အရှေ့တောင် အာရှတွင် အမြင့်ဆုံးဟု သတ်မှတ်ထားသည့် ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ သော မြန်မာနိုင်ငံသား တောင်တက်သမား ၂ ဦး တောင်ထိပ်မှ ပြန်အဆင်း မြေပြင်အဖွဲ့နှင့် အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးသွားခဲ့ရာ ၁၂ ရက် မြောက်သည့် ယနေ့အထိ မတွေ့ရှိသေး၍ ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
တက္ကသိုလ်များ ခြေလျင်နှင့်တောင်တက်အသင်း ပြောရေးဆိုခွင့် ရှိသူ ဦးကျော်နိုင်က“ဒီကသွားတဲ့ ကျနော်တို့ အဖွဲ့တွေနဲ့ ဟိုမှာရှိနေ တဲ့ ဒေသခံအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေရေးလုပ်နေတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း ရဟတ်ယဉ်တစီး ပေးထားတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း၏ အကူအညီနှင့် တရုတ်နိုင်ငံက တောင်တက် ကျွမ်းကျင်သည့် အဖွဲ့တဖွဲ့လည်း လာရောက် ကူညီမည် ဖြစ်ကြောင်း၊ ယနေ့ ရန်ကုန် မြို့သို့ ရောက်လျှင် ရောက်ချင်း ပူတာအိုသို့ ဆက်လက် ထွက်ခွာ၍ ကယ်ဆယ်ရေးတွင် ဝင်ရောက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းငွေကလည်း“အခု ရဟတ်ယဉ်တွေနဲ့ ရေခဲတောင်ပတ်ဝန်းကျင်မှာ ရှာနေပြီ။ အဖွဲ့တွေလည်း ၃ ဖွဲ့လောက်ခွဲပြီး လွှတ်ထားတယ်။ အဲဒီအဖွဲ့မှာ ဒေသခံ လမ်းပြတွေ၊ တောင်တက် ကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါတယ်။ ကျနော်တို့ အနေနဲ့ ကူညီ ဆောင်ရွက်ပေးလို့ ရတာတွေ အကုန်လုံး လုပ်ပေးနေတယ်။ ပျောက်နေ တဲ့ တောင်တက်သမား ၂ ဦးလုံးကတော့ ရှာလို့မတွေ့သေးဘူးလို့ နောက်ဆုံး သတင်းရထားပါတယ်”ဟု ပြောသည်။
အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာ ခြေလျင် တောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်မြတ်နှင့် မန်နေဂျာ ဦးဝေယံမင်းသူ တို့ ၂ ဦးသည် သြဂုတ်လ ၃၁ ရက်က တောင်ထိပ်သို့ တက်ရောက်ပြီး ပြန် အဆင်း တွင် အဆက်အသွယ် ပြတ်တောက်ခဲ့သောကြောင့် တောင်ခြေ(Base Camp)တွင် ကျန်ရှိနေသော အဖွဲ့များက ထိုသူ ၂ ဦးနှင့် အဆက် အသွယ် ရရှိရန်နှင့် ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းခဲ့သော်လည်း မတွေ့ရှိသဖြင့် စက်တင်ဘာ ၉ ရက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
ခါကာဘိုရာဇီ တောင်တက်သည့် အဖွဲ့ဝင် ၈ ဦးပါသော တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်းမှ ယင်းတောင်တက် သမား ၂ ဦးသည် သြ ဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တောင်ထိပ်သို့ ရောက်ရှိသွားခဲ့ပြီး မြန်မာနိုင်ငံအလံကို စိုက်ထူနိုင် ခဲ့ ကြောင်း၊ အလံစိုက်ထူပြီး ပြန်အဆင်း ညနေ ၅ နာရီခန့်တွင် တောင်ခြေရှိ ကျန်ရှိနေသော အဖွဲ့ဝင် ၆ ဦးနှင့် အဆက်အသွယ် ပြတ် တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း တောင်တက်အဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။
