မြန်မာတို့ကို တော်လှန်ခဲ့တဲ့ ထိုင်းဘုရင် နရဲစွမ်ရဲ့ အကြောင်း “The Legend of King Naresuan” အပိုင်း ၆ ရိုက်ကူးဖို့ ထိုင်းရုပ်ရှင် ဒါရိုက်တာ ချတ်ထရီ ချလွမ်ယူကွန် နဲ့အဖွဲ့ ပြီးခဲ့တဲ့ စနေနေ့က တောင်ငူမြို့ကို ရောက်ရှိလာပြီး နှစ်ရက်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။
အခုရိုက်ကူးမယ့် ရုပ်ရှင်ဟာ နရဲစွမ်ဘုရင်ရဲ့ အကြောင်း နောက်ဆုံးအပိုင်းဖြစ်ပြီး နရဲစွမ်ဘုရင် တောင်ငူကို လာရောက် တိုက်ခိုက် တဲ့ ဇတ်ဝင်ခန်း ပါဝင်မှာဖြစ်တဲ့အတွက် တောင်ငူမြို့မှာရှိတဲ့ သမိုင်းဝင်နေရာတွေကို လေ့လာတာဖြစ်တယ်လို့ အဆိုပါအဖွဲ့ကို လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ သမိုင်းသုတေသီ ဒေါက်တာမြသောင်း က ဧရာဝတီကို ပြောပါတယ်။
“သူတို့မှာ ရုပ်ရှင်အတွက် ဆက်တင်တွေက ဆောက်ပြီးပြီ၊ ဒါပေမယ့် နရဲစွမ်ဘုရင် စစ်ချီတဲ့ အဓိကနေရာတွေရဲ့ မြေပြင် အနေ အထား ကို မသိရသေးတဲ့အတွက် လာပြီးလေ့လာတာပါ၊ သူတို့က ဟိုမှာ ပြန်ပြီး ဖန်တီးဖို့ ဓာတ်ပုံရိုက်ယူတယ်၊ ပုံကြမ်းဆွဲယူပါတယ်”လို့ သူက ပြောပြပါတယ်။
ဒါကြောင့် နရဲစွမ်ဘုရင် တောင်ငူမြို့ပြကို လာရောက်တိုက်ခိုက်စဉ်က စခန်းချခဲ့တဲ့ ကျွဲမကူးချောင်း၊ ရဲနွယ်ချောင်း၊ ရေကြောင်းချီခဲ့တဲ့ စစ်တောင်းမြစ်၊ ဒါ့အပြင် သမိုင်းဝင်နေရာတွေဖြစ်တဲ့ ကေတုမတီမြို့ဟောင်း၊ ကျုံး၊ ရေထွက်ပေါက် တခုဖြစ်တဲ့ မြစ်ကြီးပေါက် (ယိုးဒယားပေါက်) တို့ကို လိုက်လံကြည့်ရှုလေ့လာခဲ့တယ်လို့ ဒေါက်တာမြသောင်း က ပြောပါတယ်။
ဒါ့အပြင် တောင်ငူခေတ်က မြို့ရန်တွေဖြစ်ခဲ့ဖူးတဲ့ ဇေယျဝတီ၊ ကျောက်စရစ်၊ ကောလိယ၊ အာသာဝတီ(မြို့ဆိုး)စတဲ့ ရှေးဟောင်းမြို့တွေကိုလည်း သွားရောက်ခဲ့ပါသေးတယ်လို့ သိရပါတယ်။
The Legend of King Naresuan ရုပ်ရှင်ကား ဒါရိုက်တာ ချတ်ထရီ ချလွမ်ယူကွန်ဟာ ထိုင်းတော်ဝင် မိသားစုဝင် တဦးဖြစ်ပြီး အခု ခရီးစဉ်မှာ သူနဲ့အတူ ချူလာလောင်ကွန်းတက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာ ဆူနိတ်လည်း လိုက်ပါလာတယ်လို့သိရပါတယ်။
ဒါရိုက်တာဖြစ်တဲ့ မင်းသားကြီး ချတ်ထရီ ချလွမ်ယူကွန်ဟာ The Legend of King Naresuan ကို ရိုက်ကူးတဲ့နေရာမှာ တခြား သော ရုပ်ရှင်ဒါရိုက်တာတွေလို ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနဲ့မချဉ်းကပ်ဘဲ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ မြို့ပြနိုင်ငံတော်(City-state) များကို အောင်နိုင်ခဲ့သူ တဦးအနေနဲ့ ပုံဖော်ရိုက်ကူးခဲ့တာလို့သိရပါတယ်။
