တွေကိုအပတ်စဉ်သော် လည်းကောင်း၊ လစဉ်သော် လည်းကောင်း ကျင်းပရတယ်။ ဒီမှာတော့ ၄၊ ၅ လ နေမှ တခါ ကျင်းပနိုင်တာမို့လို့ Check and Balance လုပ်နိုင်တဲ့အားက အရမ်းနည်းတယ်။
သို့သော် ဘယ်ဘက်မှာ အားကောင်းလည်း ဆိုတော့ လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက လမ်းပြင်ဖို့၊ တံတားဆောက် ဖို့ ကိစ္စတွေတော့ တော်တော်ပြောကြတယ်။ တောင်းဆိုကြတယ်။ အဲဒီလို ကိစ္စရဲ့ တဝက်ကျော်လောက်ကို အစိုးရက ဖြည့်ဆည်း ပေးနိုင်တယ်။ အခုက အစိုးရရဲ့ ဆောင်ရွက်မှုတွေကို Check and Balance လုပ်နိုင်တာ နည်းတယ်။
သို့သော် လွှတ်တော်ကိုယ်စားလှယ်တွေ တောင်းဆိုတဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို အစိုးရ အဖွဲ့က ဖြည့်ဆည်းပေးနိုင်တာ တွေ့ရတယ်။ အထူးသဖြင့် လမ်းတံတား ကိစ္စတွေ၊ ကျောင်းပြင်တဲ့ ကိစ္စတွေမှာ ဖြည့်ဆည်းပေးနိုင်တယ်။ ကျန်တဲ့ လွှတ်တော် တရပ်က အစိုးရ တရပ်ကို တကယ့်ထိန်းကျောင်းတဲ့ အဓိက ဘဏ္ဍာရေး ကိစ္စဆိုင်ရာ ကိစ္စတွေမှာတော့ လွှတ်တော်က လုံးဝကို မထိန်းကျောင်းနိုင် သလောက်ပဲ။
အစိုးရတင်တဲ့ ဘတ်ဂျက်ကို တင်တဲ့ အတိုင်းပဲ ၄ နှစ်ရှိပြီ။ ဒီအတိုင်းပဲ အတည်ပြု ပေးလိုက်ရတယ်။ ဘတ်ဂျက်နဲ့ ပတ်သက်ရင်တော့ ရန်ကုန်တိုင်းလွှတ်တော်သည် ရန်ကုန်တိုင်း အစိုးရကို Check and Balance လုပ်နိုင်တဲ့ Level သည် Zero ပဲ ရှိတယ်။
မေး။ ။ တိုင်းလွှတ်တော်မှာရော ဥပဒေပြုရေး ကိစ္စတွေ ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်လဲ။ လူတွေ လိုအပ်ချက်တွေနဲ့ရော ကိုက်ညီမှု ရှိရဲ့လား။
ဖြေ။ ။ လွှတ်တော် ဆိုတာက ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့အညီ ဥပဒေတွေကို ထုတ်ပြန် ရေးဆွဲနေဖို့ လိုတယ်။ ဥပမာ- ရန်ကုန်တိုင်း အတွင်းမှာ အိမ်ငှားရမ်းခ အရမ်းမြင့်မားတဲ့ ပြဿနာတွေ တက်နေတယ်။ အဲဒါဆိုရင် အိမ်ငှားရမ်းခတွေကို ကြီးကြပ်ဖို့ အတွက် ဥပဒေတရပ် အမြန် ရေးဆွဲပေးရမယ်။ နောက်တခုက တန်ဖိုးနည်းအိမ်ရာ ကိစ္စတွေကျတော့ လူထုအတွက်က ဈေးကြီး သလို ဖြစ်နေတယ်။ မတတ်နိုင်တဲ့ အနေအထား၊ အဲဒါမျိုးဆိုရင် ဥပဒေ ပြဌာန်းပြီးတော့ ဝယ်နိုင်တဲ့ လူတွေကို အငှားချထားတဲ့ စနစ် မျိုးနဲ့ ဥပမာ အနှစ် ၄၀ လောက်နေမှ သူတို့ ပိုင်ဆိုင်သွားမယ့် စနစ်မျိုးနဲ့ လုပ်ပေးရမယ်။
