ယနေ့ကာလ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အလှမယ်ရွေးပွဲ အရှုပ်တော်ပုံများ အကြောင်းကို အရင်းတည်၍ မြန်မာ့အလှမယ် သမိုင်းကို ပြန်လည်လေ့လာမိသည်။
မြန်မာနိုင်ငံတွင် မယ်ဗမာ (မြန်မာ) ရွေးပွဲကို လွတ်လပ်ရေး အကြိုကာလ ၁၉၄၇ ခုနှစ်တွင် စတင် ကျင်းပသည်။ ရွှေတိဂုံစေတီ အနောက်ဘက်မုခ်တွင် ကျင်းပသည့် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံး ပြပွဲနှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ပထမဦးဆုံးသော မယ်ဗမာမှာ ဒေါ်လီချို (Dolly Cho) ဖြစ်သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် နှစ်မှာပင် မြန်မာနိုင်ငံ အိုလံပစ် ကောင်စီက အားကစားပွဲ ကျင်းပခဲ့ သည်။ မယ်ရွေးပွဲလည်း ပါသည်။ ခင်သန်းကြွယ်က အိုလံပစ်မယ်ဘွဲ့နှင့်အတူ မယ်ဗမာဘွဲ့ကိုပါ ဆွတ်ခူး ရရှိခဲ့သည်။
ယင်း မယ်ရွေးပွဲမှ စကာ မြန်မာနိုင်ငံ တဝန်းလုံး မယ်ရွေးပွဲများ ခေတ်စားလာခဲ့သည်။ မြို့နယ် မယ်ရွေးပွဲများမှ အစ တိုင်းနှင့် ပြည်နယ်အထိ မယ်ရွေးပွဲများ ကျယ်ပြန့်ခဲ့ရာ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီက မယ်ရွေးပွဲများကို ပိတ်လိုက်သည့် ကာလအထိ ဖြစ်သည်။
ထိုသို့ မောင်မယ် ရွေးပွဲကျင်းပရာတွင် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ ကသာ ဦးစီးကျင်းပခဲ့ကြခြင်း ဖြစ်သည်။ ယင်းအပြင် မောင်ဗမာ၊ မယ်ဗမာ (မြန်မာ) များမှာ တနှစ်လျှင် တဦးသာ ထွက်သည်။ သို့ဖြစ်ရာ ၁၆ ဦးသာ တရားဝင် ရှိခဲ့ဖူးသည်။ မှတ်မိသမျှ တင်ပြရမည်ဆိုလျှင် ခင်စန်းကြွယ်၊ နော်လီဇာဘင်ဆင်၊ မီနီပု၊ နုနုရီ၊ ဖြူဖြူရှိန်၊ ဝါဝါရှိန်၊ မြမြသန်း၊ နန်းမြင့်မေ၊ ခင်မြင့်မြင့်၊ သန်းသန်းအေး၊ နန်းမြတ်မြတ်ထွေး၊ မမြသွေး၊ လီလီစိုးရင်၊ မေမြင့်ရီနှင့် ခင်သန်းနု တို့ ဖြစ်ကြသည်။
လွတ်လပ်ရေးခေတ်၊ မယ်လောကကို ခင်စန်းကြွယ်မှ စတင်ခဲ့ပြီး ခင်သန်းနုနှင့် အဆုံးသတ်ခဲ့သည်။
ခင်သန်းနုမှာ ပြည်ထောင်စုမယ် ဖြစ်သည်။ မယ်ဗမာရွေးပွဲတွင်မူ တတိယသာ ရသည်။ ခင်သန်းနုမှာ တနှစ်ထဲမှာပင် မယ်ဘွဲ့ (၅) ဘွဲ့ကို ဆက်တိုက် ဆွတ်ခူးခဲ့သူ ဖြစ်သည်။ ပညာတံခွန်မယ်၊ (ပျဉ်းမနား) ရမည်းသင်းမယ်၊ မယ်မန္တလေး၊ ဥတ္တရတိုင်းမယ်နှင့် ပြည်ထောင်စုမယ် ဖြစ်သည်။
