ဒီတပတ်တော့ ကျမရဲ့ ဆောင်းပါးလေးကို ဗန်းမော်ညိုနွဲ့ရဲ့ ကဗျာလေးနဲ့ပဲ စတင်ပြီးတော့ ဖွင့်ချင်ပါတယ်။
သူ့ ကဗျာ လေးနာမည်က “ခွင့်တူညီမျှ” ပါ၊ ခွင့်တူညီမျှ ဆိုတဲ့ နာမည်ဟာ ကျမတို့နဲ့ တကယ်တော့ မစိမ်းပါဘူး၊ “ကမ္ဘာမကြေ” သီချင်းထဲမှာ ပါပါတယ်၊ ခွင့်တူညီမျှ … ဝါဒဖြူစင်တဲ့မြေ … တို့မြေ ..တဲ့။
ဗန်းမော်ညိုနွဲ့က ခွင့်တူညီမျှဆိုတဲ့ ကဗျာထဲမှာ ဘယ်လို ရေးထားသလဲဆိုတော့ –
သူဆည်းကပ်ရာ သူ့ဘာသာကို
သူ့မှာစော်ကား၊ မထိပါးနှင့်။
သူတတ်မြောက်ရာ၊ သူ့ပညာကို
သူ့မှာ စော်ကား၊ မထိပါးနှင့်။
သူမြတ်နိုးရာ၊ သူ့မြေတာကို
သူ့မှာစော်ကား၊ မထိပါးနှင့်
ကိုယ်နှင့် နှိုင်းယှဉ်၊ သူ့ကိုခင်၍
ကျွမ်းဝင် လေးမြတ်၊ နူးအညွတ်သည်
ခွင့်လွှတ်တတ်စေ၊ ချစ်တတ်စေ။ လို့ ရေးထား ပါတယ်။
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော် လောက်က ကလေးတွေ အတွက် ရေးထားတဲ့ ကဗျာလေးပါ။
ဒီကဗျာ လေးထဲမှာ တယောက်ကို တယောက် လေးစားမှု၊ ချစ်ခင်တတ်မှု၊ ကိုယ်ချင်းစာတရား ထားရှိမှု၊ စာနာမှု၊ ကြင်နာမှု စတဲ့ သဘောထားလေးတွေ ပါပါတယ်။
ဒါတွေဟာ တကယ်တော့ မျိုးဆက် တခုကနေ တခုကို လက်ဆင့် ကမ်းပေးရမယ့် စိတ်ကောင်းလေးတွေ ပါပဲ၊ လူတဦးချင်း၊ တဦးချင်းတိုင်းမှာ ယုံကြည်ရာ စံနှုန်း၊ ယုံကြည်ရာ အယူအဆ တို့ဟာ မတူညီကြပါဘူး။
ယုံကြည်ရာတွေ မတူကြ သလို ကိုးကွယ်ရာ ဘာသာတွေဟာလည်း တယောက်နဲ့တယောက် မတူကြပါဘူး၊ ကိုးကွယ်ရာ ဘာသာ တူတယ် ဆိုတဲ့ လူတွေထဲမှာတောင်မှ ကိုးကွယ်ပုံ၊ ကိုးကွယ်နည်းတွေ တယောက်နဲ့ တယောက် မတူကြပါဘူး။
ကျမတို့ တိုင်းပြည်မှာ ဆိုရင်လည်း နတ်ကိုးကွယ် ယုံကြည်သူတွေ ရှိတယ်၊ နတ် မယုံကြည်သူတွေလည်း ရှိပါတယ်။
ဗုဒ္ဓ ဘာသာထဲမှာတင်ကိုပဲ မဟာယန၊ ထေရဝါဒ စသဖြင့် အမျိုးမျိုး ယုံကြည်ကိုးကွယ်သူတို့လည်း ရှိကြပါ တယ်။
ဒါ့အပြင် ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလမ်ဘာသာ စသဖြင့် ဘာသာစုံ၊ လူမျိုးစုံ နေထိုင်ကြ၊ ရှိကြပါတယ်။
အဲဒီ လိုပဲ ဘယ်ဘာသာကိုမှ မကိုးကွယ် မယုံကြည်တဲ့ သူတွေလည်း ကျမတို့နိုင်ငံမှာ အများကြီးပါ။