ပြည်သူလူထု အတွက် အရေးကြီးတဲ့ နေရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကိုလည်း လွှတ်တော်က မပြဋ္ဌာန်းနိုင်ဘူး။ နောက်ပြီး နေ့စဉ်လူတွေရဲ့ စားသောက်ရေးအတွက် ကုန်ဈေးနှုန်း မကြီးမြင့်အောင် အစိုးရက ဆောင်ရွက်ဖို့ အတွက်ကို လွှတ်တော်က ဘယ်လောက် ဖိအား ပေးနိုင်လဲဆိုရင် ဒီအပိုင်းမှာလည်း လိုအပ်တဲ့ ဥပဒေတွေ မပြဋ္ဌာန်းနိုင်ဘူး။ ပြည်သူလူထု အတွက် အရေးတကြီး လိုအပ်နေတဲ့ ဥပဒေ တွေကို လွှတ်တော်က ၄ နှစ် သက်တမ်း ဝင်လာတော့မယ် မပြဌာန်းနိုင်ပါဘူး။
ဘယ်လို ဥပဒေတွေ ပြဋ္ဌာန်းနိုင်လဲ ဆိုတော့ အစိုးရ အဖွဲ့က တင်သွင်းသော ဥပဒေများတော့ လွှတ်တော်က ပြဋ္ဌာန်းနိုင်တယ်။ အစိုးရ အဖွဲ့က တင်လာတဲ့ ဥပဒေကြမ်းတွေ မှန်သမျှကို ဒီနေ့အထိ လွှတ်တော်က ကန့်ကွက် နိုင်ခဲ့တာ မရှိဘူး။ ကန့်ကွက်သူ ရှိရင်တောင်မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ တင်ပြတဲ့အတိုင်း အတည်ဖြစ်သွားတာ များတယ်။ တဖက်စောင်းနင်း တအားကို ဖြစ်နေတဲ့ သဘော ပဲ။
မေး။ ။ ရန်ကုန်မှာ မိုးရွာရင် ရေလျှံတယ်။ ရေကြီးရေလျှံတာကို ကာကွယ်ဖို့ တိုင်းအစိုးရက ငွေကျပ် သန်းပေါင်းများစွာ သုံးတယ် ကြားရတယ်။ ဒါပေမယ့် ရေလျှံတုန်းပဲ ဆိုတော့ အဲဒါက စီမံခန့်ခွဲမှု ပြဿနာလို့ ပြောလို့ရမလား။
ဖြေ။ ။ ဒါကတော့ ဟုတ်တယ်။ ဘာကြောင့်လဲဆိုတော့ မြို့တော်ဝန်က ပြန်ဖြေသွားတာ ရှိတယ်။ ကျမမေးတဲ့ မေးခွန်းကို ပြန်ဖြေ တဲ့ အခါမှာ ရေကြီးရေလျှံတဲ့ ပြဿနာကို ဒီထက် ဘဏ္ဍာငွေတွေ အမြောက်အမြား သုံးစွဲနိုင်မှ ဒါကို ဟန့်တားနိုင်တော့မယ်လို့ ပြော တယ်။ ကျမကတော့ ဒါကို စီမံခန့်ခွဲမှု ပြဿနာလို့ပဲ ရိုးရိုးလေး ထင်တယ်။
အခုပဲကြည့် အရင်တုန်းက မသုံးဘူးတဲ့ ၁၀ ဘီလီယံကျော် သုံးတယ်။ ပြည်ထောင်စု အစိုးရကသုံးတဲ့ ငွေတွေပါ ပေါင်းမယ်ဆိုရင် ၁၆ ဘီလီယံ ၊ ၁၇ ဘီလီယံလောက်တော့ အနည်းဆုံး ရှိမယ်။ ရန်ကုန်မြို့ အတွက် ပြောတာနော်။ အဲဒီလိုဆို ကျမတို့ မေးခွန်း ထုတ်ရ မယ်။ ဒီလောက် ဘီလီယံပေါင်းများစွာ သုံးပြီးတော့ ရေကြီးရေလျှံတဲ့ ပြဿနာကို တကယ်ပဲ မဖြေရှင်းနိုင်ဘူး ဆိုတော့ တကယ်ပဲ လုပ်ရဲ့လားလို့ မေးခွန်း ထုတ်စရာတွေ ဖြစ်နေတယ်။ ဒါကြောင့်မိုလို့ ထင်ထင်ရှားရှား ပေါ်လွင်နေတာက ဒါဟာ ဘတ်ဂျက်ပြဿနာ မဟုတ်ဘူး။ စီမံခန့်ခွဲမှု ပြဿနာပဲ။
မေး။ ။ အခုအချိန်မှာ သမ္မတ ဦးသိန်းစိန်က Third Wave ဆိုတဲ့ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက အမီ လိုက်နိုင်ရဲ့လား။ ရန်ကုန်တိုင်း အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ တကယ်ရော လုပ်ပါရဲ့လား။
