ဟာဆန်ရေးဗား၏ ကမ်းနဖူးကိုရပ်မိတော့ ကမ်းနဖူးနှင့် ကိုယ့်ဘဝကို ဆက်စပ်တွေးမိလိုက်သည်။ ကမ်းနဖူးသည် ကိုယ့်အတွက် မစိမ်း၊။ ထိုမစိမ်းသော ကမ်းနဖူးသည် ယခုရပ်လျက်နေသော အမေရိကန်က ဟာဆန်မြစ်လို ထင်ရှားကျော်ကြားသော ကမ်းနဖူး တော့မဟုတ်။ အတိတ် ခြေရာကောက်ရလျှင် ကမ်းနဖူးသည် ငယ်ဘဝတလျှောက်လုံးအား ချော့မြူပေးခဲ့တာကို အမှတ်ရသည်။
ထိုကမ်းနဖူးသည် လူတော်တော်များများသိသော ကြီးကြီးကျယ်ကျယ် ကမ်းနဖူးတော့မဟုတ်။ ဒေသ၏ ဂုဏ်ယူဖွယ်ရာထဲ အရှားပါးဆုံး ပေါ်ထွက်ဖူးသည့် ရှားရှားပါးပါး စာရေးဆရာမ မိုးမိုး(အင်လျား)က ထိုချောင်းကမ်းနဖူးပေါ်မှ ချွေးစက်တို့့ ရွှဲရွှဲစိုသော မညိုပြာ တယောက်ကို ဆွဲထုတ် ပြရင်း ထိုကမ်နဖူးကို လူထုအာရုံထဲ ချပေးခဲ့ဖူးသည်။
မိတ်ဆွေ စာရေးဆရာတယောက်ကတော့ ကိုယ့်ဒေသကို လူတိုင်း ကြားသိစေရန် သူ့ကလောင်နာမည် ရှေ့မှာ ချောင်းကလေးကို ဝိသေသနပြု ဂုဏ်တင်လျက် ကမ္ပည်းတပ် ထားတာတော့ရှိသည်။
ယခု စာတစောင် ပေတဖွဲ့ရေးမည့် ကမ်းနဖူးအကြောင်း ရှာဖွေရလျှင် ပေါ်ထွက်ခဲ့ဖူးတာလေး ရှားရှားပါးပါးကို စပြောရခြင်း ဖြစ်သည်။
ထိုထက်မက ကြီးကြီး ကျယ်ကျယ်ပြောရလျှင် ဘုရင်မင်းခေါင်၏ စစ်ချီရာ လမ်းကြောင်းနံဘေးက ဟံသာဝတီ မင်းနေပြည် လက်အောက်ခံ မြို့ငယ်ကလေး ဘေးမှ ဖြတ်သန်းရင်း ထိုမြို့၏နာမည်ကို စွဲယူထားသော ချောင်းကလေးသည် သမိုင်းတခေတ်၏ ကဏ္ဍတခု သ့ူနံဘေးမှာ ဖြစ်ထွန်းခဲ့သည်ကို သက်မဲ့သက်သေအဖြစ် ပြောပြနိုင်မည်ထင်သည်။
ထိုထက်ပို လူရာဝင်အောင် ပြောရလျှင် လွတ်လပ်ရေးပြီးစ ပြည်မြန်မာ၏ ခါးသီးသော သွေးညှီနံ့တို့ဖြင့် သူ့ချောင်းရေကို သုတ်လိမ်းခဲ့ ဖူးသည်ကို ပြောရမည်။
ထိုကဲ့သို့ လူသိနည်းပါးသော ချောင်းငယ်ကလေးနံဘေး ကျောင်းမနေမီ ကလေးဘဝက မိုးရာသီ တသွင်သွင်စီးနေသော ကမ်းနဖူး ထက် မနိုင်တနိုင် ပလိုင်းကို ဒရွတ်ဆွဲလွယ်ရင်း လူကြီးတွေ ငါးဖမ်းရာ နောက်မှ လိုက်ခဲ့ရသည်။