ဘာသာတခုခု၊ ဝါဒတခုခုကို ကိုးကွယ် ယုံကြည်သည် ဖြစ်စေ၊ မကိုးကွယ် မယုံကြည်သည် ဖြစ်စေ… ဒါဟာ သူ့ရဲ့ လွတ်လပ်ခွင့်သာ မို့လို့ မင်းဘာသာကတော့ မကောင်းဘူး၊ ငါ့ဘာသာကတော့ ကောင်းတယ်ရယ်လို့ တဦးနဲ့ တဦး စော်ကားပိုင်ခွင့်၊ ထိပါးပိုင်ခွင့် မရှိပါဘူး။
ဒီလိုစော်ကားခြင်းဟာ လူအချင်းချင်း လေးစားမှု မရှိခြင်း၊ စာနာကြင်နာမှု မရှိခြင်း ဖြစ်သလို အင်မတန်မှ လည်း ရိုင်းပျတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။
ကျမတို့ရဲ့ ဝန်းကျင်မှာ အသားရောင် မတူတဲ့ လူတွေ၊ အတွေးခေါ် မတူတဲ့ လူတွေ၊ ဘာသာအယူ မတူတဲ့ လူတွေ အများကြီး ရှိပါတယ်။
ဒီလိုမျိုး ကိုယ်နဲ့ မတူညီတဲ့ လူတွေ၊ မတူညီတဲ့ အတွေးခေါ်တွေ၊ မတူညီတဲ့ ဘာသာတွေ ပေါ်မှာလည်း မတူညီမှုကို လက်ခံပြီးတော့ အတူယှဉ်တွဲပြီး ချစ်ချစ်ခင်ခင် နေနိုင်ကြဖို့ လိုပါတယ်။
ကျမတို့ဟာ အနာဂတ် လူ့အဖွဲ့စည်းအတွက် တချိန်မှာ လူကြီးများ ဖြစ်လာမယ့် ကလေးတွေကို ကိုယ်နဲ့ အသွေး အရောင်၊ အတွေးအခေါ်ချင်း မတူတဲ့ လူတွေအပေါ် လေးစားတတ်ဖို့၊ စာနာနားလည်တတ်ဖို့ အတွက် သင်ကြား ပေးဖို့ လိုပါတယ်။
အခုချိန်မှာဆိုရင်ဖြင့် ကမ္ဘာရဲ့အခြေအနေတွေ၊ အခင်းအကျင်း တွေဟာ ဟိုးအရင် ခေတ်တွေတုန်းကနဲ့ မတူတော့ပဲ ပြောင်းလဲ လာသလို၊ ကျမတို့ နိုင်ငံကလည်း ဒီမိုကရေစီ နိုင်ငံအဖြစ် စတင်ပြီးတော့ အခြေပြု ပြောင်းလဲစ ပြုလာပါပြီ။
ကျမတို့ဟာ ကိုယ့်နိုင်ငံထဲမှာ ကိုယ်ချည်းပဲ သီးသန့်နေကြလို့ မရတော့ပါဘူး၊ အမျိုးမျိုး အဖုံဖုံ ရောက်လာ မယ့် ကိုယ့်နိုင်ငံထဲကို ဝင်လာကြတော့မယ့် ယဉ်ကျေးမှုတွေ၊ လူမျိုးတွေ၊ ဘာသာရေးတွေ၊ သဘောထားတွေ၊ ဝါဒတွေ စတာတွေကို ကြုံလာ တွေ့လာကြ ရတော့မှာပါ။
ကျမတို့ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုကို မထိပါးစေဖို့ အတွက် လုံခြုံအောင်လို့ ထိန်းသိမ်းတဲ့ နေရာမှာ တဖက်က ယဉ်ကျေးမှုတွေ၊ တဖက်က ဘာသာစကားတွေ၊ တဖက်က ကိုးကွယ်ယုံကြည်မှုတွေကို စော်ကား တိုက်ခိုက်နေစရာ မလိုပါဘူး။
တခြားလူမျိုး၊ တခြားဘာသာ၊ တခြား ယုံကြည်မှုကိုလည်း မုန်းတီးစက်ဆုတ်သွားစေဖို့ အတွက် ကလေးတွေကို အမုန်းစကားတွေ သင်ပေးတာမျိုး မလုပ်သင့်ပါဘူး။