ဖြေ။ ။ တိုင်းအစိုးရက Third Wave ကို အမီလိုက်မယ်ဆိုပြီး အလုပ်ရုံ ဆွေးနွေးပွဲတခု လုပ်တယ်။ ဒေါက်တာ အောင်ထွန်းသက် လာပြောတယ်။ အလုပ်ရုံ ဆွေးနွေးပွဲ တကြိမ် ကျင်းပလိုက်တယ်။ ကျင်းပပြီးတာနဲ့ တပြိုင်တည်း သမ္မတကြီးရဲ့ Third Wave အကောင်အထည် ပေါ်သွားပြီလို့ ကောက်ချက် ချလိုက်ပုံရတယ်။ အဲဒီတကြိမ် ပြီးကတည်းက ဘာမှထပ်လုပ်တာ မတွေ့တော့ဘူး။
သမ္မတကြီးရဲ့ Third Wave ကို သမ္မတရုံးမှာပဲ ထားပြီးတော့ ရန်ကုန်တိုင်း အစိုးရက သူ့ဟာနဲ့သူ ဆက်လုပ်နေပုံ ရတယ်။ သမ္မတကြီး ရဲ့ Third Wave က ရန်ကုန်တိုင်းကို မရောက်တာတော့ သေချာတယ်။ ဒါကြောင့်မိုလို့ ကျမက ဒီလွှတ်တော်မှာ မေးတဲ့အခါတိုင်း မှာ အထူးပြုပြီးတော့ သမ္မတကြီးရဲ့ Third Wave အကြောင်းကို ထည့်မေးတယ်။
သမ္မတကြီးက တာဝန်ယူဖို့ ၊ တာဝန်ခံဖို့ ပြောတယ်။ အဲဒီတော့ မေးခွန်းတိုင်းမှာ ပြဿနာတွေကို ဘယ်သူက တာဝန်ယူမှာလဲ။ ဒီပြဿနာမျိုး နောက်နှစ် ဒါမျိုးဖြစ်ခဲ့ရင် ဘယ်သူက တာဝန်ခံမှာလဲ ဆိုတာမျိုးပေါ့။ အဲဒီလိုမေးရင် ဖြေတဲ့ဝန်ကြီးတွေက တည်ဆဲ ဝန် ထမ်း ဥပဒေအရ အရေးယူမယ် ဆိုတာမျိုးပဲ ပြောတယ်။ ထပ်ဆင့်မေးခွန်း ထပ်မေးတယ်။ မေးခွန်းထဲမှာကို မှတ်ချက်အနေနဲ့ ထည့်ပြီးတော့ တည်ဆဲ ဝန်ထမ်းဥပဒေ အရ အရေးယူပါမည်ဟု ယေဘုယျ ဆန်ဆန် မဖြေဘဲနဲ့ တိကျစွာ သတ်မှတ်ပေးစေ လိုပါသည်လို့ ထည့်မေးတာကို တည်ဆဲဝန်ထမ်း ဥပဒေနဲ့ အရေးယူပါမယ်လို့ ပြန်ဖြေတယ်။
အဲဒီလို ဝေဝေဝါးဝါး ယေဘုယျဆန်ဆန် ပြောလို့ မရဘူး။ ဒီနေရာမှ ရေကြီးလို့ရှိရင် ခရိုင်အဆင့်က တာဝန်ယူမလား၊ မြို့နယ်အဆင့် က တာဝန်ယူမှာလား။ စည်ပင်က တာဝန်ယူမှာလား။ ဆည်မြောင်း ဦးစီးဌာနက တာဝန်ယူမှာလား။ တာဝန်ခံမှုကို တိတိကျကျ ပြတ်ပြတ်သားသား လုပ်ဖို့ ပြောနေတာ။
ဒါပေမယ့် ဒီတခေါက် လွှတ်တော်မှာ အဲဒီလို မေးခွန်းတွေ မေးတဲ့အခါ တာဝန်ခံမှုနဲ့ ပတ်သက်ပြီး ဘာမှတိတိကျကျ တာဝန်ခံပြီး ဖြေ မသွားနိုင်ကြဘူး။ ဒါကြောင့် တာဝန်ယူမှု ၊ တာဝန်ခံမှုကို ရန်ကုန်တိုင်း အစိုးရက နားမလည် သေးဘူးလို့ပဲ ယူဆတယ်။ ဒေါက်တာ အောင်ထွန်းသက် လာပြီး ဆွေးနွေးပွဲ တကြိမ် လုပ်သွားတာကပဲThird Wave ပြီးပြီလို့ ယူဆနေပုံ ရတယ်။
မေး။ ။ ရေကောင်း၊ရေသန့် ရရှိဖို့ ၊ လျှပ်စစ်မီး ပုံမှန် ရရှိဖို့နဲ့ အိမ်ခန်းငှားခတွေနဲ့ အိမ်ခြံမြေဈေးနှုန်း မြင့်တက် နေမှုတွေကို မြို့လူထု ခါးစည်း ခံစားနေရတဲ့ အပေါ်မှာ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သင့်တယ်လို့ ထင်ပါလဲ။
ဖြေ။ ။ အဲဒါ ပြောတာပေါ့၊ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ အခုပြောနေတာ နိုင်ငံရေး Reform ကို ပြောတာ မဟုတ်ဘူး။ ခုနက မေးခွန်းထဲမှာပါတဲ့ Management Problem ပေါ့။ ဒီ Management Reform ကို အောက်ခြေကနေ ပြောင်းရမှာ။ အောက်ခြေကနေစပြီး Radical Reform လုပ်ရမယ်။