ငါးထောင်ပုံးထဲ ဝင်ရောက်လာသော ငါးခုံးမ၊ ငါးသန်ချိတ် စသည့် ငါးများကို ပလိုင်းထဲ ကောက်ထည့်ရတာကို ပျော်ရွှင်ခဲ့ဖူးသည်။ မြွေလိုလို တွန့်လိမ်သွားသော ငါးလင်ဘန်း ငါးမြွေထိုး တဖြတ်ဖြတ် ခုန်သော ငါးပြေမ စသော ငါးများကို မြင်တော့ကြောက်လန့်တကြား အော်ဟစ်ခဲ့ဖူးပြန်သည်။ ကမ်းနဖူးနားမှ ရေတိမ်တိမ်သည် နေ့စဉ် ရေချိုးဆိပ် ဖြစ်သည်။
ကမ်းနဖူးထက် အဝတ်လျှော်သော အမေ့နားရပ်လျက် ကိုယ်မသိတာတွေ တခုပြီးတခုမေးစရာများကို ချောင်းလေးဆီ လက်ညှိုး ညွှန် ပြရင်း မေးခဲ့ဖူးသည်။ ငယ်ဘဝအတွက် ဝေါဟာရ အသစ်တို့ စတင်ရာ ကိုယ့်အတွက် လောကကြီးထဲ ဝင်ရောက်ရန် တံခါးပေါက် အဖြစ်လည်း ထိုကမ်းနဖူးက ဖန်တီးပေးခဲ့သည်။
မိုးရာသီအဦး တောင်ပေါ်ရေကျစ ချောင်းရေနှင့်အတူ ပါလာသော သစ်တို့ဝါးတို့ကို ဆယ်ယူရင်း ထင်းလောင်စာ စုကြရသော ကမ်း နဖူး ညွှတ်မျှ စည်းကားလှသည့်မြင်ကွင်း။ မိုးရာသီ ချောင်းရေထဲ လှေစီးရသောအရသာ။ ခရီးဝေးကွာသည့် တရွာနှင့်တရွာ သွားရောက်ရန်လမ်းကြောင်း ဒီချောင်းကလေး ကျေးဇူးကြောင့် အထက်အောက်ရွာတို့ အဆက်မပြတ်ခဲ့ရ။ ဝါးဖောင်ဖြင့် ချောင်းရေစီးထဲ မျှောချ လာသော အသိမိတ်ဆွေတို့ထံမှ လက်ဆောင်တောင်း ယူရသော ကြံချောင်းများ။ နွေရာသီ ချောင်းရေအခမ်း သဲသောင်ပြင် ထက် ဆော့ကစားရသော နေ့ရက်များ ဤ ပုံရိပ်တို့ဖြင့် စွဲထင်နေသော ငယ်ဘဝအဖော် ချောင်းလေးသည် မိုးအခါ စပါးအတွက် အောင်ရေ။ ဆောင်းအခါ ဆောင်းသီးနှံ အတွက် စိုက်ပျိုးရေ တို့ကြောင့် တနယ်လုံး အတွက် အားကိုးရာလည်း ဖြစ်နေပြန်သည်။
ချောင်းကို အမှီပြုနေရသူတို့၏ သမိုင်းနှင့် ဒီချောင်းကလေး၏ သမိုင်းက ခွဲမရခဲ့။ ဒီချောင်းလေး၏ အနိမ့်အမြင့်သည် သူ့ကို မှီခိုရသူ တို့၏ အနိမ့်အမြင့်ပင် ဖြစ်သည်။
ဆယ်ကျော်သက်လွန်စမှာပဲ ဘဝတဆစ်ချိုးချိန် ဒီချောင်းနဲ့ဝေးကွာခဲ့သော ကာလတခု ဖြစ်ခဲ့ရသည်။ ဝေးကွာသော်လည်း မွေးရပ်မြေ ၏ သတင်းစကားများကို အချိန်တိုင်းနားစွင့်မိနေသည်။ အလွမ်းစိတ်အမြဲရှင်သန်နေခြင်းက ဘာကိုပြသလဲဆိုတော့ ကိုယ်ခန္ဓာကြီးက ကိုယ့်ဒေသအား ခွဲခွာနေရသော်လည်း စိတ်ဝိညာဉ်သည် မွေးဌာနေဆီမှ တဖဝါးမခွာ ရှိနေကြောင်း ပြနေသည်။