ဒါဟာ လူ့အဖွဲ့ အစည်း တရပ်အတွက်ရော၊ တိုင်းပြည် အတွက်ပါ အင်မတန်မှ အန္တရာယ်များတဲ့ အရာပါ။
ကျမတို့ဟာ ယဉ်ကျေးတဲ့၊ စိတ်သဘောထား ကြီးမြတ်တဲ့၊ စာနာနားလည်တတ်တဲ့၊ တဖက်သားကို လေးစား တတ်ပြီးတော့ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ် ကျေးမှုကိုလည်း တန်ဖိုးထားတတ်တဲ့ လူမျိုးတွေ ဖြစ်လာစေဖို့ အတွက် ကလေးတွေကို သင်ကြား လေ့ကျင့်ပေးရမှာပါ။
ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာထဲက စံထားစရာ၊ အတုယူ စရာ အရာတွေကို ကလေးများကို သင်ကြား ပေးကြရပါ မယ်။
အဲဒီလို သင်ကြား ပေးတဲ့ အခါမှာလည်း ကိုယ့်ယဉ် ကျေးမှု၊ ကိုယ့်ဘာသာစကား၊ ကိုယ်ကိုးကွယ် ယုံကြည် ရာကို ကိုယ်တိုင် မြတ်နိုးတန်ဖိုးထားပြီးတော့ စောင့်ရှောက်ဖို့ လိုသလို ကိုယ်နဲ့ ယဉ်ကျေးမှုချင်း၊ ကိုးကွယ် မှုချင်း၊ ယုံကြည်မှုချင်း မတူတဲ့ လူများရဲ့ ယုံကြည်ကိုးကွယ်မှုများကိုလည်း တန်ဖိုးထား လေးစားတတ် အောင်လို့ ကလေးများ ကို သင်ကြားပေးဖို့ လိုပါတယ်။
ဒီလို သင်ကြားလေ့ကျင့်ပေးဖို့ အတွက် ပထမဆုံးကလေးတို့ကို လေ့ကျင့်ပေးရမယ့် အရာကတော့ တဖက် သား ကို လေးစားတတ်၊ စာနာနားလည်တတ်တဲ့ ကလေးတွေ (လူကြီးတွေ) ဖြစ်လာစေဖို့ ပါပဲ။
ကျမတို့ ဟာ ကလေးတို့ရှေ့မှာ ဘယ် ဘာသာကတော့ မကောင်းဘူး၊ ဘယ်သူကတော့ မကောင်းဘူး၊ ဘယ်သူကတော့ ဘယ်လို စသဖြင့် မကောင်းစကားတွေ၊ အမုန်းစကားတွေကို မဆိုမိဖို့ပါပဲ။
လူကောင်းနဲ့ လူဆိုးကို ခွဲခြားတဲ့ အခါမှာ အသားရောင်၊ ဘာသာတရား၊ ယောက်ျား၊ မိန်းမ စတာမျိုးတွေနဲ့ မခွဲ ခြားဘဲနဲ့ လူတယောက်ရဲ့ အမူအကျင့်၊ အပြောအဆို စတာတွေနဲ့သာ ဆုံးဖြတ် တတ်စေဖို့ အတွက် ကလေး တို့ကို သင်ကြား ပေးဖို့ လိုပါတယ်။
ကလေးတို့ အတန်းထဲမှာ၊ အိမ်နားဝန်းကျင်မှာ ကိုယ်နဲ့ အသားရောင် မတူတဲ့၊ ကိုးကွယ်ရာဘာသာ မတူတဲ့ မိတ်ဆွေ သူငယ်ချင်းများစွာ ရှိကြပါတယ်။
ဒါပေမယ့် သူတို့ဟာလည်း ကိုယ့်လိုပဲ လူသားချင်း အတူတူပါပဲ၊ သူတို့မှာလည်း ခံစားတတ်၊ နာကျင်တတ်၊ ဝမ်းသာတတ်၊ ဝမ်းနည်းတတ်တဲ့ စိတ်နှလုံးသားတွေ ရှိကြတာချည်းပဲ ဆိုတာကို ကလေးတို့ကို သင်ကြား ပေးရပါမယ်။