အခု လူထုက ဘယ်လိုအော်နေလဲ ဆိုတော့ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ ဆိုပြီးတော့လေ။ အဲဒီတော့ ဒီမိုး ၊ ဒီလေ ၊ ဒီလူတွေ အနေနဲ့ သေချာ ပြန်စဉ်းစားသင့်ပြီ။ ကိုယ် ဘာမှားနေလဲ ဆိုတာလေ။ ပြင်ဖို့ဆိုရင် ပထမဆုံး အချက်က ကိုယ်ဘာမှားနေလဲ ဆိုတာ သိဖို့လို တယ်။ မှားနေတယ် ဆိုတာကိုလည်း လက်ခံဖို့ အရေးကြီးတယ်။ ကိုယ်မှားနေလို့ ကိုယ့်မှာလိုအပ်ချက်တွေ ရှိနေလို့ ထောက်ပြတဲ့ သူကို ရန်သူလို သဘောထားပြီးတော့ လုပ်မှာလား။
ထောက်ပြတာက မီဒီယာသော် လည်းကောင်း၊ အတိုက်အခံ အမတ်တယောက်သော် လည်းကောင်း၊ တခြားသော ပညာရှင် တယောက် က ထောက်ပြတဲ့ အခါတိုင်းမှာ အစိုးရ အဖွဲ့ဝင်တွေက ရန်သူလို ထင်မှတ်တတ်ကြတယ်။ အဲဒါဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မှာ မဟုတ်ဘူး။ ထောက်ပြတဲ့သူကို ရန်သူလို ဆက်ဆံတဲ့ အခါမှာ ဘယ်သူမှ ထောက်မပြရဲကြတော့ဘူး။ သူတို့ အာဏာရ ဦးဆောင်ပါတီထဲမှာကို ထောက်ပြနိုင်တဲ့သူတွေ အများကြီး ရှိတယ်။
သူတို့လည်း ထောက်ပြကြတယ်။ စေတနာနဲ့ ပြောကြဆိုကြတယ်။ အဲဒီလို လူတွေရဲ့ ထောက်ပြမှုတွေကို ဒါဟာ အပြုသဘော မဆောင်ဘူးလို့ ထင်ကြတယ်။ ဒါဟာ အဆိုးမြင် ဝါဒီသမားတွေလို့ အလွယ်တကူ သတ်မှတ်လိုက်တယ်။ အဲဒီလို သတ်မှတ်ထားလို့လည်း ဒီနေ့အထိ ပြုပြင်ပြောင်းလဲနိုင်စွမ်း နည်းနေတာ။ ခုနက ပြောသလို ရေကြီးတာတွေ ၊ အိမ်ငှားခ ဈေးတက်တာတွေကို လူထု က ခါးစည်းပြီး ခံနေရတယ်။
အဲဒါတွေကို ပြောင်းလဲချင်ရင် တာဝန်ယူမှု၊ တာဝန်ခံမှုကို သီးသန့်သတ်မှတ် ပေးရမယ်။ ဒီကိစ္စ ဒီနေရာမှာ ဖြစ်ရင် ဒီလူရဲ့ တာဝန်ပဲ ဆိုတာမျိုးပေါ့။ အဲဒီလို သတ်မှတ်တဲ့ နေရာမှာလည်း အောက်ခြေမှာ အပြစ်ဖြစ်ရင်တော့ မင်းတို့ တာဝန်ယူ၊ တာဝန်ခံ ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ သူတို့ကို လုပ်ပိုင်ခွင့်တွေလည်း ပေးဖို့လိုတယ်။ အခုက မီးကိစ္စ ၊ ရေကိစ္စ ၊ စည်ပင် ကိစ္စတွေကို တကယ်လက်တွေ့ အကောင်အထည် ဖော်နေရတဲ့ မြို့နယ်အဆင့်တွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ လုပ်ပိုင်ခွင့် ပေးမထားဘူး။
ဘယ်သူတွေက ချုပ်ကိုင်ထားလဲ ဆိုတော့ ဗဟိုနဲ့ခရိုင် အဆင့်လောက်က ချုပ်ကိုင်ထားတယ်။ အဲဒီလို ဗဟိုချုပ်ကိုင်မှုတွေ များနေတဲ့ အတွက်ကြောင့် လူထုရဲ့ လိုအပ်ချက်တွေကို ဘယ်တော့မှ မဖြေရှင်းနိုင်ဘူး။ အမှိုက်ကားလာဖို့ တပတ်လောက် စောင့်ရတာမျိုး ၊ မြောင်းဖေါ်ဖို့ အတွက်၊ ဘတ်ဟိုး(မြေတူးစက်) လာဖို့ နှစ်ပတ်လောက် စောင့်နေရတာမျိုးတွေ ဖြစ်နေတယ်။
