ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဆီလီကာမိုင်းတွင်း တူးဖော်သည့် လုပ်ငန်းကြောင့် လယ်ယာမြေများ ပျက်စီးပြီး သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေသဖြင့် လုပ်ငန်းရပ်ဆိုင်းပေးရန် ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်း ၁၀ ဖွဲ့က ပူးပေါင်း ကြေညာချက် ထုတ်ပြန်ပြီး ဆန္ဒပြခဲ့ကြောင်း သိရသည်။
“မိုင်းလုပ်ငန်းကြောင့် ရေလွှမ်းမိုးမှုဖြစ်ပြီး ဒေသအနီး ပတ်ဝန်းကျင်က မြေဧက ၁၀၀ ကျော်နဲ့စိုက်ပျိုးသီးနှံခင်းတွေ ပျက်စီး ကုန် တယ်၊ လမ်းတွေလည်း ပျက်တော့ ယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးမှုတွေလည်း ရှိတယ်”ဟု ရှမ်း လူထုအခြေပြု အဖွဲ့အစည်းမှနန်းမွေနွမ်ဟွမ်က ဧရာဝတီကို ပြောသည်။
မိုင်းတွင်းလုပ်ငန်း ရပ်ဆိုင်းပေးရန် ကြေညာချက်တွင် မှန်ကန်သည့် ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေးမရှိသရွေ့တိုင်းရင်း သား ဒေသများတွင် သယံဇာတ ထုတ်လုပ်နေမှုကို ရပ်ဆိုင်းရန် အရေးကြီးကြောင်း စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြ ထား သည်။
နမ်းခမ်းမြို့၌ ဒေသခံ ရွာသား ၃ ထောင်ကျော်က စက်တင်ဘာလ ၅ ရက်က ခွင့်ပြုချက်ဖြင့် ဆန္ဒပြကြပြီး မိုင်းလုပ်ငန်းများ ချက် ချင်း ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။
၂၀၁၃ ခုနှစ် သြဂုတ်လက နမ့်ခမ်းဒေသခံ ၅၉၀၀ ကျော်လက်မှတ်ထိုးပြီး နေပြည်တော်သို့ မိုင်းလုပ်ငန်းရပ်ဆိုင်းပေးရန် တောင်း ဆိုထားသော်လည်း တုံ့ပြန်မှု မရသေးကြောင်း သိရသည်။
နမ့်ခမ်းဒေသတွင် ဆီလီကွန် သတ္တု အမျိုးအစား ဆီလီကာ တူးဖော်သည့် မိုင်းလုပ်ငန်း ကုမ္ပဏီ ၆ ခုက သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာသည့် ၂၀၁၂ ခုနှစ်တွင် လာရောက်လုပ်ကိုင်ကြပြီး ထွက်ရှိသည့် ဆီလီကာများကို တရုတ်နိုင်ငံ သို့ တင်ပို့သည်ဟု နန်းမွေနွမ်ဟွမ်က ပြောသည်။
“၁၀ ဘီး ထရပ်ကားကြီးတွေနဲ့ ဆီလီကာတွေကို တရုတ်နိုင်ငံကို နေ့ရော ညပါ တင်ပို့နေတာ ၂ နှစ်ကျော်လောက် ရှိနေပြီ”ဟု ၎င်းက ပြောဆိုသည်။
ဒေသခံရွာပေါင်း ၉ ရွာက အမှီပြုနေထိုင်သော နမ့်သီရိချောင်းတွင် ဆီလီကာ မိုင်းလုပ်ငန်းများကြောင့် သဲများစုပုံကာ ချောင်း ရေ ပိတ်ဆို့ပြီး ရေလွှမ်းမိုးသဖြင့် အနီးရှိ လယ်ယာမြေများ၊ သီးနှံများ၊ လမ်းများနှင့် တာတမံများ ပျက်စီးလာကြောင်း ဒေသခံများက ပြောဆိုသည်ဟု ရှမ်းလူထု အခြေပြု လူမှုအဖွဲ့အစည်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
နမ့်ခမ်းဒေသတွင် လုပ်ကိုင်နေသော မိုင်းတွင်း ကုမ္ပဏီများသည် ယခင် စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း နှင့် ဆက်နွယ် သည့် GSM ကုမ္ပဏီက ပထမဆုံး စတင် လုပ်ကိုင်ခဲ့သည်ဟု ရှမ်းလူမှု အဖွ့ဲများက ပြောဆိုသည်။
ထို့နောက် ကြံ့ခိုင်ရေး ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် ခေါင်းဆောင်သည့် ပန်းဆေး ပြည်သူ့စစ်နှင့် အဆက်အသွယ် ရှိသည့် မြန်မာ မြဦး၊ နွယ်ကမ္ဘာကျော်နှင့် ပန်းသစ္စာ ကုမ္ပဏီ တို့က ဆီလီကာ မိုင်းတွင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ရှမ်း လူမှု အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆီလီကာသည် ဆီလီကွန် သတ္တူအမျိုးအစားဖြစ်ပြီး သဲများထဲက ထုတ်ယူသန့်စင်၍ အလှကုန်၊ လူသုံးကုန် ပစ္စည်းများ၊ အသား အရေ ပြုပြင် ထိန်းသိမ်းသော ပစ္စည်းများနှင့် ရေချိုးဆပ်ပြာ ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုသည့် သတ္တူဖြစ် ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးများ လုပ်ဆောင်လျက် ရှိသော်လည်း နမ့်ခမ်းဒေသသည် လက်ရှိအချိန်တွင် အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့် နယ်မြေဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြ ထားသည်။
“အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး ရဖို့ ဆွေးနွေးနေတယ်၊ ဒါပေမယ့် အခုထိ အာမခံနိုင်တဲ့ အနေအထား မရှိသေးဘူး။ ဒါကို နိုင်ငံတကာကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်နေပြီပဲ ပြောနေကြတယ်။ အမှန်က ပြုပြင်ပြောင်းလဲရေး က ပြည်သူတွေဆီ မရောက်လာသေးဘူး”ဟု နန်းမွေနွမ်ဟွမ်က ပြောသည်။
နမ့်ခမ်းဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA), ပလောင်(တအာင်း) မျိုးသား လွတ်မြောက်ရေး တပ်မတော်( TNLA)၊ ရှမ်း လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ စစ်တပ်များ အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည်။