ပြင်ညီတာဝန်ယူမှု (Horizontal Accountability) ဆိုတာကို ဒီမိုကရေစီနိုင်ငံတွေမှာ တွေ့မနေရပါဘူး။ ဒီအချက်ကပဲ ပြင်ညီတာဝန်ယူမှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားဖို့ ဖြစ်လာပါတယ်။ လက်တင်အမေရိကနဲ့ အခြားနေရာ အတော်များများမှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလာနေတာ တွေ့ရပါတယ်။ ရောဘတ် ဒါးလ် (Robert A. Dahl) ပြောတဲ့ “ပိုလီအာခီစနစ်” ကို ကျင့်သုံးလာကြပြီး နိုင်ငံရေးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေကို တွေ့လာရပါတယ်။ ဒါက အသေးအဖွဲကိစ္စ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ပုံမှန် ကျင်းပနေတဲ့ တိုင်းပြည်ကြီးတွေမှာ တောင် ဒါးလ် (Dahl) ချထားတဲ့ စံတွေနဲ့ ကိုက်ညီမှု မရှိတာတွေ တွေ့နေရပါတယ်။
ဒီစာတမ်းမှာ ပိုလီအာခီအဖြစ် စံကိုက်တဲ့ တိုင်းပြည်တွေမှာ အားနည်းတဲ့ ဒါမှမဟုတ် ထ့ုံပိုင်းထ့ုံပိုင်းသာ တည်ရှိနေတဲ့ ပြင်ညီ တာဝန်ယူမှုနဲ့ပတ်သက်ပြီး အဓိကတင်ပြမှာ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးဖြစ်နေတာ လက်တင်အမေရိကမှာဆိုရင် ကော်စတာရီကာ၊ ဥရုဂွေးနဲ့ ချီလီ (ပါကောင်း ပါပါလိမ့်မယ်) တို့ကလွဲပြီးတော့ ပိုလီအာခီအဖြစ် အဓွန့်ရှည်ကြာ ရပ်တည်နေခဲ့တဲ့ ကိုလမ်ဘီယာနဲ့ ဗန်နီဇွဲလားနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ တွေ့နိုင်ပါတယ်။ ဒီလို ကိစ္စမျိုးတွေကို အာရှက ပိုလီအာခီအသစ်တွေ ဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်နိုင်ငံတွေမှာ သာမက အိန္ဒိယလို ကြာမြင့်ပြီဖြစ်တဲ့ ပိုလီအာခီမှာလည်း ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ နောက်ဆုံး ပိုလီအာခီစံနှုန်းတွေနဲ့ ကိုက်ညီနိုင်တဲ့ ယခင်ကွန်မြူနစ်စနစ် ကျင့်သုံးခဲ့တဲ့ တိုင်းပြည်တွေဖြစ်ကြတဲ့ ခရိုအေးရှား၊ ရုရှား၊ စလိုဗက်ကီးယားနဲ့ ယူကရိန်းတို့မှာလည်း ဒီလို ပြင်ညီတာဝန်ယူမှု မရှိဖြစ်နေတာကို တွေ့ရပါတယ်။ ပိုလီအာခီကို အထင်အရှား ကျင့်သုံးနေနိုင်တဲ့ ချက်သမ္မတနိုင်ငံ၊ ပိုလန်နဲ့ ဟန်ဂေရီတို့လည်း ဒီစာရင်းထဲမှာ ထည့်သွင်းမယ်ဆို ထည့်သွင်းနိုင်ပါတယ်။