စိတ်ထဲက အငုတ်ဓာတ် အိမ်လွမ်းစိတ်သည် မတိုက်ဆိုင်ခင်က တငွေ့ငွေ့တမြေ့မြေ့။ တိုက်ဆိုင်မိပြန်တော့ အရှိန်ပြင်းပြင်း ရွာလွမ်း စိတ်တို့ဖြင့် လောင်ကျွမ်းသော ညတာတို့ကို ဖြတ်သန်းခဲ့ရ ဖူးသည်။
၁၉၉၄ လောက် လောကနှင့် တံတိုင်းခြားစဉ်က မိဝေး၊ ဘဝေး၊ မိတ်ဆွေဝေး ကိုယ့်ဒေသ ဝေးစဉ် စိတ်ထဲမှ ဆာလောင်မှုတွေထဲတွင် မိတ်ဆွေတွေနှင့် တွေ့ချင်စိတ်ဆာသလို မိသားစုညီအစ်ကို မောင်နှမတို့နှင့် အတူတူ စကားလက်ဆုံကျလိုစိတ်တို့ ဆာလောင်သည်။
မွေးဖွားရာ ဒေသ ဆာလောင်မှုက စိတ်ထဲ ကျိတ်ချေမရခဲ့။ ဒီတုန်းက လွတ်လပ်ရေးပြီးစ ပြည်တွင်းစစ်ပွဲ အတွင်း ကိုယ်တိုင် ပါဝင်ခဲ့ ဖူးသူ တပ်မှူးကြီး တယောက်နှင့် အတူတူနေခွင့် ကြုံလိုက်ရသည်။
သူ့မိသားစု ယခုနေနေတာက ကိုယ့်ဇာတိမြို့နှင့် ကပ်လျက် မြို့။ ထိုမြို့ကိုသူမနေခင် တော်လှန်ရေးကာလတလျှောက် ကိုယ်မွေးဖွား ဆော့ကစားခဲ့ရာ ချောင်းကမ်းနဖူးသည် သူတို့တပ်တွေ လူးလာတုံ့ခေါက် သွားလာရာ နေရာ။ ဒီတော့ သူလည်း ကိုယ့်လို အိမ်လွမ်း စိတ် ဆာနေသူ။ ဒီလိုဆိုတော့ နှစ်ဦးသား စိတ်ထဲသိမ်းထားသော ဖြတ်သန်းခဲ့ဖူးရာ အမယ်စုံကို အတူတည်ခင်းရင်း ဆာလောင်နေ သော စိတ်အဆာကို နှစ်ယောက်သား ကုစားခဲ့ကြသည်။ သူက ကိုယ့်ထက်တောင် ဒေသကို ကျွမ်းကျင်နေသေးသည်။
သူ့စကားတွေထဲ ညောင်ပင်ဆိပ်နားက မစောကြီးသရက်ခြံအတွင်း သူတို့ တပ်စခန်းချပုံ ပါသလို၊ ဖအောင်ဝဲရွာအတွင်း တိုက်ပွဲ အကြောင်းကို ပြောသည်။
ထိုဖအောင်ဝဲရွာ တိုက်ပွဲအကြောင်းပြောတော့ အဘရေ ဗိုလ်ကြီးညိုမှှိုင်းဆိုတာ အဘတို့တပ်မှာ ရှိလားလို့ စကားဖြတ်မေးဖြစ်သည်။
ခပ်ငယ်ငယ်က လူကြီးသူမများ စကားဝိုင်းထဲ မကြာခဏကြားရတတ်သော ဖအောင်ဝဲရွာတိုက်ပွဲအတွင်း ကျဆုံးသွားသော ကွန်မြူနစ် စစ်ဗိုလ်တယောက် အကြောင်းဖြစ်သည်။ သူ့ကိုသိမှီလိုက်သူ တရွာလုံးက မမေ့ကြ။ ကျည်းပေါင်းစုမှ နှင်းဝိအဖြတ် တိုက်ပွဲ အကြောင်းလည်း ပါသည်။ ရေလွှဲ၊ ဆားကျင်း စသော နေရာများကို လည်း မချွင်းမချန် ပြောပြသေးသည်။