မေး။ ။ ဒီလို ပြဿနာတွေ ဖြစ်လာရတာဟာ အခုတာဝန်ရှိသူတွေဟာ လူထုဆန္ဒနဲ့ ရွေးကောက်ခံရတာ မဟုတ်လို့ လူထုဆန္ဒကို မသိတာလား။ အခုလို ဒီမိုကရေစီ အစိုးရ လက်ထက်မှာ အောက်ခြေ ရပ်ကွက်၊ ကျေးရွာ အဆင့်ကနေ မြို့တော်ဝန်အထိ ပြည်သူက တိုက်ရိုက် ရွေးချယ်နိုင်အောင် ဘယ်လို အကြံပြုချင်ပါလဲ။
ဖြေ။ ။ အဲဒါကြောင့်မို့ ဖွဲ့စည်းပုံပြင်ဖို့ ပြောတာ။ မြို့တော်ဝန်ကို သမ္မတက တိုက်ရိုက်ခန့်တယ် ဆိုတာမျိုး မဖြစ်သင့်ဘူး။ ဒီမိုကရေစီ စနစ်နဲ့လည်း မလျော်ညီဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်နေတဲ့ သူတွေလည်း ဒါကို လေးလေးနက်နက် သတိပြုစေချင်တယ်။ ဖွဲ့စည်းပုံ ပြင်တဲ့ အခါမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကို တနှစ်လျှင် တကြိမ် ကျင်းပနိုင်တယ်ဆိုတဲ့ ပြဌာန်းချက်ကိုလည်း ပြင်ရမယ်။
နောက်တခါ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ တိုင်းမှူးအဆင့်၊ အုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူထဲက ရွေးကောက် တင်မြှောက်တဲ့သူတွေ ဖြစ်ရမယ်။ ဒါမှသာလျှင် သူတို့က ပြည်သူ့အသံကို အလေးထားမှာ။ အခုတော့ မြို့နယ်၊ ခရိုင်၊ တိုင်းအုပ်ချုပ် ရေးမှူးများသည် အစိုးရ ပြည်ထဲရေးက ခန့်ထားတဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့က ပြည်သူ့မျက်နှာထက် ပြည်ထဲရေးရဲ့ မျက်နှာ ကိုပဲ ကြည့်တယ်။ နေပြည်တော်ရဲ့အလိုဆန္ဒကိုပဲ ဖြည့်စွမ်းပေးတယ်။ ပြည်သူလူထုရဲ့ အလိုဆန္ဒကို နားလည်အောင်မကြိုးစား ကြ ဘူး။
နောက်တခါ စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်တွေမှာ ပြည်သူလူထု ပါဝင်ဖို့ လိုတယ်။ ပြည်သူထဲက လာတဲ့သူ ဖြစ်မှသာ လျှင် ဒီမြို့နယ်ထဲမှာ ဘယ်နေရာက ရေကြီးနေတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေတယ် ဆိုတာ အကုန်သိတယ်။ အစိုးရ ဝန်ထမ်း ဆိုတာ ၂ နှစ် တခါ ၊ ၃ နှစ် တခါလောက် ပြောင်းနေတာ။ သူက တာဝန်အရသာ ရောက်လာတာ ဒီမြို့နယ်ရဲ့ အနေအထားကို မသိ ဘူး။ ဒီမြို့နယ်မှာနေတဲ့ မြို့မိမြို့ဖတွေလောက် မသိတဲ့ အတွွက် သူ့ရဲ့ကုထုံးတွေက အမြဲတမ်း လွဲမှားနေတယ်။
အုပ်ချုပ်ရေးဆိုင်ရာ ကုထုံးတွေ သော်လည်းကောင်း၊ စည်ပင်သာယာရေးဆိုင်ရာ ကုထုံးတွေသော်လည်းကောင်း အဲဒီကုထုံးတွေက အမြဲတမ်း မှားနေတယ်။ အနာက တခြား၊ ဆေးက တခြား ဖြစ်နေတော့ ပြည်သူ့ ဘဏ္ဍာငွေတွေ အလဟဿ ဆုံးရှုံးနေရတယ်။ မြို့နယ်လူထုက ရွေးကောက် တင်မြှောက်တဲ့သူတွေ မြို့နယ်ကော်မတီ၊ ခရိုင်ကော်မတီတွေမှာ ပါဝင်မှသာလျှင် လူထုရဲ့ အခက်အခဲ တွေ ဖြေရှင်းနိုင်လာလိမ့်မယ်။
