အရှေ့အလယ်ပိုင်းတွင် ဆူပူနေသည့် ဆွန်နီစစ်သွေးကြွများကို နှိမ်နင်းရေး အတွက် ဆီးရီယားတွင် လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် အီရတ်တွင် စစ်ရေးအကြံပေး ၄၇၅ ဦး ပိုမို ခန့်အပ်ခြင်း အပါအဝင် စစ်ဆင်ရေးလုပ်ငန်းများ တိုးချဲ့ရန် အမေရိကန် သမ္မတ အိုဘားမားက တရားဝင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စု အနေဖြင့် အီရတ်နှင့် အာဖဂန်နစ္စတန်လို စစ်ပွဲမျိုးထဲထပ်မံရောက်ရှိသွားမည်ကို ကြောက်ရွံ့မှုများအား ဖယ်ရှားဖို့ သူကြိုးစားခဲ့သည်။
အိမ်ဖြူတော်မှနေ၍ နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတအိုဘားမားက အမေရိကန်ပြည်ထောင်စု အနေဖြင့် ISIS ဟု သိကြသည့် စစ်သွေးကြွများကို အလုံးစုံ ချေမှုန်းနိုင်ရန်အတွက် တကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။ ပြန့်ပွားနေသည့် ကင်ဆာရောဂါတခုလို ဖြစ်နေသည့် ISIS သည် အမေရိကန် တပ်ဖွဲ့အချို့ကို အခက်အခဲတွေ့ စေနိုင်သည့် ကာလရှည်စိန်ခေါ်မှု တခုဖြစ်သည်ဟု သူက သတိပေးလိုက်သည်။
“ကျနော်တို့ တိုင်းပြည်ကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေကို သူတို့ ဘယ်နေရာမှာရှိသည်ဖြစ်စေ ကျနော်တို့ ရအောင်ရှာဖွေပါမယ်” ဟု ၁၄ မိနစ်ကြာမြင့်သည့် မိန့်ခွန်းတွင် အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။ “ဆိုလိုတာကတော့ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ ISIL အဖွဲ့ကို အရေးယူဆောင်ရွက်ဖို့ ကျနော် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ဒါက ကျနော့်ရဲ့ သမ္မတရာထူးရဲ့ ပင်မသဘောတရားလဲ ဖြစ်ပါတယ်။ တကယ်လို့ သင်က အမေရိကကို ခြိမ်းခြောက်လာမယ် ဆိုရင် သင့်အတွက် လုံခြုံတဲ့ နိဗ္ဗာန်ကို ရှာတွေ့မှာ မဟုတ်ပါဘူး” ဟု သူက ISIS အဖွဲ့၏ အခြား နာမည်ကို သုံးစွဲ၍ ထပ်ပြောခဲ့သည်။
သမ္မတ အိုဘားမားသည် ရှေ့က သမ္မတဖြစ်သည့် ဂျော့ဘုရှ်က စတင်ခဲ့သည့် စစ်ပွဲ ၂ ပွဲနှင့် ကွဲပြားခြားနားစေရန် အားထုတ်ခဲ့သည်။ သူက ယခုစစ်ဆင်ရေးကို အမေရိကန်ပြည်ထောင်စုက ယီမင်နှင့် ဆိုမာလီယာရှိ အကြမ်းဖက်သမားများဟု သံသယရှိသူများကို နှစ်နှင့် ချီ၍ တိုက်ခိုက်ခဲ့သည့် ပုံစံအတိုင်း ရွေးချယ်ထားသော ပစ်မှတ် များကို လေကြောင်းမှ တိုက်ခိုက်သည့် နည်းလမ်းနှင့် ပုံနှိုင်း၍ ပြောခဲ့သည်။ အဆိုပါ စစ်ဆင်ရေးများထဲမှ အနည်းငယ် မျှ ကိုသာ အများပြည်သူ သိရှိစေရန် ထုတ်ပြန်ခဲ့သည်။