အထက်တန်း ကျောင်းသူဘဝတွင် ရရှိခဲ့ခြင်း ဖြစ်သဖြင့် မယ်ဘွဲ့များ ရစဉ်က အသက် ၁၈ နှစ် မပြည့်သေးသည် ကတော့ သေချာသည်။ ထိုစဉ်က မယ်ရွေးပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အမျိုးသမီးများမှာ ပြိုင်ပွဲကျင်းပရေး ကော်မတီက ချမှတ် ထားသည့် ပြိုင်ပွဲစည်းကမ်းများမှ အပ တခြားသော စာချုပ် စာတမ်းများ လက်မှတ် ရေးထိုးခဲ့ကြခြင်း မရှိသည်မှာလည်း သေချာသည်။
မယ်ဘွဲ့များ ရပြီးနောက် ကောင်းသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လွတ်လပ်စွာ (လွတ်လပ်စွာ) ဆောင်ရွက်နိုင် ကြသည်။ သို့မို့ကြောင့် ထိုစဉ်က မြို့နယ်အဆင့် မယ်ဘွဲ့ရသူများမှစကာ မယ်ဗမာများ အထိ ရုပ်ရှင် လောကထဲသို့ ဝင်ရောက်ခဲ့ကြသည်။
မုဒုံမယ် တင်တင်မူ၊ ဖျာပုံမယ် တင်တင်အေး၊ သိမ်ဖြူမယ် ခင်အေးဟန်၊ ကသာမယ် မခင်မှီတို့မှာ ထင်ရှားခဲ့ကြသည်။ မယ်ဗမာများ ဖြစ်ကြသည့် မစိန်အေး၊ နော်လီဇာဘင်ဆင်၊ ခင်သန်းနု၊ မေရီမြင့် စသည်တို့မှာ ထင်ရှားသည့် ရုပ်ရှင်မင်းသမီးများ ဖြစ်ကြသည်။
နိုင်ငံခြားတွင် မယ်ဘွဲ့ရသူ တဦးပင်လျှင် မြန်မာရုပ်ရှင် လောကတွင် ကျော်ကြားခဲ့ဖူးသည်။ ရှန်ဟိုင်းမယ် မေရီမြင့် ဖြစ်သည်။
၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီအစိုးရ တက်လာပြီးနောက် မယ်ရွေးပွဲကို ပိတ်ပင်တားမြစ် လိုက်သည်။ ဇယာအိုနှင့် ကညာပျိုတို့ ဘောလုံးပွဲများကိုလည်း တားမြစ် ပိတ်ပင်ခဲ့သည်။ ပြီးတော့ မြင်းပြိုင်ပွဲများလည်း ပြုလုပ်ခွင့် မပေးတော့ပါ၊ အမျိုးသမီး ဘောလုံးပွဲများမှာ နဝတ အစိုးရလက်ထက်ကျမှသာ ပြန်လည်ကျင်းပခွင့် ရခဲ့သည်။ မယ်ရွေးပွဲများ နေရာတွင် လှယဉ်ကျေးမယ် အမည်ဖြင့် ပြိုင်ပွဲက အစားထိုးဝင်ရောက်လာသည်။ မောင်နှင့်နှမ၊ သားနှင့်အမိ အတူတူထိုင် ကြည့်နိုင်သည့် ဝတ်စုံများဖြင့်သာ ယှဉ်ပြိုင်ကြရသည်။ ကိုယ်ဟန်ပြ ကြရသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် မယ်ရွေးပွဲများ ပြန်လည်၍ တစခန်းထလာသည်။ ယင်းရွေးပွဲများကို သက်ဆိုင်ရာ အားကစား အဖွဲ့အစည်းများက ကြီးမှူးကျင်းပခြင်းမဟုတ်ဘဲ ပုဂ္ဂလိက အဖွဲ့အစည်းများက ကြီးမှူးကျင်းပခဲ့ကြခြင်း ဖြစ်သည်။ မယ်ရွေးသည့် အဖွဲ့ (Organization) များကလည်း အပြိုင်အဆိုင် ရှိလာသည်။
ယခင်က တနှစ်လျှင် မယ်ဗမာ (မြန်မာ) တဦးသာ ရှိခဲ့ရာမှ ယခုအခါတွင် နိုင်ငံတကာတွင် ခေါင်းစဉ်မျိုးစုံဖြင့် ကျင်းပနေသည့် အလှမယ် ရွေးပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် နေကြသည့် ပြည်တွင်းထွက် အလှမယ်ပေါင်း များစွာ ရှိနေခဲ့သည်။ လူများလျှင် ပြဿနာပေါင်းစုံရှိသည် ဆိုဘိအလား ပြဿနာပေါင်းစုံ ရှိလာခဲ့သည်။