“တောင်ထိပ်ကို ရောက်ခဲ့တာ သေချာတယ်။ GPS Message ရော၊ ဖုန်း Message ရော ရတာ။ သူတို့ ၂ ယောက် မြန်မာအလံကို စိုက်ပြီးတော့ နိုင်ငံတော် သီချင်းဆိုခဲ့ကြတယ်။ ပြန်အဆင်းကျမှ ပြဿနာဖြစ်တာ”ဟု ဦးကျော်နိုင် က ပြောသည်။
ပျောက်ဆုံးနေသော တောင်တက်သမား ၂ ဦးကိုရှာဖွေရန် စက်တင်ဘာ ၁၀ ရက်တွင် ခါကာဘိုရာဇီတောင်နှင့် အနီးဆုံးမြို့ဖြစ်သော ပန်းနန်ဒင်မြို့၌ ကယ်ဆယ်ရေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းလိုက်ပြီး ဒေသခံလမ်းပြ၊ ရဲတပ်ဖွဲ့ဝင် တဦး၊ တောင်တက် ကျွမ်းကျင်သူ တချို့နှင့် အနည်းဆုံး လူ ၆ ဦး ပါဝင်သော ရှာဖွေရေး တဖွဲ့စီက စတင်ရှာဖွေမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ပန်နန်းဒင်မြို့ကို ရှေ့တန်း ကယ်ဆယ်ရေးစခန်း အဖြစ် ထားရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် တပ်မတော်က MI 17 စစ် ရဟတ်ယဉ်တစီးကို ရှာဖွေရေးနှင့် ရိက္ခာ ထောက်ပံ့ရေး အကူအညီပေးထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် ခါကာဘိုရာဇီတောင်ခြေ ငဝါရွာသို့ ပြန်လည် ရောက် ရှိလာသော တောင်တက် အဖွဲ့ဝင် ၆ ဦးနှင့် ပူးပေါင်း၍ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ထူး ဖောင်ဒေးရှင်း က ထုတ်ပြန်ထားသည်။
တက္ကသိုလ်များ ခြေလျင် တောင်တက် အသင်း သဘာ၀ ခေါ်သံဖောင်ဒေးရှင်း ဥက္ကဌ ဦးမျိုးသန့် ၊ ထူးဖောင်ဒေးရှင်း ဥက္ကဌ ဦးတေဇ အပါအဝင် ၇ ဦးက ပူတာ အို ကို ၁၀ ရက်နေ့ ရောက်ရှိလာပြီး ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရှာဖွေရေး လုပ် ငန်းများ လုပ်ဆောင် နေကြောင်း ၊ ဒေသ ရာသီဥတုမှာ မြူများဖြင့် အုံ့ဆိုင်းနေပြီး မြင်နိုင်စွမ်း နည်းသည့်အတွက် ရဟတ်ယာဉ်များ ပျံသန်းရန်နှင့် ရှာဖွေရန် အခက်အခဲရှိကြောင်း၊ လိုအပ်ပါက အခြားနိုင်ငံများမှ နိုင်ငံတကာ အဆင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ ငှားရမ်း၍ ရှာဖွေရန် ပြင်ဆင်လျက် ရှိကြောင်းလည်း ထူးဖောင်ဒေးရှင်း၏ ယနေ့ ထုတ်ပြန်ချက်၌ ပါရှိသည်။
ရှာဖွေကယ်ဆယ်မှုများ သွားရောက်လုပ်ဆောင်နေသူ ထူးဖောင်ဒေးရှင်း၏ အကြီးအကဲ ဦးတေဇက“ခါကာဘိုရာဇီ တောင်တက် သမားတွေ မြေပြင်အဖွဲ့နဲ့ အဆက်အသွယ် ပြတ်တောက်နေခြင်းဟာ ဖြစ်နိုင်ခြေ ၃ ခု ရှိပါတယ်။
လမ်းကြောင်း ပျောက်သွားခြင်း၊ တောင်တက်သမား နှစ်ဦးလုံး ထိခိုက်ဒဏ်ရာရနေခြင်းနဲ့ နောက်ဆုံးအချက်ကတော့ အန္တရာယ် များပြားလှတဲ့ တောင်တက်ခြင်းမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရခြင်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအချက်ဟာ အဆိုးရွားဆုံးအနေအထား ဖြစ်ပြီး မဖြစ်ပါစေနဲ့လို့ မိမိဆုတောင်းမိပါတယ်”ဟု သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။