မြန်မာ့နိုင်ငံရေးတွင် စစ်တပ်အခန်းကဏ္ဍ သည် အဓိကကျပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှု တည်တည်ငြိမ်ငြိမ်ဖြင့် ခရီးဆက်နိုင်ခြင်းသည် စစ်တပ်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဆွစ်ဇာ လန် အခြေစိုက် Neue Zürcher Zeitung (NZZ) သတင်းဌာန နှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုလိုက်သည်။
အာရပ်နွေဦးဟု ခေါ်ဆိုသည့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတချို့တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အသွင်ကူး ပြောင်းနေကာ မှန်ကန်သည့် လမ်းကြောင်းကို ဦးတည် သွား နေကြောင်း၊ ခေတ်အဆက်ဆက် တပ်မတော်သည် တိုင်းပြည် မပြိုကွဲရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီမိုကရေစီ ပို၍ ရှိလာပါက စစ်တပ်၏ အခန်း ကဏ္ဍ လျော့ကျသွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
“ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေစလုပ်ခဲ့ တာ အာရပ်နွေဦးနဲ့ တပြိုင်တည်းလောက်မှာပါပဲ။ ဒါပေမယ့် အရှေ့ အလယ် ပိုင်း နိုင်ငံတွေမှာ တချို့ဆို ကသောင်း ကနင်းတွေ ဖြစ်ကုန်တယ်။ ဒါတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာက အေးအေး ချမ်းချမ်းပဲ။ ဒါကြောင့် စစ်တပ်ကို ကျေးဇူးတင်ရမယ်”ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်သည် တတိယအကြိမ်မြောက်သူ၏ ခရီးစဉ်အတွင်း မြန်မာအစိုးရ ဆောင်ရွက်နေသော အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်၍ အောင်မြင်မှုများအဖြစ် ထည့်သွင်းပြောဆိုပြီး ငြိမ်းချမ်းရေးရရန် စိတ်ရှည်မှု နှင့် သည်းခံမှု လိုအပ်ကြောင်း ပြောသည်။
“အကြီးမားဆုံး အောင်မြင်ကတော့ ကျနော်တို့ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခထဲမှာ အမျိုးမျိုးသော သူပုန်စစ်တပ်တွေ နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေရနေတာပါပဲ” ဟု သမ္မတ ဦးသိန်းစိန်က NZZ သို့ ပြောဆိုသည်။
မြန်မာ့နိုင်ငံရေးတွင် အတိုက်အခံ အဖွဲ့အစည်းများ အပါအဝင် ဘက်ပေါင်းစုံပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်တခုကို ကြိုးစား ဖန်တီးခဲ့ရကြောင်း၊ သို့သော် အများက ထောက်ပြနေကြသည်မှာ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတ ဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံကိစ္စနှင့်ပတ်သက်၍ ပြောဆိုရာတွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မည်သို့ ပြန်လည် ပြင်ဆင် ရမည်ကို အခြေခံ ဥပဒေတွင် အထင်အရှား ပြဋ္ဌာန်းထားပြီး ဖြစ် ကြောင်း၊ ဥပဒေ ကြောင်းအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ပုဂ္ဂိုလ်ရေးအရလည်း ဆန့်ကျင်စရာ မရှိဟု ဦးသိန်းစိန်က ဆိုသည်။
“အခြေခံကျကျ ကျနော် ယုံကြည်တာက သမ္မတ လောင်းတဦးအဖြစ် ယှဉ်ပြိုင်ဖို့ ဘယ်သူ တဦးတယောက်ကိုမျှ တား မြစ် ကန့်သတ် ထားတာမျိုး မရှိပါဘူး”ဟု ဦးသိန်းစိန်က ဆိုသည်။
မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀ ကျော်ကြာ စီးပွားရေးဒဏ်ခတ်မှုများကြောင့် ဆင်းရဲနွမ်းပါမှု ရာခိုင်နှုန်း အလွန်မြင့်မားခဲ့ ကြောင်း၊ မြန်မာနိုင်ငံအား ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမဖြစ်စေလိုတော့ကြောင်း၊ နောက်မျိုးဆက်များအား ပိုမိုကောင်းမွန် သည့် အနာဂတ်ကိုသာပေးလိုကြောင်း၊ လာမည့်နှစ်ကျင်းပမည့် ၂၀၁၅ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှုရှိရန် ရည်မှန်း ထားကြောင်းဦးသိန်းစိန်က ရှင်းပြသည်။
NZZ က သမ္မတ ဦးသိန်းစိန်ကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ဒုတိယအကြိမ် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ရန် အလား အလားရှိ၊ မရှိ မေးမြန်းရာ သမ္မတ ဦးသိန်းစိန်က “ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျနော် အနားယူချင်ပါပြီ။ ဒါပေမယ့် နိုင်ငံနဲ့ ပြည်သူတွေအတွက် ဘာက အကောင်း ဆုံး လဲ ဆိုတာတော့ စဉ်းစားရမှာပဲ” ဟု ဦးသိန်းစိန်က ပြောဆိုသည်။
သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် ဥရောပ ၃ နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်လျက်ရှိပြီး ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန်၏ တတိယအကြိမ်မြောက် ဥရောပ ခရီးစဉ်ဖြစ်သည်။