မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု၌ ဦးဆောင် ပါဝင်ခဲ့သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားကို ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့နှင့် ပြည်ပ နိုင်ငံတချို့တွင် ကျင်းပကြကြောင်း သိရသည်။
စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ ယနေ့ နံနက် ၅ နာရီတွင် ပြည်နယ် အစိုးရ အဖွဲ့မှ ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး စစ်တွေမြို့ ပန်းချီ ပညာရှင်များ အသင်းမှ ကြီးမှူး၍ ဦးဥတ္တမ ပုံတူ ပန်းချီပြိုင်ပွဲ၌ ဆုရသူများအား ချီမြှင့်ခြင်း၊ ကဗျာရွတ်ခြင်းတို့ကို ကျင်းပခဲ့ကြောင်း စစ်တွေ ရပ်မိရဖ တဦး ဖြစ်သူ ဦးသန်းထွန်း က ဧရာဝတီ ကို ပြောသည်။
ထို့အတူ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော်၏ ရုပ်တုအား လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ မြို့ခံများ၊ ကျောင်းသား လူငယ်များ စသည့် ဒေသခံများက သွားရောက် ဂါရဝပြုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ MCC ခန်းမတွင်လည်း ဆရာတော် ကွယ်လွန်ခြင်း ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားကို ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ ရခိုင်လူမျိုးများ၊ ဆရာတော်အား ကြည်ညိုလေးစားသူများ စသည်ဖြင့် လူထောင်ချီ၍ တက်ရောက်ကြောင်း အခမ်း အနား ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦး က ပြောသည်။
ရန်ကုန်မြို့၌ အခမ်းအနား ကျင်းပရခြင်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထိပ်တန်းမှ ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ မှေးမှိန်နေသည့် သမိုင်းအား ဖော်ထုတ်ရေး၊ ဆရာတော်၏ မျိုးချစ် စိတ်ဓာတ်၊ စွမ်းရည်သတ္တိနှင့်ဂုဏ် အရည်အချင်းတို့အား မျိုးဆက်သစ်များ သိရှိ အတုယူစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်သည် အမျိုးသား ခေါင်းဆောင်ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ထိုက်တန်စွာ ဂုဏ်ပြုပေးရန် လိုအပ် ကြောင်း အစိုးရကို တိုက်တွန်းသွားမည်ဟုလည်း အထက်ပါ အခမ်းအနားဖြစ်မြောက်ရေး အဖွဲ့ဝင်က ပြောသည်။
အလားတူ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ကျောက်တော်၊ ရမ်းဗြဲ၊ သံတွဲ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့များတွင်လည်း စည်ကားစွာ ကျင်းပကြကြောင်း ဒေသခံများ က ပြောသည်။
ကျောက်ဖြူမြို့ ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ မြို့ခံများ၊ ကျောင်းသား လူငယ်များတက်ရောက်ခဲ့ပြီး လွမ်းသု ပန်းခွေချခြင်း၊ ကဗျာရွတ်ခြင်း၊ ဆရာတော်၏ ကိုယ်ရေး အကျဉ်း ဖတ်ကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပကြကြောင်း ကျောက်ဖြူမြို့ခံ ဦးဖိုးစံ က ပြောပြသည်။
ထို့အပြင် ဆရာတော် ကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် နိုင်ငံ များတွင်လည်း ကျင်းပကြသည်ဟု ဆိုသည်။
ရခိုင် တိုင်းရင်းသား ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။
ထိုခေတ် ပါလီမန်က စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။