ကိုယ်ငယ်ငယ် သုံးတန်း ကျောင်းသားလောက် ကိုယ့်ရွာတွင် ဖြစ်ပျက်သွားသော ကိုသိန်းအောင်နှင့်ကိုငြိမ်းမောင် ပြည်သူ့စစ်ခေါင်း ဆောင် နှစ်ယောက်ကို ဝင်ရောက် သတ်သွားသော အကြောင်းနှင့် ရွာလူကြီး ဦးကြိုင်တို့ အသတ်ခံရပုံများလည်း ပါသည်။
ဖအောင်ဝဲရွာထဲက ဘယ်သူ့ကို သိလားဆိုသော သူ၏လုပ်ဖော်ကိုင်ဖက်များကို မေးတတ်သေးသည်။
သုံးခွ၊ ပနွတ်၊ နှင်းဝိတို့အသွား ပိတ်ညှပ်နေသော ကိုင်းတောကြီးများ အကြောင်းကိုရောက်တော့“အဘရေ အခုအဘပြောတဲ့ ကိုင်းတော ဆိုတာ တပင်မှမရှိကြတော့ဘူး အားလုံး လယ်မြေတွေ ဖြစ်ကုန်ပြီ”လို့ပြောတော့ သူတို့တပ်များ စခန်းချရာ ထို ကိုင်း တောကြီးများ အတွင်းကဇာတ်လမ်းများဖြင့် အတိတ်ကို လွှင့်ထားသော စိတ်တို့ ရပ်တန့်ပြီး အဘ ငေးနေပုံကို ပြန်မြင်လာသည်။
ဤသို့ဤနှယ် ချောင်းကလေးနံဘေးက အရိပ်တွေကိုပြောပြောပြီး အတိတ်လွမ်းစိတ်ကို အဘဖြေသလို ကိုယ်ကလည်း အိမ်လွမ်း စိတ်ကို ကုစားဖြစ်ခဲ့သည်။
တလနှစ်ခေါက်ရောက်လာတတ်သော မိသားစု တွေ့ဆုံအပြီး မိသားစုအကြောင်းတွေကို ကြားရသည်။ မိသားစုသည် ချောင်းကလေး နံဘေးမှာ ဘဝရှင်သန်ရေး ရုန်းကန်ကြရသူတွေမို့ မိသားစုအကြောင်းသည် ချောင်းကလေး အကြောင်းပင်ဖြစ်သည်။
“အဘရေ ဒိုက်ဦးကနေ သုံးခွရွာသွားဖို့ တာလမ်းဖောက်တာ အိမ်တိုင်းလုပ်အားပေးကြရတယ် ပြောတယ်”
လူထုကိုဖိစီးနှိပ်စက်သော အစိုးရကို ဆန့်ကျင်ရင်း ဒီနေရာတွင် ရင်ခုန်သံတူသူချင်း စုမိရာအရပ်မို့ ဒေသလွမ်းဖော် အဘနည်းတူ ကြားရသူတိုင်းက တောက်တခေါက်ခေါက် နာကြည်းကြသည်။ ဒီချောင်းလေးနံဘေးက တောက်ခေါက်သံသည် ရွာသူရွာသာတို့ ရင်ထဲက အနာဖြစ်သင့်သည်။ ဘာကြောင့်အနာ ဖြစ်သင့်သနည်းဆိုသော် အကြောင်းရှိပါသည်။
ဒီမတိုင်ခင် မဆလ တခေတ်လုံး တာဝန်ကျေ စပါးကြောင့် ကိုယ့်စပါးကိုယ် ခိုးစားရသော အဖြစ်တုန်းကလည်း တရွာလုံးခံခဲ့ရတာဖြစ် သည်။ ဘယ်လောက်ခံခဲ့ရ ခံခဲ့ရ ရွာသားတချို့တွင် စိတ်မှတ်သည်းခြေမရှိ။ အပြောကောင်း အလှည့်ကောင်းသူက ယုံတမ်း စကား ပြောလာလျှင် ဒဏ်ရာတို့ကို မေ့တတ်ကြကုန်သည်။ လူနည်းစုဆိုသော်လည်း ကိုယ့်ဒဏ်ရာကို ကိုယ်တိုင်ပြန်စော်ကားမိသူ ဆိုတာ သူတို့မသိလိုက်ကြ။
