ရိုဟင်ဂျာ ဆိုသည်ကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်ဟု သမ္မတ ဦးသိန်းစိန် က ဥရောပသို့ ရောက်ရှိနေစဉ် ပြောကြားကြောင်း သိရသည်။
ဦးသိန်းစိန် က တတိယ အကြိမ်မြောက် ၎င်း၏ ဥရောပ ခရီးစဉ်အတွင်း နယ်သာလန် နိုင်ငံသို့ ရောက်ရှိစဉ် နယ်သာလန် အစိုးရ က ရိုဟင်ဂျာအမည် ခေါ်ဆို အသုံးပြုရန် အကြံပြုချက်ကိုလည်း လက်မခံကြောင်း၊ ဘင်္ဂါလီဟုသာ သုံးနှုန်းပြီး ဥပဒေနှင့် ကိုက်ညီပါက ဘင်္ဂါလီများကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုနိုင်မည်ဟု ပြောကြားကြောင်း တို့ကို နယ်သာလန် အခြေစိုက် Nieuws.nl သတင်း တွင် ရေးသားထားသည်။
နယ်သာလန် ပါလီမန် အမတ် တဦးက ဦးသိန်းစိန်အား ရိုဟင်ဂျာ အရေးနှင့် ပတ်သက်ပြီး မေးမြန်းချက်ကို စက်တင်ဘာ ၉ ရက်နေ့က ယင်း သတင်းတွင် ပြန်လည် ဖော်ပြထားခြင်း ဖြစ်သည်။
နယ်သာလန်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားနေသည့် As-Salaamah wal’Adaalah Foundation အဖွဲ့က ရခိုင်ပြည်နယ် အခြေအနေနှင့် ရိုဟင်ဂျာအရေးအား ဦးသိန်းစိန် သို့ မေးမြန်းပေးရန် ထိုနယ်သာလန် အမတ်ကို တိုက်တွန်းခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားရာတွင် ရိုဟင်ဂျာဟူသည့် စကားလုံးကို ရှောင်ရှား ဖြေဆိုခဲ့သည်ဟုလည်း Nieuws.nl သတင်းတွင် ရေးသား ထားသည်။
“ဦးသိန်းစိန်က ရိုဟင်ဂျာ ဆိုတာကို အသိအမှတ် မပြုဘူး၊ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဆိုတာတောင် မသုံးဘဲ ရှောင်ရှားတယ်။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်မှာ မရှိဘူးလို့ပြောပြီး ဖိနှိပ်ခံရတာမျိုးလည်း မရှိသလို ဖယ်ရှားသုတ်သင် တာမျိုးလည်းမရှိဘူး
လို့ ပြော တယ်”ဟု အထက်ပါ ရိုဟင်ဂျာအရေး လှုပ်ရှားနေသည့် ဖောင်ဒေးရှင်း ဥက္ကဌ Nour Deen Wildeman က ပြော ဆို ကြောင်းလည်း ထိုသတင်းတွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအား ခွဲခြားဖိနှိပ် ဆက်ဆံနေသည့်အတွက် မြန်မာနိုင်ငံကို ဖိအားပေးရန် နယ်သာလန် အစိုးရ ကို တိုက်တွန်းခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် နယ်သာလန် ဘုရင်၊ ဘုရင်မ အပါအဝင် အစိုးရ အဖွဲ့ဝန်ကြီး များ၊ စီးပွားရေးု လုပ်ငန်းရှင်များတို့ တွေ့ဆုံမှုများတွင် ထိုကိစ္စအပေါ် ဖိအားပေးရန် ၎င်းတို့၏ ဖောင်ဒေးရှင်က တိုက်တွန်း ခဲ့သည်ဟုလည်း ဆိုသည်။
ဦးသိန်းစိန်သည် တတိယမြောက် ယခု ဥရောပ ခရီးစဉ်ကို စက်တင်ဘာ ၁ ရက်က စတင်ခဲ့ခြင်း ဖြစ်ပြီး ဂျာမနီ၊ ဆွစ်ဇာလန် နှင့် နယ်သာလန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ဘင်္ဂါးလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် ၂၄၁၅ ဦးကို မြန်မာနိုင်ငံသား စိစစ်မှု လုပ်ငန်း လုပ်ဆောင်ပြီးဖြစ်၍ မြန်မာနိုင်ငံမှ ပြန်လည် လက်ခံမည်ဟု သြဂုတ်လ ၃၁ ရက်က နှစ်နိုင်ငံ ဝန်ကြီးအဆင့် သဘောတူညီခဲ့ကြောင်း ဘင်္ဂါလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန် ကြေညာချက်တွင် မြန်မာ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က မြန်မာနိုင်ငံသား ၂၅၀၀ နီးပါးကို နိုင်ငံသား စိစစ်ပြီးဖြစ်၍ ပြန်လည် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သို့သော် ရိုဟင်ဂျာ တိုင်းရင်းသား ဟူသည်မှာ မရှိကြောင်း ပြောဆိုရှင်း လင်း ထားသည်ကို တွေ့ရသည်။
၁၉၉၂ ခုနှစ်မှ ၂၀၀၅ ခုနှစ် အတွင်း ဘင်္ဂါးလားဒေ့ရှ် နိုင်ငံမှ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် ၂ သိန်း ၃ သောင်းကျော်အား ထိုစဉ်က နှစ်နိုင်ငံ သဘောတူညီမှုများဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ပြီး ဖြစ်သည်ဟု ဆိုသည်။
သို့သော် နောက်ပိုင်းတွင် ထိုသဘောတူညီမှုကို သက်တမ်း ဆက်တိုးရန် မြန်မာအစိုးရက ငြင်းပယ်ခဲ့ပြီး နိုင်ငံသား စိစစ်မှု လုပ် ငန်းများ ရပ်သွားခဲ့ကာ ဘင်္ဂါလီ ဒုက္ခသည်များအား လက်ခံရန် ရပ်ဆိုင်းထားခဲ့ကြောင်း ဘင်္ဂါးလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ဖော် ပြောဆိုချက် အရ သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက စတင်ပြီး ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားလာမှုကြောင့် မြန်မာနိုင်ငံတွင် ဘင်္ဂါလီ ဒုက္ခသည် ၁ သိန်း ၃ သောင်း ဝန်းကျင်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံးက ထုတ်ပြန်ထားသည်။