ဖော်ပြပါနိုင်ငံတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေ ဒေါင်လိုက်တာဝန်ယူမှုကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ စုရုံးခွင့်ဆိုတဲ့ အခွင့်အရေးတွေအရ ပြည်သူတွေက ရွေးကောက် တင်မြှောက်ထားသူတွေပဲဖြစ်ဖြစ်၊ ခန့်အပ်ထားသူတွေပဲဖြစ်ဖြစ်၊ တာဝန်ရှိသူတွေကို မိမိတို့ရဲ့ လူမှုလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး တောင်းဆိုနိုင်ပါတယ်။ မှားယွင်းလုပ်ဆောင်ခဲ့တာ တွေ့ရင် ဝေဖန်နိုင်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲက သတ်မှတ်ချိန်အတိုင်းသာ ကျင်းပတာ ဖြစ်ပြီး ရွေးကောက်ပွဲကတဆင့် ပြည်သူ၊ လူထုဆက်သွယ်ရေး မီဒီယာများနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက အာဏာရရှိထားသူများ တာဝန်ယူမှု (ဒေါင်လိုက်တာဝန်ယူမှု) ရှိစေရေးကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်ဖို့ဆိုတာ သိပ်လွယ်ကူရှင်းလင်းတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ရုပ်လုံးမပေါ်သေးတဲ့ နိုင်ငံရေးပါတီစနစ်၊ မဲပေးသူအရေအတွက် မမြင့်မားမှု၊ နိုင်ငံရေးပါတီတွေ အခြေမခိုင်သေးမှု၊ ပြဿနာ အဓိပ္ပာယ်သတ်မှတ်ရာမှာ ဝေဝါးမှုနဲ့ မူဝါဒနောက်ပြန်ဆွဲမှုတွေက ဒီ ပိုလီအာခီအုပ်ချုပ်မှု စနစ်တွေမှာ ကြီးကြီးမားမား ချယ်လှယ်အကျိုးသက် ရောက်နေကြဆဲ ဖြစ်ပါတယ်။ လူမှုတောင်းဆိုချက်များ မီဒီယာ သတင်းဖော်ပြချက်များနဲ့ ပတ်သက်လို့လည်း လုပ်ပိုင်ခွင့်ပေးထားတဲ့ အစိုးရအေဂျင်စီတွေကနေ စုံစမ်းစစ်ဆေးဖို့နဲ့ တာဝန်ခံမှု၊ အရေးယူမှု ဆိုတာတွေကို ကြီးကြပ်ပေးဖို့ လုပ်ဆောင်နိုင်ခြင်း မရှိတဲ့အခါမှာ ဒီအချက် နှစ်ချက်က အလွန်အရေးပါတဲ့ အချက်နှစ်ချက် ဖြစ်ပေမယ့်လို့ တခါတရံ အစိုးရနဲ့ အစိုးရစနစ်ကိုပါ အကြည်ညိုပျက်စေမယ့် အခြေအနေမျိုး ဖြစ်ပေါ်စေတတ်ပါတယ်။
ဒေါင်လိုက်တာဝန်ခံမှုဟာ ဒီမိုကရေစီ ကျင့်သုံးနေမှုကို ညွန်ပြသလိုပဲ ပြင်ညီတာဝန်ယူမှု အားနည်းတာကလည်း ပိုလီအာခီ အသစ်တွေမှာ ကျင့်သုံးနေတဲ့ လစ်ဘရယ်နဲ့ ရီပတ်ဘလီကန် သဘောကဏ္ဍတို့ရဲ့ နှီးနွယ်ဆက်စပ်မူ အားနည်းခြင်းကို ညွန်ပြနေတာသာ ဖြစ်ပါတယ်။ ပိုလီအာခီဆိုတာ ထွေပြားတဲ့သဘောရှိပြီး အစိတ်အပိုင်းသုံးခု ခက်ရာခဲစစ် သမူဟပြုနေရတဲ့သဘော ရှိပါတယ်။ တကယ်တော့ ပိုလီအာခီက လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန်ဝါဒ ဆက်နွှယ်မှုသဘော၊ ဒါမှမဟုတ် ရီပတ်ဘလီကန်ဝါဒနဲ့ ဒီမိုကရေစီတို့ရဲ့ ဆက်နွှယ်မှုသဘောတွေ၊ နှစ်မျိုးတည်းရဲ့ ဆက်နွယ်မှုသဘောကို ဖော်ညွှန်းတာ မဟုတ်ပါဘူး။ ဒီအစိတ်အပိုင်းတခုစီက မတူကွဲပြားတဲ့သမိုင်းနဲ့ အသိပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှု စီးကြောင်းတွေကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။