စစ်တပ်နှင့် စစ်တပ်အလိုကျ သရဲသဘက်တစုကို အားကိုးရာအဖြစ် ထင်နေကြခြင်းက ထိုသူတို့အတွက် တင်မက အားကိုးရာမထင် သူတွေကိုပါ ဒုက္ခတွင်းထဲ ဆွဲသွင်းဖို့ဖြစ်နေသည်။ ကိုယ့်ဒဏ်ရာကို ကိုယ်ကပြန်၍ သစ္စာဖောက်ခြင်းဖြစ်သည်။ ဒီပုံအတိုင်းဆို ဒုက္ခတွင်း က ဘယ်တော့မှ မလွတ်မြောက်နိုင်ဆိုတာကို သူတို့ မေ့နေကြ၍ဖြစ်သည်။
သော့ခတ်ထားသောလောကမှ သော့ခတ်ထားခြင်းမရှိသော လောကအတွင်း ပြန်ရောက်တော့ နေရာအနှံ့ခြေဆန့်ဖြစ်သည်။ ရွာအကြောင်းကိုတော့ မျက်ခြည် မပြတ်ခဲ့။ ဒီခြေဆန့်စဉ် အခါမှာပဲ ရောက်ရာဒေသနှင့် ကိုယ့်ရွာကိုယ့်ဒေသကို နှိုင်းယှဉ် ကြည့်မိသည်ချည်း။
ဟိုဘက်သည်ဘက် ခဲတပစ်သာဝေးသော မြန်မာနိုင်ငံ မြဝတီမှ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကမ်း ခြေချမိလိုက်စဉ်မှာပင် ချိုင့်တွေခွက် တွေ ပြည့်နေသော လမ်းမှ ညီညာဖြောင့်ဖြူးသော လမ်းကို စတွေ့လိုက်ရသည်။ မိတ်ဆွေ အလုပ်လုပ်နေသော မဲဆောက်နားက မယ်ပ ရွာ ကလေး ရောက်တော့ တွေ့လိုက်ရသည်မှာ ရွာအရောက် ရေပေးဝေရေးစနစ်ရှိနေပြီ။ ရွာမှာအင်တာနက်သုံးလို့ ရနေသည်။ ရွာမပြောနှင့် ဒုက္ခသည်စခန်းထဲမှာပင် မိလ္လာစနစ်က မြန်မာပြည်က မြို့တွေထက်သာနေသည်။
လျှပ်စစ်မီး အကြောင်းကြားရတော့ ပို ရင်နာသည်။ ကိုယ့်ဆီကထွက်သောဓာတ်ငွေ့ဖြင့် သူတို့ဆီ လင်းထိန်နေသည်။ ကိုယ့်ဆီမှာတော့ ရင်နာစရာတွေသာ။ သူတို့ သောင်ရင်းမြစ် နံဘေးကမြင်ကွင်းကို ကောလိယချောင်းနံဘေးသို့ လှည့်ပြောင်းကြည့်လိုက်မိတော့ စိုက်ပျိုးရေးတွေကမအောင်မြင်။ နှစ်တိုင်းအကြွေးတွေ တင်နေသည်တဲ့။
ဟိုတနှစ်က ညီမ၏ သမီးအကြီးလေး ရုတ်တရက်ဆုံးသည်။ ငယ်ရွယ်သူ ၁၀ တန်းကျောင်းသူလေး ဆုံးတာမို့ ပိုနှမြောနေမိသည်။ သက်တန်းစေ့ဆိုလျှင် နှစ်တွေအများကြီး နေချိန်ရှိသေးသည်။ အဓိက ကျန်းမာရေးအသိပညာ အားနည်းမှုထဲ ကျန်းမာရေး အတွက် အစီအစဉ် ချို့တဲ့ခြင်းက ပိုဆိုးသည်။ မကြာခင်ကပင် ငယ်စဉ်ကတည်းက အတူတူနေခဲ့သော ညီမအရင်းလို ဝမ်းကွဲညီမဆုံးပြန် သည်။