ဆီးရီးယားရှိ ISIS များအတွက် သူ့တွင် နည်းဗျူဟာ မရှိကြောင်း လွန်ခဲ့သည့် ၂ ပတ်ခန့်ကပြောကြားခဲ့သည့်အတွက် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် အိုဘားမားက စစ်သွေးကြွများကို တိုက်ခိုက်ရန်အတွက် အလယ်အလတ်ကျ သည့် ဆီးရီးယားလက်နက်ကိုင် တပ်ဖွဲ့များကို အမေရိကန်က လေ့ကျင့်ပေးရန်နှင့် လက်နက်တပ်ဆင်ပေးရန် အစီအစဉ် တရပ်ကို အိုဘားမားက ချပြခဲ့သည်။ အဆိုပါတပ်ဖွဲ့များလေ့ကျင့်ရေး အတွက် နေရာထိုင်ခင်း စီစဉ်ပေးရန် ဆော်ဒီအာရေးဗီးယား နိုင်ငံကလည်းသဘောတူခဲ့ပြီး ဖြစ်သည်။
လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ပေးရေး အစီအစဉ်ကို ခွင့်ပြုပေးရန် အိုဘားမားက ကွန်ဂရက် လွှတ်တော်သို့ တောင်း ဆိုခဲ့သည်။ ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ကလည်း လျှို့ဝှက်စွာဖြင့် အတိုင်းအတာ အနည်းငယ်မျှ ဆောင်ရွက် ပေးခဲ့ ပြီးဖြစ်သည်။ သို့သော်လည်း သမ္မတက သူ၏ ကာကွယ်ရေးဦးစီးချုပ် အခွင့်အာဏာကို အသုံးပြု၍ စစ်ဆင်ရေး တခု လုံးကို တိုးချဲ့ နိုင်ရန် အီရတ်သို့ အင်အား ၁၆၀၀ ရှိသည့် အမေရိကန် တပ်ဖွဲ့များကို စေလွှတ်မည်ဟု အခိုင်အမာ ပြောကြား ခဲ့သည်။
သမ္မတအိုဘားမား၏ ပြည်သူကို စိတ်ချစေရန် အားထုတ်မှုအားလုံးနှင့် သူ၏မှတ်ချက်များသည် အီရတ်နှင့် ဆီးရီးယား မှ စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုနှင့် အမေရိကန် စာနယ်ဇင်းသမား ၂ ဦး ခေါင်းဖြတ် အသတ်ခံရခြင်း ကြောင့် အစွန်းရောက် အစ္စလမ် အကြမ်းဖက် ဝါဒအပေါ် စိုးရိမ်မှုကို ခိုင်ခိုင်မာမာ အသိအမှတ်ပြုလိုက် ခြင်းပင် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ရန် ISIS အဖွဲ့က လျှို့ဝှက်ကြံစည်နေသည် ဆိုသည့် အထောက်အထား မရှိဟု အို ဘားမားကပြောသည်။ သို့သော်လည်း မစစ်ဆေးနိုင်ဘဲ ကျန်ရစ်ခဲ့သည်များ ရှိပါက အဆိုပါ အကြမ်းဖက်သမားများက ခြိမ်း ခြောက်မှုပို လုပ်လာနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အကြမ်းဖက် အဖွဲ့တွင် ဆီးရီးယားနှင့် အီရတ်သို့ သွားခဲ့သော အမေရိကန် နိုင်ငံမှ လူအချို့အပါအဝင် နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများ ရှိနေသည့် အတွက် ၎င်းတို့က မိခင်နိုင်ငံသို့ ပြန်လာပြီး တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြောင်း သူကထပ်ပြောသည်။