မေး။ ။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ရန်ကုန်ပြည်သူတွေနဲ့ ထိတွေ့တာမျိုးထက် ကုမ္ပဏီတွေနဲ့ သက်ဆိုင်တဲ့ ပွဲတွေမှာ အထူး သဖြင့် Car Showroom ဖွင့်ပွဲတွေ၊ ကုမ္ပဏီ ဖွင့်ပွဲတွေ တက်တာ အရမ်းများနေတာကို တွေ့ရတဲ့ အပေါ်မှာရော။
ဖြေ။ ။ ကုမ္ပဏီဖွင့်ပွဲ တော်တော်များများကို အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ရောက်ကြတယ်။ ပြည်သူလူထု ကို တွေ့ဆုံဖို့ မဆိုထားနဲ့ ပြည်သူလူထု ကိုယ်စားလှယ်တွေဖြစ်တဲ့ ကျမတို့လို လွှတ်တော် ကိုယ်စားလှယ်တွေကို လစဉ်တွေ့ဆုံဖို့ကိုတောင် အစိုးရ အဖွဲ့က ငြင်း ဆန်တယ်။
ကျမတို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အစိုးရ အဖွဲ့နဲ့ လွှတ်တော် ကျင်းပချိန် ၅ လ တကြိမ်လောက်ကလွဲရင် တွေ့လို့ မရဘူး။ မတွေ့ကြဘူး။ ပြည်သူလူထုကို တွေ့ဖို့ နေနေသာသာ ပြည်သူကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကိုတောင် မတွေ့ချင်ဘူး။ ခရိုင် အသီးသီးမှာရှိတဲ့ မြို့မိမြို့ဖတွေနဲ့ တလကို ခရိုင်တခု ဆင်းတွေ့ဦး ဘယ်လောက်ကောင်းလဲ။ အဲဒါကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့က အခုထိ မလုပ်သေးဘူး။
ပြည်ထောင်စု ဝန်ကြီးတချို့ Delivery Unit အနေနဲ့ ပါလာမှသာလျှင် အဖော်အနေနဲ့ လိုက်လာတာပဲ ရှိတယ်။ အမှန်တော့ ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဟာ လစဉ် ခရိုင်အသီးသီးက လွှတ်တော် ကိုယ်စားလှယ်များ ၊ မြို့မိမြို့ဖများနဲ့ ပြည်သူလူထုကို တိုက်ရိုက် တွေ့သင့်တယ်။ တိုက်ရိုက် တွေ့ပြီးတော့ ပြည်သူလူထုရဲ့ အသံကို နားထောင်သင့်တယ်။ ဒါမျိုးကို ဧရာဝတီတိုင်းမှာဆို ပေါင်းကူး ဆိုတဲ့ အဖွဲ့နဲ့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ ပေါင်းပြီး လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲတွေ လုပ်နေတယ်။
အဲဒီလို အခြားတိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်နိုင်ရင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ဘာကြောင့် မလုပ်နိုင်တာလဲဆိုတဲ့ မေးခွန်း ဖြစ်လာတယ်။ ဒီလို ပွဲတွေ သွားတာတွေ လျှော့လိုက်ပြီးတော့ ပြည်သူနဲ့ တွေ့တဲ့ပွဲတွေ မလုပ်နိုင်ဘူးလား။ အခုရန်ကုန်မှာ ၄၅ မြို့နယ် ရှိတယ်။ တပတ် ၁ မြို့နယ် သွားဦး၊ ဝန်ကြီးချုပ် တယောက်အနေနဲ့ တိုက်ရိုက် ဖြေရှင်းပေးလို့ရတဲ့ ကိစ္စတွေ အများကြီး။ အစိုးရ အဖွဲ့သည် ခရိုင်တခုတည်း အတွက်ပဲ အလုပ်လုပ်တာမျိုး မဟုတ်ဘဲ ခရိုင် ၄ ခရိုင်လုံး အတွက် အလုပ်လုပ်ဖို့ လိုတယ်။