ဒီမိုကရေစီ အစဉ်အလာက ရှေးခေတ် အေသင်မြို့ပြနိုင်ငံက ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ရီပတ်ဘလီကန်ဝါဒက ရောမအင်ပါယာ မတိုင်ခင်ခေတ်နဲ့ အလယ်ခေတ် အီတလီမြို့ပြများမှာ အမြစ်တည်ခဲ့ပါတယ်။ လစ်ဘရယ် အစဉ်အလာကတော့ အလယ်ခေတ် ဥရောပမြေရှင် ပဒေသရာဇ် လ့ူအဖွဲ့အစည်းတွေမှာ ခြေရာကောက်လို့ရပါတယ်။ ဒီနောက်ပိုင်းမှာတေ့ာ အင်္ဂလန်က ဂျွန်လော့ခ် (John Locke) နဲ့ ပြင်သစ်က မွန်တက်စ်ကျု (Baron de Montesquieu) တို့ရဲ့ အရေးအသားတွေမှာ လစ်ဘရယ်ဝါဒနဲ့ ပတ်သက်လို့ တိတိကျကျ ကိုးကားပြလို့ရပါတယ်။ ဒီအစဉ်အလာ သုံးခုဟာ တစိတ်တဒေသအားဖြင့် တသဘောနဲ့တသဘော ကဏ္ဍကောစ ဖြစ်နေပါတယ်။ ဒီစီးကြောင်းတခုရဲ့ အခြေခံမူက အခြားစီးကြောင်းနှစ်ခုထဲက အနည်းဆုံးတခုရဲ့မှုနဲ့ ကွဲလွဲမှုတွေ ရှိနေတတ်ပါတယ်။ ဒီလို ကွဲလွဲမှုတွေကနေ ပေါ်ပေါက်လာတဲ့ တင်းမာမှုတွေကြောင့် ပိုလီအာခီမှာ တခြားစနစ်တွေမှာမရှိတဲ့ ရုန်းကန်ပြောင်းလဲနိုင်တဲ့ သဘောရှိလာပြီး ဒီပြောင်းလဲမှုတွေနဲ့လည်း ဘယ်စခန်း ဘယ်လမ်းကို ရောက်မယ် ခန့်မှန်းထားလို့ မရနိုင်ပါဘူး။
လွယ်လွယ်ပြောရရင် လစ်ဘရယ်ဝါဒရဲ့ တရားကိုယ်က နိုင်ငံတော်အပါအဝင် မည်ကဲ့သို့သော အာဏာကမှ ချိုးနှိမ်လို့မရတဲ့ အခွင့်အရေးတွေ ရှိတယ်ဆိုတဲ့ သဘောကို ဖော်ဆောင်ပါတယ်။ ရီပတ်ဘလီကန်ရဲ့ တရားကိုယ်ကတော့ ပြည်သူ့ဝန်ကို ထမ်းဆောင်တာဟာ မြင့်မြတ်တဲ့ အလုပ်တခုဖြစ်ပြီး ဥပဒေကို တိတိကျကျ လိုက်နာမှုရှိဖို့နဲ့ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးဖို့ဆိုတဲ့ အချက်ကို ဆွဲကိုင်ထားပါတယ်။ လစ်ဘရယ်ဝါဒရော ရီပတ်ဘလီကန်ဝါဒမှာပါ အများဆိုင်နဲ့ တသီးပုဂ္ဂလဆိုင်ဆိုတဲ့ အဝန်းအဝိုင်းတွေကို အသေအချာ သတ်မှတ်တဲ့ အစဉ်အလာ ရှိကြသော်လည်း သတ်မှတ်ရတဲ့ ရည်ရွယ်ချက်ခြင်း မတူညီကြပါဘူး။ လစ်ဘရယ်ဝါဒအတွက်က တသီးပုဂ္ဂလအဝန်းအဝိုင်းဆိုတာ လူ့ဘ၀ ပြည့်စုံတိုးတက်မှုကို ဆောင်ကျဉ်းဖို့ လုပ်ဆောင်ရန်နေရာလို့ မှတ်ယူပါတယ်။ ဒီတော့ အများပြည်သူဆိုင်ရာ အဝန်းအဝိုင်းနဲ့ အထူးသဖြင့် နိုင်ငံတော်အပေါ် ထားရှိတဲ့ လစ်ဘရယ်ဝါဒရဲ့ သဘောထားက အခြေခံမှာပဲ နှစ်ခွဖြစ်ပြီး မတင်မကျဖြစ်နေ ပါတယ်။ သဘောက နိုင်ငံတော်မှာ ပုဂ္ဂိုလိကဘဝရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်မှုကို အာမခံချက်ပေးနိုင် လောက်တဲ့ အာဏာရှိရမှာ ဖြစ်ပေမယ့်လို့ ဒီအာဏာက လွတ်လပ်ခွင့်တွေကို စွက်ဖက်တဲ့အထိ ဖြစ်မလာအောင် ကန့်သတ်ထားရမယ်လို့ ဆိုပါတယ်။ ရီပတ်ဘလီကန်ဝါဒကတော့ ဒီလိုမဟုတ်ပါဘူး။ ပုဂ္ဂလိက ဘဝရဲ့ ဆောင်ရွက်ချက်တွေကို အလေးမမူတာ မဟုတ်သော်လည်းဘဲ အများကောင်းစားရေးအတွက် စိတ် ရောလူပါ နှစ်မြှုပ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ ဒီအချက်ကသာ အမြင့်ဆုံး ကိုယ်ကျင့်တရားကို ပြုစုပျိုးထောင်ပေးတာလို့ ဆိုပါတယ်။ ဒီမိုကရေစီ အစဉ်အလာတွေကတော့ ဒီအချက်နှစ်ချက်စလုံးကို ထည့် မစဉ်းစားပါဘူး။ အများဆိုင်ရာ ဆုံးဖြတ်ချက်များမှာပါဝင် ဆုံးဖြတ်တဲ့လူတွေဟာ အရည်အသွေးပြည့်စုံတဲ့ လူပေါ်လူဇော် (elite) များ ဖြစ်နေဖို့ မလိုတဲ့အပြင် တက်ကြွတဲ့ ပုဂ္ဂလိကဘဝကိုလည်းပဲ စွန့်လွှတ်ဖို့ မလိုပါဘူး။ ဒီအပြင်လည်း ဆိုကရေးတီးနဲ့ တချို့သူများ တွေ့ရှိခဲ့ကြသလိုပဲ လူထုဆိုတာမှာ သူတို့ကသင့်သည်ဟု ယူဆသောကိစ္စ ဘယ်ကိစ္စကိုမဆို အဆုံးအဖြတ်ပေးနိုင်တဲ့ အကန့်အသတ်မဲ့ အခွင့်အရေးရှိကြတယ်လို့ သတ်မှတ်ယုံကြည်ပါတယ်။
လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန်ဝါဒက အများပြည်သူ အပါအဝင်ပုဂ္ဂလိက အဝန်းအဝိုင်းနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ မတူညီတဲ့တန်ဖိုးတွေက နိုင်ငံရေးဆိုင်ရာ အခွင့်အရေးနှင့် တာဝန်များ၊ နိုင်ငံရေးမှာ ပါဝင်ပိုင်ခွင့်၊ နိုင်ငံသားများနှင့် လူမှုအဖွဲ့အစည်းများရဲ့ စရိုက်လက္ခဏာဖြစ်တဲ့ နိုင်ငံရေးအငြင်းအခုန်တွေမှာ အရေးပါတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဝိဝါဒကွဲပြားတဲ့ အယူအကောက်တွေ ဖြစ်ပေါ်လာစေပါတယ်။ သို့သော်လည်း ဒီစီးကြောင်း နှစ်ခုလုံးကတော့ အများပြည်သူနဲ့ တသီးပုဂ္ဂလိကဘ၀ နှစ်ခုစလုံးရဲ့ အရှိတရားကို လက်ခံထားကြပါတယ်။