၂၀၁၁ ခုနှစ်မေလက အိုစမာဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည့် နေရာနှင့် ခြေလှမ်း အနည်း ငယ်အကွာရှိ အခန်းပြာ (Blue Room) ၏ အပြင်ဖက်တွင်ရပ်ရင်း အိုဘားမားက ပြောကြားခဲ့သည့် သတင်းစကားသည် အမေရိကန်ပြည်ထောက်စုက al-Qaeda အဖွဲ့ကို သုတ်သင်နိုင်ခဲ့ ပြီဟု ပြောကြားခဲ့စဉ်က သူ၏ ယုံကြည်မှုနှင့် များစွာ အလှမ်းကွာနေသည့် အသွင်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ရက်စက်ကြမ်းတမ်းမှုတွင် ပြိုင်ဖက်ကင်းသော al-Qaeda ကိုဆက်ခံသည့် အဖွဲ့နှင့် တိုက်ခိုက်ရသော စစ်ပွဲတခု အတွင်းတွင် ပိတ်မိနေခဲ့သည် ဟု သူကဆိုသည်။
အကြမ်းဖက်တိုက်ခိုက်မှုများက အမေရိကန်ပြည်ထောင်စုကို သူရှောင်လွှဲဖို့ ကာလရှည်ကြာစွာ ကြိုးစားနေခဲ့သည့် ဆီးရီးယားမှ ပြည်တွင်းစစ်အတွင်းသို့ တွန်းပို့လိမ့်မည်။ အီရတ်မှ အမေရိကန် စစ်တပ်များ ရုပ်သိမ်းပြီး ၃ နှစ်ခန့်ပင် မကြာ သည့် အချိန်တွင် အီရတ်သို့ အမေရိကန်တပ်များ သိသိသာသာ ပြန်ရောက်ရှိသွားစေလိမ့်မည်ဟု ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့ အဖြစ်အပျက်၏ ၁၃ နှစ်မြောက် အကြိုနေ့ သမ္မတက မှတ်ချက်ပြုလိုက်သည်။
အီရတ်စစ်ပွဲတွင် အိုဘားမားက ဂျော့ဘုရှ်ကဲ့သို့ မဟုတ်ဘဲ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားခဲ့သည်။ စက် တင်ဘာလ ၁၀ရက်နေ့ မနက်ပိုင်းတွင် သမ္မတက ဆော်ဒီအာရေးဗီးယား ဘုရင် Abdullah သို့ ဖုန်းဖြင့် ဆက်သွယ်၍ ဆီး ရီးယား လက်နက်ကိုင် များကိုလေ့ကျင့် ပေးရေးအတွက် အကူအညီပေးရန် ပြောကြားခဲ့သည်။
အိုဘားမား၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ လူထုဆန္ဒကောက်ယူကြည့်သည့် အခါ ပြည်သူတို့၏ သဘောထားလည်း ရုတ်ချည်း ပြောင်းလဲသွားသည်ကို တွေ့ကြသည်။ ယခုအခါ အမေရိကန်ပြည်သူအများစုက သမ္မတ၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ သံသယရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည့်တိုင် အီရတ်နှင့် ဆီးရီးယားမှ ISIS များကို စစ် ရေး အရ တိုက်ခိုက်ရန် သဘောတူနေကြသည်။
စက်တင်ဘာလ ၁၀ ရက်နေ့တွင် အထက်လွှတ်တော်မှ ဒီမိုကရက်ခေါင်းဆောင်များက ဆီးရီးယား လက်နက်ကိုင်များကို အမေရိကန်စစ်တပ်က လေ့ကျင့်ပေးရေး အကန့်အသတ်ဖြင့် ခွင့်ပြုသည့် ဥပဒေတရပ် ကို ပြင်ဆင်ခဲ့ကြသည်။ ကွန်ဂရက်မှ ရီပတ်ဘလီကန် များက ၎င်းတို့နောက်သို့ လိုက်ကြမည့် အသွင်ရှိသည်။