တဖက်သားကို လေးစားတတ်ဖို့၊ ကိုယ်နဲ့ မတူပေမယ့် တဖက်လူရဲ့ မတူညီမှုကို လက်ခံတတ်ဖို့ အတွက် မိဘများ အနေနဲ့ ကလေးတို့ရဲ့ စကားကို လေးလေးစားစားနဲ့ နားထောင်တတ်ဖို့ လိုပါတယ်။
အဲဒီလိုပဲ ကလေးတို့ရဲ့ ထင်မြင် ယူဆချက်၊ အတွေး စတာလေးတွေကို မိဘကို ပွင့်လင်းလွတ်လပ်စွာနဲ့ ပြော ဆိုကြတဲ့ အခါမျိုးမှာ ကိုယ်နဲ့ သဘော မတူတာ ရှိပေမယ့်လည်း စိတ်ရှည်စာနာစွာ နားထောင်တတ်ဖို့ လိုပါ တယ်။
ဒီလိုပဲ အိမ်တိုင်း အိမ်တိုင်းမှာ မိသားစု အလိုက် ထိန်းသိမ်းလာခဲ့တဲ့ ယဉ်ကျေးမှုတွေ၊ မိသားစု နှုန်းစံ တန်ဖိုးတွေ ဆိုတာ ရှိကြတာပါပဲ။
အဲဒီနှုန်းစံတွေ၊ ယဉ်ကျေးမှုတွေကို ကလေးတွေ လိုက်နာဖို့ သင်ကြားတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့ နှုန်းစံတွေကို တန်ဖိုးထားရသလို ကိုယ်နဲ့မတူတဲ့ တခြားသူများရဲ့ ယဉ်ကျေးမှုများနဲ့ နှုန်းစံများကိုပါ တန်ဖိုးထား လေးစားတတ်စေဖို့ အတွက် သင်ကြား ပေးရပါမယ်။
တဖက်သားကို လေးစားမှုရှိတဲ့ လူမျိုးဟာ တဖက်သားရဲ့ ပြန်လှန်လေးစားမှုကိုလည်း ခံကြရမှာပါ၊ တမိသားစုတည်း၊ တနိုင်ငံ တည်း၊ တယောက်တည်းနေလို့ မရတော့တဲ့ အချိန်မှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်တိုင်းပြည်ကို အထင် မသေးဖို့၊ စော်ကား မခံရဖို့ အတွက် လူကြီးလူကောင်း စိတ်ဓာတ်တွေ ရှိဖို့ လိုပါပြီ။
ဒီလို လူကြီးလူကောင်း စိတ်ဓာတ်တွေကို ငယ်စဉ်ကတည်းက ခိုင်မာ စွဲမြဲစေဖို့ အတွက် ကလေးတို့ကို သင်ကြားပေးဖို့ လိုပါတယ်။
ကိုယ့်အယူအဆမှ မှန်တယ်၊ ကိုယ်တွေးတာမှ မှန်တယ်၊ ကိုယ်လုပ်တာမှ မှန်တယ်၊ ကိုယ်နဲ့တူမှ လူတော်၊ ကိုယ်ကိုးကွယ်တဲ့ ဘုရားမှ တကယ့်ဘုရား ဆိုတဲ့ ငါအခြေခံတဲ့ အတ္တ အတွေးအခေါ် မျိုးတွေကို နောက် လာမယ့် မျိုးဆက် အသစ်တခုဆီကို လက် ဆင့် မကမ်းမိစေဖို့ အတွက် ကျမတို့ ကြိုးစားရအောင် ပါ။
ဗန်းမော်ညိုနွဲ့ရဲ့ ကဗျာထဲကလိုပါပဲ။
ကိုယ်နှင့် နှိုင်းယှဉ်၊ သူ့ကိုခင်၍
ကျွမ်းဝင် လေးမြတ်၊ နူးအညွတ်သည်
ခွင့်လွှတ်တတ်စေ၊ ချစ်တတ်စေ။ ။ ဆိုတဲ့ အတိုင်း ကလေးများကို လူတွေကို မုန်းတတ်ဖို့ မသင်ကြားဘဲနဲ့ လူတွေကို ချစ်တတ်ဖို့၊ လူတွေကို ခင်မင်တတ်ဖို့၊ လူ့ကောင်းကျိုးတွေကို ဆောင်ရွက်တတ်ဖို့ သင်ကြားပေးရအောင်ပါ။