ဒီစီးကြောင်းနှစ်ခုနဲ့ မတူခြားနားတာက ဒီမိုကရေစီကျမ်းရင်းကို ဆွဲကိုင်ထားတဲ့ စီးကြောင်းက အခြေခံသဘောတခုတည်း ရှိတယ်လို့ ဆိုပါတယ်။ လစ်ဘရယ်ဝါဒရော ရီပတ်ဘလီကန်ဝါဒကပါ အများပြည်သူနဲ့ တသီးပုဂ္ဂလကဏ္ဍကြားမှာ ခြားနားမူရှိကြတယ်ဆိုတဲ့ အယူအဆတွေကို ပစ်ပယ်ပါတယ်။ ဒီမိုကရေစီရှုထောင့်က ဒီလိုကွဲပြားမှုမျိုး မရှိဘူးလို့ ယူဆပါတယ်။ ဒီတင်းကြပ်တဲ့ ရှုထောင့်က ကြည့်ပြီး ဒီမိုကရေစီက ပြည်သူ့တာဝန် ထမ်းဆောင်သူသည် ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံပြီး အများပြည်သူအတွက်သာ ဘဝကိုစွဲမြဲတဲ့စိတ်နဲ့ မြှုပ်နှံထားရမယ်ဆိုတဲ့ အယူကို ပယ်ပါတယ်။ ဒီမိုကရေစီရဲ့ အဓိကကျတဲ့ ဝိသေသလုပ်ငန်းတွေဖြစ်တဲ့ ရာထူးနေရာ အလှည့်ကျ သတ်မှတ်ရခြင်းနဲ့ မဲပေးပြီး ရာထူးထမ်းဆောင်ဖို့ ရွေးချယ်ခြင်းတို့မှာ နိုင်ငံသားတိုင်းဟာ အနည်းနဲ့အများဆိုသလို အများပြည်သူ့အရေး ဆောင်ရွက်ဖို့အတွက် အရည်အချင်း ပြည့်မီကြသူများ ဖြစ်တယ်လို့ ယူဆထားပါတယ်။ လစ်ဘရယ်ဝါဒ အဆိုဖြစ်တဲ့ အများစုရဲ့ ဆုံးဖြတ်ချက်က ထိပါးလို့မရတဲ့ တသီးပုဂ္ဂလ၊ ကိုယ်ပိုင်အခွင့်အရေးများ ရှိကြသည်ဆိုတဲ့ အယူအဆကိုလည်း ပယ်ပါတယ်။
လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန် ဝါဒတို့ကတော့ သူတို့နည်းသူတို့ဟန်၊ သူတို့ရည်ရွယ်ချက်တွေနဲ့ အများပြည်သူဆိုင်ရာနဲ့ တသီးပုဂ္ဂလအဝန်းအဝိုင်းကို တိကျတဲ့ ရေ၊ မြေ အကန့်အသတ်တွေ သတ်မှတ်ပိုင်းဖြတ်ကြပါတယ်။ ဒီရဲ့အကျိုးဆက်က ကိုယ်စားပြုအစိုးရဆိုတာ ရီပတ်ဘလီကန်ဝါဒနဲ့ လစ်ဘရယ်ဝါဒတို့ရဲ့ သဘောသာဖြစ်ပြီး ဒီမိုကရေစီရဲ့ သဘောမဟုတ်ဘူးလို့ အဓိပ္ပာယ်သက်ရောက်နေစေခြင်း ဖြစ်ပါတယ်။ တာဝန်ဝတ္တရားနဲ့ ပတ်သက်ပြီးတော့လည်း လစ်ဘရယ်ဝါဒက အခြေခံအားဖြင့် လူတဦးချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ပတ်သက်တယ်လို့ ဆိုပါတယ်။ ရီပတ်ဘလီကန်ဝါဒက လူတဦးချင်းစီရဲ့ အများပြည်သူဆိုင်ရာ တာဝန်ကို အများပြည်သူဆိုင်ရာ အဝန်းအဝိုင်းအတွင်းမှာသာ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီမိုကရေစီက ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်များမှာ ပါဝင်နိုင်ခွင့်ကို တာဝန်အရပါ ကျင့်သုံးရမည့် အခွင့်အရေးတခုအဖြစ် သတ်မှတ်ထားပါတယ်။
အရေးကြီးတဲ့ တူညီချက်တွေလည်း ရှိပါသေးတယ်။ ဒီမိုကရေစီက သာတူညီမျှမူကို အရေးထားပါတယ်။ လစ်ဘရယ်ဝါဒက လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်မှုကို လုံ့လပြုထားပါတယ်။ ရီပတ်ဘလီကန်ဝါဒက အုပ်ချုပ်သူတို့သည် တင်းကြပ်တဲ့ ဝတ္တရားတို့ကို ထမ်းပိုးလုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်ရှိပါတယ်။ ဆိုခဲ့တဲ့ အချက်အားလုံးက ပိုလီအာခီနဲ့ သူနဲ့အတူ အတူယှဉ်တွဲတည်ရှိရမယ့် စည်းမျဉ်းခံ နိုင်ငံတော်မှာ ရှိနေရမယ့် အခြေခံအချက်တခုကို တူညီစွာ ထောက်ခံအားပြု ပေးကြပါတယ်။ အဲဒီအချက်ကတော့ တရားဥပဒေစိုးမိုးမှုပဲ ဖြစ်ပါတယ်။ နိုင်ငံသားအားလုံးဟာ အဖွဲ့အစည်းဆိုင်ရာ မူဘောင်အတွင်းကနေပြီး စုပေါင်းဆုံးဖြတ်ချက်များကို ချမှတ်ရာမှာ အားလုံးတန်းတူ ပါဝင်ခွင့်ရှိပါတယ်။ ဒီ ဒီမိုကရေစီဆိုင်ရာ စည်းမျဉ်းကို ရီပတ်ဘလီကန်ရဲ့ ပညတ်ချက်ဖြစ်တဲ့ အုပ်စိုးသူအပါအဝင် မည်သူမျှ ဥပဒေအထက်မှာ မရှိရဆိုတဲ့ အချက်ကို ပေါင်းစပ်ထားပါတယ်။ လစ်ဘရယ်များကလည်း ဘယ်နည်းနဲ့မှ ချိုးဖောက်ခွင့်မရှိရဆိုတဲ့ အခွင့်အရေးတချို့ကို ထည့်သွင်းပေါင်းစပ်ထားပါတယ်။ သို့သော်လည်း တကယ်ထိရောက်တဲ့ ဥပဒေစိုးမိုးရေးဆိုတာ မတူညီတဲ့ ပိုလီအာခီတွေမှာ သိသိသာသာကြီး ကွဲပြားနေတယ်ဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ပေါင်းဆုံသော စီးကြောင်းသုံးခု
ဒီမိုကရေစီနဲ့ ရီပတ်ဘလီကန်ဝါဒက နိုင်ငံရေးအခွင့်အာဏာနဲ့ဆိုင်တဲ့ ယေဘုယျအမြင် နှစ်ခုကို ချပြပါတယ်။ ဒီမိုကရေစီက မေးခွန်းထုတ်ပါတယ်။ ဘုံကောင်းကျိုးအတွက် ဆုံးဖြတ်ချက်ချရာမှာ တာဝန်ရှိသူတို့က ဘာကြောင့် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်မရှိရတာလဲ။ ရီပတ်ဘလီကန်ဝါဒကလည်း မေးနိုင်ပါတယ်။ အတော်ဆုံး၊ အကောင်းဆုံးသော လူတွေက ဘုံကောင်းကျိုးအတွက် ဘာကြောင့် မအုပ်ချုပ်သင့်ပါသလဲလို့။ လစ်ဘရယ်ဝါဒကတော့ သညာသိသဘော မဆောင်ပါဘူး။ ဒီဝါဒက မြေရှင်ပဒေသရာဇ် အစဉ်အလာ၊ ပုပ်ရဟန်းမင်းအဏာကို ကန့်သတ်တဲ့ လှုပ်ရှားမှုနဲ့သဘာဝက ပေးအပ်တဲ့ အခွင့်အရေးဆိုင်ရာ သဘောတရားတွေ လွမ်းမိုးထားပြီး ဘာသာရေးစစ်ပွဲတွေရဲ့ အနိဋ္ဌာရုံတွေကြောင့် ချောက်ချားနေတဲ့ ကမ္ဘာ့ထောင့်လေး တနေရာက ပေါ်ထွက်လာတာဖြစ်ပါတယ်။ ၁၆ ရာစုလောက်က အနောက်ဥရောပ ကွက်ကွက်လေးမှာ အများပြည်သူ ကိုယ်စားပြုသူဖြစ်စေ၊ တသီးပုဂ္ဂလကဖြစ်စေ မချိုးဖောက်သင့်သော အခွင့်အရေးများရှိသည်ဆိုတဲ့ သဘောတရားကို အောင်အောင်မြင်မြင် တည်ထောင်နိုင်ခဲ့ကြပါတယ်။