ယင်းပြဿနာများ ထဲတွင် ထိပ်ဆုံးရောက်နေသည့် ပြဿနာမှာ တောင်ကိုရီးယားနိုင်ငံမှ အာရှ၊ ပစိဖိတ်၊ ကမ္ဘာ့ မယ်ရွေးပွဲ အဖွဲ့နှင့် ယင်းပြိုင်ပွဲ (၂၀၁၄) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အလှဆုံးမယ် သရဖူကို ဆွတ်ခူးခဲ့သည့် မေမြတ်နိုးတို့၏ ပြဿနာပင် ဖြစ်သည်။ ယင်းပြဿနာမှာ တစတစကြီးထွားလာသည်။
မေမြတ်နိုး ဆွတ်ခူးခဲ့သည့် အလှမယ်သရဖူကို ပြန်သိမ်းမည် ဆိုသည့်သတင်း သဲ့သဲ့ထွက်လာ ကတည်းက (စာရေးသူ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးသည်) https://burma.irrawaddy.com/sport/2014/07/15/61832.html ။ မြန်မာ အလှမယ်ထံမှ အကြောင်းမဲ့ သရဖူပြန်သိမ်းမည် ဆိုခြင်းကို လက်မခံနိုင် ကြောင်း၊ မေမြတ်နိုးကြုံတွေ့နေရသည့် ပြဿနာမှာ သူတဦးတည်း အတွက် မဟုတ်ကြောင်း၊ ၎င်းကဲ့သို့ ပြိုင်ပွဲသို့ မည်သည့် ပြည်တွင်း အဖွဲ့အစည်း (Organization) ကရွေးချယ်စေလွှတ်ယှဉ်ပြိုင်စေသည် ဖြစ်စေ ပြိုင်ပွဲဝင်မယ်သည် မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခြင်းသာ ဖြစ်ကြောင်း ရေးခဲ့သည်။
ပြည်တွင်း၌ နိုင်ငံပေါင်းစုံမှ အလှမယ်ရွေးပွဲများနှင့် ဆက်သွယ်ထားသည့် အဖွဲ့အစည်း (Organization) များ ရှိနေ သည်။ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင် ဖြစ်နေကြဟန် တူသည်။ ယင်း ပြိုင်ဆိုင်မှုများကြားတွင် သတင်း မီဒီယာ သမားများနှင့် အနုပညာရှင်များ ဘုမသိ ဘမသိဖြင့် ကြားညှပ်ပါဝင်နေသည်။
အဖွဲ့အစည်း (Organization) များက အလှမယ် ရွေးပွဲတပွဲတွင် ပြိုင်ပွဲဝင်မယ်များ အနက် ပဏာမ လက်ရွေးစင်မယ် ၁၀ ဦး ရွေးချယ်ထာသည်။ မည်သို့သော စည်းကမ်း သတ်မှတ်ချက်များနှင့် ရွေးချယ်ခဲ့သည်ကိုမူ မသိရ။ ရွေးချယ်ပြီး ပဏာမ လက်ရွေးစင် မယ်လောင်း ၁၀ ဦးကို ယင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများက ရွေးချယ်ပေးခဲ့ ကြသည် ဟူသတည်း။
နောက် အလှမယ်ရွေးပွဲ တပွဲတခုတွင်မူ ယင်း အလှမယ်ရွေးပွဲသို့ တက်ရောက်ကြည့်ရှု အားပေးကြသည့် အထူး ဧည့်သည်တော်များ ဖြစ်ကြသည့် အနုပညာရှင်များက ရွေးချယ်ပေးခဲ့ကြသည်ဟု သတင်းများတွင် ဖတ်လိုက်ရသည်။
ကျနော်တို့ ဆီက သတင်းမီဒီယာများနှင့် အနုပညာရှင်များသည် အလှမယ်ရွေးပွဲတွင် ဒိုင်လူကြီးများ ဖြစ်ကုန်ကြသည်။ အလှမယ် ရွေးပွဲ ဒိုင်လူကြီး အလုပ်သည် မိမိတို့အလုပ် ဟုတ် မဟုတ် မြန်မာနိုင်ငံမှ သတင်းမီဒီယာများနှင့် အနုပညာရှင်များ ပြန်လည် စဉ်းစားသင့်ကြပါသည်။ ယင်းသို့ ရွေးချယ်ခြင်းသည် မှန်ကန်မျှတပါ၏လော။