ချောင်းလေး နံဘေးက လူနေမှုဘဝမှာ စီပွားရေးအဆင်မပြေမှုတွေထဲ ပညာရေး ကျန်းမာရေး အထောက်အပံ့မဲ့မှုက အသက် ဇီဝိန် ကိုပါ ချွေချွေပစ်နေခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံ နယူးယောက်ပြည်နယ် အောဘနီမြို့လေးကိုရောက်တာ တနှစ်ကျော်ကျော်ရှိပြီ။ ရောက်တုန်းရောက်ခိုက် သူတို့မြို့ကလေး၏ ရှုခင်း အစုံစုံကို ငေးမောနေမိသည်။ သူတို့မြို့လေးဘေးက ဖြတ်စီးဆင်းသွားသော ဟာဆန်မြစ် နံဘေးရပ်ရင်း သော့ ခလောက်တွေကြား လောကထဲတုန်းက ဖတ်ခဲ့ရသော စာတွေထဲမှ ဟာဆန်မြစ်တွင်း အမေရိကန် လွတ်လပ်ရေးတိုက်ပွဲ အကြောင်း ကို ပြန်မှတ်မိလာသည်။ သြော် သူတို့ မြစ်ချောင်းထဲလည်း သွေးတွေပေကျန်ခဲ့တာပဲကို။ သို့သော် သူတို့ ယနေ့မှာတော့ ကမ္ဘာ့ ထိပ် ဆုံးနိုင်ငံ ဖြစ်နေပေပြီ။
အမိမြန်မာပြည်မှာ ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်ကို ခင်းနေကြဆဲ။ လူတွေက ကျန်းမာရေး ပိုပိုချို့လာကြ။ ပညာရေး လည်း နောက်တန်းကျမြဲ နောက်တန်းကျလျက်။
ဘက်ပေါင်းစုံ ဘယ်နေရာကိုကြည့်ကြည့် ကမ္ဘာ့နောက်ဆုံးနေရာမှာ။ ခေါင်မလုံသော အိမ်အမိုးကို ဖြိုဖျက်ချမှ ကောင်းမည်ဆိုတာကို လူတွေ တော်တော်များများမြင်မိကြမည်။ သို့သော် အမိုးကိုမဖြိုဖျက်နိုင်ကြ။
ဒီတော့နိမ့်ကျနေသာ အသိအမြင်ကို နိုင်သလောက်ဆွဲတင်ရန်သာ ရှိတော့သည်။ ဒီအတွေးဝင်လာတော့ ကျောင်းဆရာ ကိုတင်ရွှေ ကမကထပြု ဆော်သြနေသော စာကြည့်တိုက်လေးဆီက ကလေးတွေ စာဖတ်နေတာကိုပဲ ဖြေတွေးတွေးနေရတော့သည်။
သူ့လို စိတ်ဆန္ဒရှိသူက တာဝန်တခုလို ဆော်သြနေတာကို ကျေးဇူးတင်နေရသည်။
ဟာဆန်မြစ်ကမ်းနံဘေးက မီးရောင်စုံ ကားတဝီဝီသည် ကောလိယ ကမ်းနဖူးမှာ သာမည့် နေတွေဆီသို့ စိတ်ကူးအိမ်မက်ကို လက်တွေ့ ဘဝထဲအထိ ခေါ်ကြည့်ရင်း…..။ ။
အရှင်ဇဝန သည် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပြီး ယခုအခါ အမေရိကန် နိုင်ငံ နယူးယောက် ပြည်နယ် အော်ဘနီမြို့ ဓမ္မဝါဒီ အောင်မြေ မင်္ဂလာကျောင်း၌ ခေတ္တ သီတင်းသုံးနေသည်။