အားစိုက်ခွန်စိုက် လုပ်ဆောင်နေသည်ကို ကြည့်ခြင်းအားဖြင့် ကွန်ဂရက်လွှတ်တော်သည် နောက်ထပ် ရက်သတ္တပတ် ၈ ပတ် အကြာတွင် ကျင်းပရန်ရှိသည့် သက်တမ်းဝက် ရွေးကောက်ပွဲများ မတိုင်မီအချိန်တွင် စစ်ရေးအရ အရေးယူ ဆောင် ရွက်ရေးကို ဆုံးဖြတ်ရန်များနေသည်။ အမေရိကန် ဒုတိယ သမ္မတဟောင်း Dick Cheney ကလည်း စက်တင်ဘာလ ၁၀ ရက်နေ့က ကွန်ဂရက်လွှတ်တော်၌ မိန့်ခွန်းပြောရာတွင် အီရတ်မှ ပဋိပက္ခဖြစ်ရပ်များသည် သမ္မတအိုဘားမားက ၂၀၁၁ ခုနှစ်တွင် စစ်တပ်များကို ကတိုက်ကရိုက် ပြန်လည်ဆုတ်ခွာခဲ့ဲခြင်းကြောင့် ဖြစ်သည်ဟု အပြစ်တင်ဝေဖန်လိုက်၏။
အိုဘားမား မဖြေခဲ့သည့် မေးခွန်းများထဲတွင် အမေရိကန်ပြည်ထောင်စုနှင့် သူ၏ မဟာမိတ်များ သည် အစွန်းရောက် အဖွဲ့များကြောင့် အင်အားနည်းပါးနေသည့် အလယ်အလတ် ဆီးရီးယား အတိုက်အခံများကို မည်သို့ အင်အားဖြည့်ပေး နိုင် မည်နည်း ဆိုသည့် မေးခွန်းနှင့် ဆီးရီးယား နိုင်ငံတွင်းမှ ISIS များကို သမ္မတ Bashar al-Assad ၏ အကူအညီမပါဘဲနှင့် အမေရိကန် ပြည်ထောင်စုက မည်သို့တိုက်ခိုက်မည်နည်း ဆိုသည့် မေးခွန်းများပါဝင်သည်။
အမေရိကန် စောင့်ကြည့်ရေး လေယာဉ်များက ISIS ပစ်မှတ်များ၏ တည်နေရာကို ဆက်လက် ထောက်လှမ်းပြီး သတင်းစုစည်းနေသည့် အတွက် ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် ရက်သတ္တပတ် အနည်း ငယ်လိုသေးသည်ဟု အစိုးရတာဝန်ရှိ သူ များက ပြောကြသည်။
အမေရိကန် ပြည်ထောင်စုက ISIS ကို အမှန်တကယ် ဖျက်ဆီးနိုင်စွမ်း ရှိ မရှိလည်း တွက်ဆနေသည်။ အုပ်စုတခု ကို ဖယ်ရှားရင်း အီရတ် စစ်ပွဲပြန်စသည့်ဆီသို့ ရောက်သွားနိုင်ခြင်းကလည်း ကြီးမားသော စိန်ခေါ်မှုတခု ဖြစ် သည် ဟု အိမ်ဖြူတော်မှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတဦးက သတင်းထောက်များကို ပြောပြသည်။
“ကျနော်တို့လုပ်နိုင်တာက သူတို့လှုပ်ရှားနေတဲ့ နယ်မြေကို ချုံ့ပစ်ရမယ်။ သူတို့ အဆင့်ကို လျှော့ချရမယ်။ ငွေကြေးနဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့နေတဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ရမယ်၊ ခြိမ်း ခြောက်မှု အားနည်းလျော့ကျသွားအောင် စနစ်တကျ လုပ်ရမယ်” ဟု သူကဆိုသည်။
( The New York Times သတင်းစာပါ Obama, in Speech on ISIS, Promises Sustained Effort to Rout Militants ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်)