တဖန် မယ်ရွေးချယ်ရေး အတွက် မည်သည့် စည်းကမ်း စံနှုန်း သတ်မှတ်ချက် စသည်တို့လည်း ထင်သာမြင်သာ မတွေ့ရ။ လက်သိပ်ထိုး၍ လက်လှည့်သင့်ရာ ရွေးချယ်သကဲ့သို့ ဖြစ်နေခြင်းသည် မြန်မာ့မယ်ရွေးချယ်ပွဲ အနာဂတ်ကို ထိခိုက်စေနိုင်ကြောင်း သတိပြု သင့်သည်။
ထို့အပြင် သတင်းမီဒီယာ တချို့ကလည်း မယ်လောင်းများ ရွှေတိဂုံဘုရား တက်ဖူးကြမည် ဆိုခြင်းက အစ သတင်းလုပ်နေ ကြသည်။ ရွှေတိဂုံဘုရားသို့ နေ့စဉ် ဘုရားဖူးများ ထောင်ချီ၍ ရှိနေသည့် ကြားထဲတွင် သာမန် မိန်းကလေးများ ဘုရားတက်ဖူး ကြမည် ဆိုသည်ကတော့ သတင်းထူး၊ သတင်းဆန်း ဟုတ်မဟုတ် သတင်းမီဒီယာ သမားများ စဉ်းစားနိုင်ကြဖို့တော့ လိုပါသည်။
မေမြတ်နိုးနှင့် အလှမယ် သရဖူ ပြဿနာမှာ ယခုအခါကျတော့ မီးပွင့်သတင်းကြီး ဖြစ်လာသည်။ ရုံးရောက် ဂတ်ရောက် ရောက်တော့မည့် အနေအထားပင် ဖြစ်သည်။ မေမြတ်နိုးက ပြည်တွင်း၌ သတင်းစာ ရှင်းလင်းပွဲ လုပ်သည်။ ကိုရီးယား အဖွဲ့အစည်းဘက်ကလည်း သူတို့ ပြည်တွင်း မီဒီယာများတွင် သရဖူအကြောင်း သတင်းတွေ ထုတ်ပြန်သည်။
မေမြတ်နိုး သတင်းစာရှင်းလင်းပွဲတွင် အဓိက အရေးကြီးသည့် အချက်တချက် ပါဝင်နေသည်။ ယင်းမှာ စပွန်ဆာ (Sponsor) ရရေးအတွက် တောင်ကိုရီးယား နိုင်ငံမှာသာမက ဂျပန်နိုင်ငံအထိ စပွန်ဆာ သွားရှာရမည်၊ ထိုသို့ ရှာဖွေရာတွင် လုပ်ငန်းရှင်ကြီးအား အဖော်ပြုပေးရမည်ဟု တောင်ကိုရီးယား Organization မှ တာဝန်ရှိသူများက ပြောဆိုသည် ဟူသည့် အချက် ပါဝင်သည်။
မေမြတ်နိုး၏ ပြောဆိုချက်ကို တောင်ကိုရီးယား အလှမယ်ဟောင်းတဦး၊ အင်္ဂလန်မှ ပြိုင်ပွဲဝင်တဦးနှင့် ကိုရီးယား-အမေရိကန် ကပြား ရုပ်ရှင်မင်းသမီး တဦးတို့က ထောက်ခံ ပြောဆိုကြသည်။ ကမ္ဘာကျော် ဝီကီပီဒီယားကလည်း တောင်ကိုရီးယား Organization လုပ်ရပ်ကို ဖော်ထုတ်ခဲ့ကြသည်။ ကိုရီးယား-အမေရိကန် ရုပ်ရှင်မင်းသမီး အာဒမ်ချိုက သူ၏ လူမှုစာမျက်နှာတွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
“ဒီကိစ္စကို ကျမ မကျေနပ်ပါဘူး။ ပလတ်စတစ် ဆာဂျရီ လုပ်ဖို့နဲ့ စီးပွားရေးသမားတွေရဲ့ စောင့်ရှောက်ခြင်းကို ငြင်းဆန်တဲ့ အတွက် သူတို့က မေမြတ်နိုးဆီက သရဖူကို ပြန်သိမ်းခဲ့ပါတယ်။ မေမြတ်နိုးရဲ့ လုပ်ရပ်တွေ အတွက် သူ့ကို ကျမ လေးစားပါတယ်။ မေမြတ်နိုးဆီက သရဖူ အသိမ်းမခံသင့်ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အသိမ်းခံရမယ့် အနေအထား ဖြစ်နေပါတယ်။ ဒီအဖွဲ့အစည်းက ယုတ်မာပြီး တရားမျှတမှု မရှိတဲ့ အဖွဲ့အစည်းပါ။ သူတို့ရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်ခဲ့တဲ့ ကျမလည်း အလုပ်ပြုတ်ခဲ့ရပါတယ်” ဟု ၂၀၀၄ မယ် ကိုရီးယား အလှမယ်ဟောင်း အာဒမ်ချို (ချီကာဂို) က ရေးသားထားသည်။