လစ်ဘရယ် ဝါဒသဘောက တည်ထောင်ထားတဲ့ လူမှုပဋိညာဉ်ဆိုတဲ့ သဘောတရားရှိပါတယ်။ အင်အားသုံးမှုနဲ့ ခြိမ်းခြောက်မှုတွေ ပါဝင်တဲ့ နိုင်ငံရေးအာဏာကို လူမှုပဋိညာဉ်ဆိုင်ရာ သဘောတရားများနဲ့ ကိုက်ညီမှုမရှိဘဲ ပိုင်နက်နယ်ပယ် တခုအတွင်းမှာ တရားဝင်ကျင့်သုံးဖို့ မဖြစ်နိုင်ပါဘူး။ ရီပတ်ဘလီကန်ဝါဒကတော့ အခွင့်အာဏာဆိုတာ အများကောင်းကျိုးအတွက်သာ အသုံးပြုရမယ်ဆိုတာထက် ပိုပြီး မပြောပါဘူး။ ဒါပေမယ့် ရီပတ်ဘလီကန်ဝါဒကလည်း သူ့ကိုယ်ပိုင် သမိုင်းဆိုင်ရာ ပညာသိ အယူအဆတခုကို ချပြထားတာ ရှိပါတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အုပ်စိုးသူဟာ သာမာန်ပြည်သူတဦးထက်ပိုပြီး ဥပဒေကို စောင့်ထိန်းလိုက်နာသင့်တယ်ဆိုတဲ့ အယူပါ။ အစောပိုင်းမှာ ဒီမိုကရေစီကလည်း ပညာသိ အယူအသစ်တခုကို ချပြခဲ့ပါတယ်။ လူအဖွဲ့အစည်းတခုမှာ အုပ်ချုပ်မူအာဏာဆိုတာ လူထုအတွက်သာ မဟုတ်ဘဲ လူထုဆီက လာရမယ်၊ လူထုက အုပ်ချုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်ခဲ့တဲ့ရာစုနှစ်တွေမှာ ဒီစီးကြောင်းသုံးခုဟာ ခက်ခဲရှုပ်ထွေးပြီး ပြောင်းလဲနေတဲ့ သဘောနဲ့ ပေါင်းစပ်လာခဲ့ကြပါတယ်။ ဒီစီးကြောင်းသုံးခုထဲက တခုခုက အစွန်းရောက်သွားခဲ့ရင် ပိုလီအာခီကို ခြိမ်းခြောက်လာတတ်ပါတယ်။ ဘယ်စီးကြောင်းကမှ အခြားစီးကြောင်းတွေထက် အခြေခံပိုကျတယ်ရယ်လို့လည်း မရှိပါဘူး။ ဒီလိုဖြစ်နေတာကိုက ခပ်ကောင်းကောင်းပါ။ ဘာကြောင့်လဲဆို ပိုလီအာခီက ရှုပ်ထွေးပြီး ဖြည်မရအောင် ရောနှောနေလင့်ကစား၊ ပိုလီအာခီရဲ့ အစိတ်အပိုင်းတွေထဲက တခုပေါ်မှာသာ သီးသန့် မှီတည်နေတဲ့ အစိုးရစနစ်တခုကို ထိန်းကျောင်းဖို့အတွက်တော့ ဒီလို ခွဲမရအောင် ရောနေတဲ့အဖြစ်ကပဲ ပိုလို့ကောင်းနေသလို ဖြစ်နေပါတယ်။ လစ်ဘရယ်ဝါဒနဲ့ ရီပတ်ဘလီကန်ဝါဒတို့ မရှိခဲ့လ့ိုရှိရင် ဒီမိုကရေစီဟာ လူများစုကို ထင်ရာစိုင်းအုပ်ချုပ်ခွင့် ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ ဒီမိုကရေစီနဲ့ ရီပတ်ဘလီကန်ဝါဒ မပါရင် လစ်ဘရယ်ဝါဒဟာ လူချမ်းသာအုပ်ချုပ်ရေး ဖြစ်သွားတတ်ပါတယ်။ လစ်ဘရယ်ဝါဒနဲ့ ဒီမိုကရေစီ မပါတဲ့ ရစ်ပတ်ဗလစ်ကန် ဝါဒကတော့ ကိုယ်အမြဲမှန်တယ်ထင်တဲ့ လူပေါ်လူဇော်များက၊ ဖခင်နေရာကနေ ကလေးငယ်များကို အုပ်ချုပ်သလို အုပ်ချုပ်ရေးမျိုး ဖြစ်သွားတတ်ပါတယ်။