နရဲစွမ် ဇာတ်ကားရဲ့ အဓိက ကျောရိုးကတော့ ၁၅ ရာစု ခေတ်လယ်ခန့်က ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ မြန်မာ ဘုရင် ဘုရင့်နောင် မင်းတရားကြီး အယုဒ္ဓယကို သိမ်းပိုက်အောင်မြင်စဉ်က အသက် ၉ နှစ်အရွယ် မင်းသား နရဲစွမ်ကို ဟံသာဝတီ ရွှေနန်းတော် ကို ခေါ်ဆောင်ခဲ့ပြီး အဋ္ဌာရသ ၁၈ ရပ်ကို သင်ကြားပေးခဲ့ပါတယ်။
ဘုရင့်နောင် နတ်ရွာစံပြီးနောက် ၁၅၈၄ ခုနှစ် သားတော် နန္ဒဘုရင် လက်ထက်မှာ အယုဒ္ဓယ ဘုရင် နရဲစွမ်က သစ္စာမခံတော့ဘဲ ထိုင်းလူမျိုးများကို စုစည်းကာ ပြန်လည်တော်လှန်ခဲ့တဲ့ အကြောင်းအရာပါ။
အဲဒီကာလမှာ နန္ဒဘုရင်ဟာ ၅ကြိမ်တိုင် အယုဒ္ဓယ ကို စစ်ချီတက်တိုက်ခိုက်ခဲ့သလို၊ ဘုရင်နရဲစွမ်ကလည်း ၄ကြိမ်တိုင် ဟံသာဝတီ၊ တောင်ငူ၊ မုတ္တမ စတဲ့ဒေသတွေကို ချီတက်တိုက်ခိုက်ခဲ့ပါတယ်။
တောင်ငူမြို့ကို ဘုရင်နရဲစွမ်တပ်တွေ တိုက်ခိုက်ရာမှာတော့ ကျွဲမကူးကျွန်းချောင်းအရပ်မှာ စခန်းချပြီး ကေတုမတီ ကျုံးရေကို ယိုးဒယားပေါက်မှတဆင့် စစ်တောင်းမြစ်ထဲ ဖောက်ချ၊ အပြင်းအထန် ဝန်းရံပြီးတိုက်ခိုက်ပေမယ့် ရိက္ခာပို့ ယိုဒယား လှေများကို ရခိုင်ဘုရင်တပ်တွေက တိုက်ခိုက်ခဲ့တဲ့အတွက် အစာရေစာပြတ်လပ်ပြီး တောင်ငူက ခွာခဲ့ရတယ်လို့ မြန်မာ့သမိုင်း မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
၁၆၀၅ ခု မြန်မာဘုရင် အနောက်ဘက်လွန်မင်း လက်ထက်မှာ အယုဒ္ဓဘုရင် နရဲစွမ်ဟာ ဇင်းမယ်(ချင်းမိုင်)ကတဆင့် ရှမ်း ပြည်နယ် ကို စစ်ချီအသွား မိုင်းဟင် အရောက်မှာတော့ ကျည်မေနာကြောင့် ရုတ်တရက် နတ်ရွာစံခဲ့ပါတယ်လို့ မှန်နန်း မဟာ ရာဇဝင်တော်ကြီး က ဆိုပါတယ်။
ဒီရောဂါ ကျည်မေနာကို မြန်မာ့ဆေးပညာရှင်တချို့က ကိမိန(ပိုးမွှားရောဂါ)လို့ အဓိပ္ပာယ်ဖွင့်ဆို ထားပေမယ့် သူ့အကြောင်း ရေး ထားတဲ့ ဝီကီပီးဒီးယားမှာ Smallpox(ကျောက်ရောဂါ) လို့ ဖော်ပြပါတယ်။
အခုရိုက်မယ့် The Legend of King Naresuan အပိုင်း ၆ မှာတော့ ဒီအကြောင်းတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာတော့ The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းအစိုးရက မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေး ရည်ရွယ်ချက် နဲ့ နိုင်ငံတဝန်းက ရုပ်ရှင်ရုံတွေမှာ အခမဲ့ပြသခဲ့ပါတယ်။