၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပပေးမယ်လို့ ကြေညာထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီ အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။
အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ကလည်း ၃၅ နေရာပဲရှိလို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့ ကိစ္စတွေအတွက် အနိုင်အရှုံး မရှိနိုင်တာ၊ နိုဝင်ဘာလမှာ လုပ်မယ့် အာဆီယံ အစည်းအဝေးရှိတာ၊ နိုင်ငံရေးပါတီ ငယ်လေးတွေအတွက် ငွေကုန်လူပန်း ဖြစ်နိုင်တာနဲ့ နိုင်ငံတော် အနေနဲ့လည်း ဘဏ္ဍာငွေ ကျပ်သန်း ၂ ထောင် လောက်ကုန်မှာ ဆိုတာတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြချက်တွေ ပေးပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေး ပါတီ ၃၅ ပါတီကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်း ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) ကို ခေါ်ယူပြီးတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီ ဗဟိုကော်မတီဝင်လည်း ဖြစ်တဲ့ ဦးတင်အေးက အထက်ပါအတိုင်း ပြောဆိုလိုက် တာ ဖြစ်ပါတယ်။
ဒီလို ထုတ်ပြန်ပြောဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သက်ပြီး ခိုင်မာတိကျတဲ့ မူဝါဒ မရှိတာ၊ မဲစာရင်း ပြဿနာတွေ အပါအဝင် အာဏာရ ကြံ့ခိုင်ရေးပါတီ ရဲ့ အကျိုးစီးပွားတွေနဲ့ပါ တိုက်ရိုက် ပတ်သက်နေလို့ ကြားဖြတ် ရွေးကောက်ပွဲ မလုပ်တာ ဆိုပြီး နိုင်ငံရေး ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေက ဧရာဝတီကို ပြောပါတယ်။
“အခု PR စနစ် လုပ်မယ့် ကိစ္စတွေနဲ့ အခုရွေးကောက်ပွဲ လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ကိစ္စတွေက နောက်ကွယ်မှာ အကြောင်းတွေ ရှိနိုင် တယ်။ အာဏာရ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ပတ်သက်နေတယ်လို့ ထင်တယ်”လို့ ရခိုင် အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဦးလှစောက ပြောပါတယ်။
ကော်မရှင်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောတဲ့အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်နေတဲ့အချိန်မှာ မလုပ်တော့ ဘူးလို့ ပြန်ပြောတာဟာ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေရဲ့ တန်ဖိုးကို ကော်မရှင်က မလေးစားတာ ဖြစ်တယ်လို့လည်း ဦးဦးလှစောက သုံးသပ်ပါတယ်။
ဦးဦးလှစော ပြောဆိုတာတွေကို ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က သဘောတူကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြတာ မဟုတ်ဘဲ ဆင်ခြေပေးနေတာ ဖြစ်ကြောင်း၊ သူတို့ အကြောင်းပြတဲ့ ကျပ်သန်း ၂၀၀၀ ဆို တာ တကယ် လုပ်ချင်ရင် အသေးအဖွဲလေးသာ ဖြစ်ကြောင်း ပြောဆိုပါတယ်။
“ပထမ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဘူးပြောတယ်။ နောက်လွှတ်တော်မှာ လုပ်မယ်လို့ ပြန်ပြောတယ်။ အဲဒီမှာ ကျနော်တို့မိတ်ဆွေ ပါတီတချို့ကတော့ ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ပြင်ကြဆင်ကြတယ်။ ကိုယ်စားလှယ်လောင်း ရွေးကြတယ်။ သူဝင်မယ် ငါဝင်မယ် နဲ့ ရန်တွေတောင် ဖြစ်သေးတယ်။ အခုမလုပ်တော့ဘူး ဆိုတော့ ရန်ဖြစ်တာပဲ အဖတ်တင်တယ်။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာ ခန့်မှန်းရ အရမ်း ခက်တယ်။ ကမ္ဘာမှာတောင် ဒီလို သိပ်မရှိဘူး”လို့လည်း ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပခဲ့တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ကြားဖြတ် ရွေးကောက် ပွဲ ကျင်းပပေးဖို့ ရှိမရှိ မေးမြန်းရာမှာ ကျင်းပပေးမယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ဖြေဆိုခဲ့တာပါ။
ဦးတင်အေးက ကတိပေးပြီးနောက် ၇ လ အကြာ စက်တင်ဘာလထဲမှာ မလုပ်တော့ဘူး ဆိုပြီး ထပ်ပြောတာဟာ အများပြည်သူရဲ့ ယုံကြည်မှုကို လျော့ကျစေကြောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ကော်မရှင် ဥက္ကဌ ဆိုတာ အများပြည်သူက ယုံကြည်တဲ့သူ ဖြစ်ရမယ်၊ ကတိတည်ရမယ်၊ ကတိမတည်ဘူးဆိုရင် ကော်မရှင် ဥက္ကဌ တဦးရဲ့ ဂုဏ်သိက္ခာ၊ အရည်အသွေးတွေရဲ့ အားနည်းချက် ဖြစ်စေနိုင်တယ်၊ အများပြည်သူရဲ့ ယုံကြည်မှုကိုလျော့ကျစေပါတယ်။ သူပြောတဲ့ အကြောင်းပြချက်တွေက ခိုင်လုံမှု မရှိဘူး”လို့ ဦးဖြိုးမင်းသိန်းက ပြောဆိုပါတယ်။