ပိုလီအာခီဖြစ်ပေါ်လာစေတဲ့ သမိုင်းစီးကြောင်းတွေက လက်တွေ့ဖြစ်စဉ်တွေနဲ့ ကင်းလွတ်ပြီး ပေါ်ပေါက်လာခဲ့တာ မဟုတ်ပါဘူး။ ဒီစီးကြောင်းတွေက တကယ့်အသက်ဝင်နေတဲ့ အစဉ်အလာတွေပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ဖြစ်စေတဲ့ ဖော်မြူလာတွေ ထုတ်ခဲ့ရတယ်။ ဆွေးနွေးတယ်။ ထူးချွန်တဲ့ဆရာတွေက သုံးသပ်တယ်။ ဆွေးနွေးဝေဖန်မှု မြောက်များစွာ ပေါ်ပေါက်ခဲ့တယ်။ ကျမ်းအစောင်စောင် ထွက်လာခဲ့တယ်။ အမျိုးမျိုးအထွေထွေသော အခြေအနေတွေ၊ ဓလေ့တွေကို ကိုးကားမှီငြမ်းမှု ပြုခဲ့ကြပါတယ်။ ဥပဒေ အစောင်စောင်နဲ့ အခြေခံဥပဒေတွေမှာလည်း စိမ့်ဝင်ပျံ့နှံနေပါတယ်။ ဒီနည်းနဲ့ နိုင်ငံရေးအတွေးအခေါ်၊ ဝိဝါဒကွဲပြားမှုတွေနဲ့ မူဝါဒများမှာ နက်နက်နဲနဲ သြဇာလွှမ်းနိုင်ခဲ့တဲ့ သက်ဝင် စီးကြောင်းတွေ ဖြစ်လာတာပါ။
အထူးသဖြင့် ဒီစီးကြောင်းတွေဟာ နိုင်ငံတနိုင်ငံ၊ လူ့အဖွဲ့အစည်းတခုရဲ့ အခြေခံဥပဒေနဲ့ ဥပဒေတော်တော်များများမှာ ပေါင်းစည်းပါဝင်လာရာမှာ လစ်ဘရယ်ဝါဒနဲ့ အရင်းရှင်စနစ် ထွန်းကားလာတာနဲ့ တကြိမ်တည်းလိုပါပဲ။ ဒီမိုကရေစီနဲ့ ရရီပတ်ဘလီကန် ဝါဒကတော့ နိုင်ငံပိုင်နက်တခုအတွင်းမှာ အရင် အကောင်အထည် ဖော်ရပါတယ်။ စီးကြောင်းတခုစီမှာ သူ့ယုတ္တိနဲ့သူ ရှိပါတယ်။ စုစည်းညီညွတ်မူရှိတဲ့ အခြေခံမူများ၊ ခက်မများနဲ့ ဖြစ်ကြပါတယ်။ ဒီသုံးခုအပြင် နိုင်ငံတော် ဆိုတာရဲ့ သဘောလည်း ရှိနေပါသေးတယ်။ နိုင်ငံတော် ဆိုတာမှာလည်း သူ့ယုတ္တိဗေဒနဲ့သူ ဖြစ်ပါတယ်။ ဒီယုတ္တိဗေဒကလည်း တစိတ်တဒေသအားဖြင့် စီးကြောင်းသုံးခုနဲ့ မကိုက်ညီတာတွေ ရှိနေတတ်ပါတယ်။ နိုင်ငံတော်တွေ ဆိုတာက အချိန်နဲ့နေရာအလိုက် ကွဲပြားမှုတွေရှိပါတယ်။ ဒီကွဲပြားမူတွေက အရင်းရှင်စနစ်မှာရှိတဲ့ အခက်အခဲတွေ ကာလဒေသအလိုက် ကွဲပြားသလို ကွဲပြားကြပြီး ဒီကွဲပြားမှုတွေက နိုင်ငံတနိုင်ငံမှာ ကျင့်သုံးတဲ့ ပိုလီအာခီတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာတတ်ကြပါတယ်။ ပြောင်းလဲတတ်တဲ့ ပုံသဏ္ဍာန်ကိုလည်း အကျိုးသက်ရောက်နိုင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
ဂီလာမို အိုဒေါ်နယ် (Guillermo O’Donnell) (1936-2011) သည် Notre Dame တက္ကသိုလ်၊ အစိုးရနှင့် နိုင်ငံတကာ လေ့လာရေးဌာန၏ Helen Kellogg ပါမောက္ခ ဖြစ်သည်။ ယခု စာတမ်းကို ဇွန်လ ၁၉၉၇ ခုနှစ်တွင် International Forum for Democratic Studies နှင့် the Institute for Advanced Studies (Vienna) တို့က ပူးတွဲ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်းကြီးကို အကျဉ်းချုံးထားခြင်းဖြစ်သည်။ ယခုစာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)