မေး။ ။ အခုလတ်တလော လူတွေ ဝေဖန်နေကြတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဆိုတာ ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ပတ်သက်နေပြီး တော့ အခုချိန်အထိ ပွင့်လင်းမြင်သာမှု မရှိသေးဘူး။ တိုင်းလွှတ်တော် အမတ်တယောက် အနေနဲ့ ဒီကိစ္စကို ဘယ်လောက်အထိ သိ ထား ပါလဲ။
ဖြေ။ ။ ရန်ကုန်မြို့သစ် စီမံကိန်းအကြောင်းကို တရားဝင်သိတာက လွှတ်တော်မှာ ဖတ်ပြတာလောက်ပါပဲ။ မြန်မာ့ စေတနာ အများပိုင် ကုမ္ပဏီက မြေဧက သုံးသောင်း လုပ်ပိုင်ခွင့် ရထားတယ်။ သူတို့ဘက်က ပေးမှာက တန်ဖိုးနည်း အိမ်ရာတိုက်ခန်း ၂ သန်းနဲ့ ဘိုး ဘွားရိပ်သာ၊ မိဘမဲ့ ကလေးဂေဟာ ပေးမယ်။ အဲဒီလောက်ပဲ သိထားတယ်။
သို့သော် တရားမဝင် သိထားတာတွေက အများကြီးပဲ။ တရားမဝင်ဆိုတဲ့ နေရာမှာ ဒါတွေက ခိုင်မာလား၊ မခိုင်မာလား ဆိုတာ ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးသင့်တာပေါ့။ နည်းလမ်း အမျိုးမျိုးနဲ့ သိထားတာတွေလည်း ရှိတယ်။ သက်သေခံ ပုံစံအမျိုးမျိုး သိထားတာတွေလည်း ရှိတယ်။ ဘယ်သူကတော့ ဘယ်တုန်းက ဘယ်သူနဲ့ ဘယ်လိုရင်းနှီးပြီးတော့ ဘယ်လိုကိစ္စတွေကို ဘယ်လိုဆောင်ရွက် ပါတယ်ပေါ့။ ဒီလို ကိစ္စတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးဖို့ အခါကျတော့ လွှတ်တော်ကိုယ်စားလှယ် တယောက် တင်ပြတဲ့ အချိန် အထောက်အထားက ခိုင်မာဖို့လိုတယ်။ အထောက်အထား ခိုင်မာတဲ့အထိ ကြိုးပမ်းနေတယ်။ ပြည်သူ လူထုပေးပို့တဲ့ သတင်းတွေကိုလည်း အလေးထားပါတယ်။ သိမ်းထားတယ်။ လိုအပ်ရင် အစိုးရ အဖွဲ့ကို ထောက်ပြသွားမယ်။
မေး။ ။ လွှတ်တော်မှာ အမျိုးသမီး အမတ်တယောက် အနေနဲ့ ကိစ္စတော်တော် များများကို ဝင်ရောက် ဆောင်ရွက်ရတဲ့ အခါမှာ ဘယ်လို ဖိအားမျိုး ရှိနေပါလဲ။ အဲဒီ ဖိအားတွေကို ဘယ်လို ကျော်လွှားနေပါလဲ။
ဖြေ။ ။ အမျိုးသမီး တယောက် ဖြစ်တဲ့အတွက် လွှတ်တော်စစချင်းမှာ ခွဲခြား ဆက်ဆံခံရတာမျိုး သိပ်မရှိဘူး။ ဒါပေမယ့် ၃ နှစ်ကျော် ကာလအတွင်း ဖြစ်လာတဲ့အခါ ကိုယ်က အမျိုးသမီးလည်း ဖြစ်တယ်။ အတိုက်အခံ အမတ်တယောက်လည်းဖြစ်တဲ့ အတွက်ကြောင့် ကိုယ်ပြောဆိုတဲ့ ကိစ္စတွေကို တဖက်က အာဏာရှင်ဆန်ဆန် ဖိနှိပ်တာတွေ၊ ကန့်ကွက်တာမျိုးတွေ ရှိတယ်။