တိုင်းရင်းသားပါတီတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ညီနောင်များ ဖက်ဒရေးရှင်း (NBF) အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးစောသန်းမြင့်ကတော့ ကြားဖြတ်ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ခြင်းဟာ အချိုးကျ ကိုယ်စားပြု(PR) စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်နေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဦးစောသန်းမြင့်က“ကြားဖြတ်ရွေးကောက်ပွဲဟာ အာဏာရပါတီရဲ့ မူဝါဒ ဆုံးဖြတ်ချက် အပေါ်မူတည်ပါတယ်။ ကြံ့ခိုင်ရေးက လုပ်မယ် လို့ ဖိအားပေးရင် လုပ်ကိုလုပ်ရမှာပါ၊ သူတို့က မလိုအပ်ဘူးဆိုရင် မလုပ်ရဘူး ဆိုတဲ့ သဘောပဲ”လို့လည်း ဆိုပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ အတွက် တနိုင်ငံလုံးမှာ လစ်လပ် မဲဆန္ဒနယ် အရေအတွက်က ပြည်သူ့လွှတ်တော်မှာ ၁၃ နေရာ၊ အမျိုးသား လွှတ်တော်မှာ ၆ နေရာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ၁၆ နေရာ ဖြစ်တဲ့အတွက် စုစုပေါင်း ၃၅ နေရာ ရှိပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကော်ပွဲတွေဟာ လူဦးရေး သန်းခေါင်စာရင်း သန်း ၆၀ ရှိတယ်ဆိုတဲ့ မဲစာရင်းပေါ်မှာ အခြေခံခဲ့ပေမယ့် အခု အသစ်ထွက်လာတဲ့ လူဦးရေ ၅၁ သန်း ဆိုတာကြောင့်လည်း အခုထပ်လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် အခက်အခဲတွေ ကော်မရှင်မှာ ရှိနေနိုင်တယ်လို့ တချို့က ပြောဆိုပါတယ်။
“သန်းခေါင်စာရင်းမှာ အရင်က သန်း ၆၀ လို့ ပြောတယ်။ အခု ၅၁ သန်း ဖြစ်သွားပြီ။ အဲဒီတော့ မဲစာရင်းက သန်းခေါင်စာရင်းပေါ်မှာ အခြေခံရတာ ဖြစ်တဲ့အတွက် အခုရွေးကောက်ပွဲမှာ ဘယ်စာရင်းပေါ်မှာ အခြေခံမှာလဲ။ ပျောက်နေတဲ့ ၉ သန်းက နိုင်ငံခြား ရောက် နေတာလား။ ဒီလို စာရင်းတွေ မပြည့်စုံတဲ့အတွက် ကြားဖြတ်ကို ရွှေ့တာလည်း ဖြစ်နိုင်တယ်”လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အတွင်း ရေးမှူး ဦးမျိုးညွှန့်က ပြောပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့တဲ့အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတုန်းကလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်နဲ့ ရှုံးပြီး အရှက်ကွဲရမယ့် အနေအထား ကိုလည်း ရှောင်လွှဲနိုင်သွားပြီလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ ကြိုတင် ဆွေးနွေး ညှိနှိုင်းမှု တစုံတရာ မရှိသလို ကော်မရှင် အနေနဲ့လည်း အများပြည်သူရဲ့ အသံကို အလေးထားမှု အားနည်းတယ်လို့ နိုင်ငံရေးပါတီတွေက ဝေဖန်ကြပါတယ်။
ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ “မလုပ်ဖြစ်တာကတော့ အကြောင်း အမျိုးမျိုးကြောင့်ပါ။ ဒါဟာ ကော်မရှင် ဥက္ကဌ တယောက် ရဲ့ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်အရ ကျနော် လုပ်တာပါ၊ ဖွဲ့စည်းပုံမှာလည်း ဥပဒေအရ လုပ်ပိုင်ခွင့် ပေးထားပါတယ်”လို့ ပါတီတွေနဲ့ တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သူ့ကိုယ်သူ ကာကွယ် ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဇူလိုင်လ အတွင်းကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို တင်းကျပ်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း တွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကို ရက် ၆၀ အစား ရက် ၃၀ သာပေးထားပြီး မဲဆွယ်မယ်ဆိုရင်လည်း ကြိုတင် ခွင့်ပြုချက် တောင်းခံဖို့နဲ့ အရင်ထက် များပြားတဲ့ ကန့်သတ်ချက်တွေကို ထည့်သွင်းထားတဲ့ အတွက် ကန့်ကွက် ဝေဖန်ကြခြင်း ဖြစ်ပါတယ်။
ဒီလို ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မှန်မှန်ကန်ကန် ရပ်တည်သွားနိုင် မလား၊ ဘယ်လို ဆက်လက် ရပ်တည်သွားမှာလဲ ဆိုတာကလည်း စဉ်းစရာပဲ ဖြစ်ပါတယ်။ ။
ထက်နိုင်ဇော် ပူးပေါင်း ရေးသားသည်။