ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS /SSA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ အကြား နယ်မြေအငြင်းပွားမှု ပြဿနာကို ဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် အဖြေ မရသေးကြောင်း သိရသည်။
“နယ်မြေပိုင်ဆိုင်မှုကို နှစ်ဘက်စလုံးက သူပိုင်ကိုယ်ပိုင် ဖြစ်နေတော့ တိကျတဲ့ အဖြေ မရနိုင်သေးဘူးပေါ့၊ ဒါပေမယ့် လောလော ဆယ်မှာတော့ ငြိမ်းငြိမ်းချမ်ချမ်း ဖြစ်အောင်၊ တိုက်ခိုက်မှုတွေ ထပ်မဖြစ်ရအောင်ဆိုပြီး နှစ်ဘက်စလုံးက တပ်တွေကို ကိုယ့်ဘက် ကိုယ် ထိန်းသိမ်းကြမယ် ဆိုတာတော့ သဘောတူညီချက် ရတယ်”ဟု PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ဧရာဝတီကို ပြောသည်။
နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို ရှမ်းပြည်နယ် လွယ်တိုင်းလျန်းရှိ RCSS/SSA ဌာနချုပ်ရုံးတွင် စက်တင်ဘာလ ၁၁ ရက် က စတင်ပြုလုပ်ခဲ့သည်။
PNLO မှ ခွန်မြင့်ထွန်း ဦးဆောင်သော အဖွဲ့၊ RCSS/SSA မှ ဒုဥက္ကဌ (၁) ဗိုလ်ချုပ် စိုင်းရီ ဦးဆောင်သော အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီတူး၊ “ဝ” တပ်ဖွဲ့နှင့် တခြား အဖွဲ့တချို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူကြီး ဒေသရှိ နောင်တော်ကျေးရွာ၌ PNLO အဖွဲ့က နေအိမ်များ တည်ဆောက် နေ မှုကို RCSS က လာရောက် ဟန့်တားရာမှ စက်တင်ဘာလ ၃ ရက်တွင် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့(PNLA) နှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နယ်မြေအငြင်းပွားမှု ပြဿနာကို နှစ်ဘက်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် နယ်မြေသည် သူပိုင်ကိုယ်ပိုင် အငြင်းပွားနေခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့များက ထိုနေရာမှ ဆုတ်ခွာပေးရန် ဆန္ဒမရှိကြကြောင်း၊ တပ်အင်အားကို နှစ်ဘက်စလုံးက တိုးချဲ့ချထားကြောင်း၊ သို့သော် တိုက်ခိုက်မှု ထပ်မံမဖြစ်ပွားရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှစ်ဘက်စလုံးက ပြောဆိုသည်။
RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းငင်းက တပ်ပိုင်းဆိုင်ရာနှင့် နယ်မြေ အငြင်းပွားမှု ပြဿနာသည် ရေရှည် ဖြေရှင်းရမည် ဖြစ်သဖြင့် ရုတ်တရက် အဖြေမထွက်နိုင်ကြောင်း၊ ဆွေးနွေးပွဲ၌ နယ်မြေ အငြင်းပွားမှု ထပ်မဖြစ်ရေးနှင့် နှစ်ဘက်အကြား ထပ်မံတွေ့ဆုံမှု တရပ် အမြန်ဆုံး လုပ်ဆောင်ရေးတို့ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးခင်မှာ နောက်တကြိမ် အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး ရေရှည် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာကြဖို့ပါ၊ တွေ့ဆုံမှုကတော့ မြန်လေ ကောင်းလေပဲ”ဟုလည်း ၎င်းက ဆိုသည်။
ယမန်နေ့ ဆွေးနွေးပွဲ၌ တိကျသည့် ရလဒ် မထွက်ခဲ့သော်လည်း စက်တင်ဘာ ၃ ရက်က တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး အပြန်အလှန် မှားယွင်းမှုများ၊ လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း နိုင်ခဲ့ကြကြောင်း သိရသည်။
PNLO နှင့် RCSS နှစ်ဖွဲ့စလုံးသည် အစိုးရနှင့် ငြိမ်းချမ်းရေး ပဏာမအဆင့် ဆွေးနွေး သဘောတူညီမှု ရထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည်။