ယင်းပြဿနာကို တောင်ကိုရီးယား Organization က တရားဝင် ရှင်းလင်းပေးဖို့ လိုသည်။ ဒုတိယ အချက်မှာ မေမြတ်နိုးကို ပလပ်စတစ် ဆာဂျရီလုပ်ခိုင်းသည့် ကိစ္စဖြစ်ပြီး တတိယ ဖြေရှင်းရမည့် အချက်မှာ မေမြတ်နိုး မိခင်၏ ဗီဇာအတုကိစ္စ ဖြစ်ပါသည်။
ဗီဇာအတု ဖြစ်ကြောင်း အရပ်သား အဖွဲ့အစည်းများက သိရှိပြီး တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဘာကြောင့် မသိပါသနည်း။ မြန်မာနိုင်ငံဘက်မှလည်း ဗီဇာအတုဖြင့် ထွက်ချည် ဝင်ချည် လုပ်နေသည်ကို ဘာကြောင့် မသိကြပါ သနည်း။
ယခု ပြဿနာမှာ မေမြတ်နိုးတဦးတည်း ပြဿနာ မဟုတ်တော့ပါ။ ကိုရီးယား မီဒီယာများတွင် မေမြတ်နိုး အမည် မသုံးဘဲ ဝါးလုံးရှည်နှင့် ယမ်းကာ Myanmar Beauty Queen အသုံးအနှုန်းဖြင့် သတင်းရေးသား နေကြသည်။ ယင်းသို့ ရေးသားခြင်းမျိုးသည် ကာယကံရှင်သာမက ကာယကံရှင်နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတော်အထိပင် ထိခိုက်နစ်နာစေသည်။
တဖန် ပြည်တွင်း အလှမယ် ရွေးချယ်ရေး အဖွဲ့ (Organization) များ အနေဖြင့်လည်း ဂျူးစံသာ၊ ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့နှင့် ဖြစ်ပွားခဲ့သည့် ပြဿနာများ ကိုပါ ရှင်းလင်းပေးကြဖို့ လိုပြီ ဖြစ်သည်။
အလှမယ်ရွေးပွဲသည် အားကစားပြိုင်ပွဲဟု ခေတ်အဆက်ဆက်တွင် သတ်မှတ်ခဲ့ကြပါသည်။ အားကစားပြိုင်ပွဲဆိုလျင် အားကစား အာဏာပိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် မြန်မာနိုင်ငံ ကာယဗလ အဖွဲ့ချုပ်၊ ပြည်ထောင်စု အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသား အိုလံပစ် ကောင်စီတို့က အားကစားလောက ဂုဏ်သတင်းကို ညစ်နွမ်းစေသည့် အလှမယ် ရွေးပွဲ အရှုပ်တော်ပုံများကို ဝင်ရောက်ကိုင်တွယ် ဖြေရှင်းသင့်ပါသည်။
အထူးသဖြင့် နိုင်ငံကိုယ်စားပြု အလှမယ် ရွေးချယ်ရာတွင် – ပြည်တွင်း အလှမယ်ရွေးသည့် အဖွဲ့ (Organization) များ မည်သို့ ပေါ်ပေါက်လာပြီး မည်သို့မည်ပုံ ဆောင်ရွက်နေကြသနည်း၊ မည်သူတွေ ပါဝင်ပတ်သက် နေသနည်း၊ ဖြစ်ပေါ် လာနိုင်သည့် ပြဿနာ အရပ်ရပ်ကို မည်သို့ ကိုင်တွယ် ဖြေရှင်း သွားမည်ဆိုသည်ကို အားကစား အာဏာပိုင် အဖွဲ့ကြီးက ပြည့်ပြည့်စုံစုံ သိထားသင့်သည် ဟု ထင်မြင်ပါသည်။ ။