ပြီးခဲ့တဲ့ အဋ္ဌမ အကြိမ် လွှတ်တော်နဲ့ သတ္တမအကြိမ် လွှတ်တော်မှာဆိုရင် ပိုပြီးတော့ သိသာတယ်။ အမျိုးသမီး တယောက်ဖြစ်တဲ့ အတွက်ကြောင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေထဲက တချို့အမျိုးသားတွေက ဒီမိန်းမကိုတော့ ငါဘယ်လို ထပြောလိုက်မယ် ဆိုပြီး ကိုယ်လုပ်ပိုင်ခွင့် မရှိဘဲ ထပြောတာတွေကို တွေ့ရတယ်။ ထပြီး ကန့်ကွက်တာမျိုးတွေ တွေ့ရတယ်။
ဒါတွေကို သုံးသပ်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတယောက် ဖြစ်တာမိုလို့ အနိုင်ကျင့်ချင်တဲ့ စိတ်ထားတွေ ရှိနေတယ်ဆိုတာကို တွေ့နေရတယ်။ အထူးသဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့မှာပေါ့။ ငါကတော့ သူ့ကိုဘယ်လို ပြောလိုက်မယ်။ လူရှေ့မှာ ဘယ်လို အရှက် ခွဲလိုက်မယ် ဆိုတာမျိုးပေါ့။ ဒါမျိုးစိတ်တွေ ရှိနေတာကို တွေ့ရတယ်။ ခဏခဏ တွေးကြည့်တယ်။ တကယ်လို့ ကျမနေရာမှာ ဦးသိန်းညွှန့်လို လူမျိုး၊ သူရ ဦးအောင်ကို လို လူမျိုးဆိုရင် သူတို့ အဲဒီလိုစကားတွေ ပြောလာမှာ မဟုတ်ဘူး ဆိုတာတော့ သေချာတယ်လေ။
ကျမ မ့ိုလို့သာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး အခုလိုမျိုး တရားဝင်ရော၊ တရားမဝင်ရော တဖက်သတ် ဟန့်တားတာတို့၊ ဖိနှိပ်တာ တို့ လွှတ်တော်အတွင်း၊ လွှတ်တော်အပြင်မှာရော ရှိလာတယ်လို့ ရိုးရိုးပဲ သုံးသပ်ပါတယ်။ လွှတ်တော် ပေါ်လာပြီး ၃ နှစ်အတွင်းမှာ ဒါတွေက တော်တော်လေး ထင်ရှားလာတယ်လို့ တွေ့ရပါတယ်။
မေး။ ။ အဲဒီလို စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားနေပါလဲ။
ဖြေ။ ။ အဲဒီလို ပြဿနာတွေ ကြုံလာရင် တခါတလေမှာ ကိုယ်အမျိုးသမီး တယောက် ဖြစ်တယ်ဆိုတာကို မေ့ပစ်လိုက်တယ်။ လူထုရဲ့ကိုယ်စား ရပ်နေသူ တယောက် ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးတယောက် ဖြစ်တယ် ဆိုတာကို မေ့ပြီးတော့ တခါတလေ ပြန်စိန်ခေါ်ရတာမျိုးတွေ ရှိတယ်။ တခါတလေ ကိုယ့်ရဲ့ စိန်ခေါ်ချက်တွေက ကိုယ့်ရဲ့ အသက်အန္တရာယ်ကို သော်လည်း ကောင်း၊ ကိုယ့်ရဲ့လုံခြုံရေးကို သော်လည်းကောင်း ထိခိုက်နိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် ခံယူထားတာက ဘဝမှာ တခါပဲ သေရမှာ။ သေရင်လည်း တခါပဲ သေမယ်။ သေကံ မရှိသေးတဲ့သူကလည်း ဘယ်လိုပဲ သတ်သတ် သေမှာမဟုတ်ဘူး။ အဲဒီလိုပဲ ခံယူထားပါတယ်။ ကိုယ်ကတော့ လုပ်စရာ ရှိတာကို လုပ်သွားမှာပဲ။ နာမည်တော့ ဘယ်တော့မှ အသေ မခံဘူး။ လူပဲ သေရင် သေပါစေ။ လော လော ဆယ် အတိုက်အခံ အမတ်တယောက် ဖြစ်နေတဲ့ ကာလမှာ ကိုယ်ဟာ အမျိုးသမီးတယောက် ဖြစ်နေတယ် ဆိုတာကို မေ့ထား ရ တယ်။ ။