ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ် စသည့် မြစ် ၃ ခု ဆုံရာ ရန်ကုန်မြစ်၀ အနီးတွင် ရက်ပေါင်း ၃၄ ရက် အကြာ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ဓမ္မစေတီ ခေါင်းလောင်း တူးဖော်မှုမှာ ယနေ့အချိန်ထိ ထူးခြားမှု မရှိဘဲ လူစိတ်ပါဝင်စားမှုပါ လျော့ကျလာသဖြင့် ခေါင်းလောင်းကြီး ဆယ်ယူတူးဖော်နေမှုနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများအား နတ်စင်တရာ ဆရာတော်ကြီးက ရှင်းလင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၁၄ ရက် (တနင်္ဂနွေနေ့) နေ့လည် ၁ နာရီ၌ သန်လျင်မြို့နယ် ၊ ကျိုက်ခေါက်ဘုရား အလွန် နတ်စင်တရာကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိုင်ကြောင်း သိရသည်။
ဓမ္မစေတီ ခေါင်းလောင်းကို တူးဖော်နေသည့် ဦးစံလင်းနှင့် အဖွဲ့မှာ သတင်းထုတ်ပြန်မှု မရှိခြင်း ၊ ခေါင်းလောင်းရှာဖွေနေသည့် ရေငုတ်သမား ခေါင်းဆောင် ဦးသန်းညွှန့်ဆိုသူက မွန်သတင်းအေဂျင်စီ တခုအား ခေါင်းလောင်းတွေ့ရှိခြင်းမှာ လုံး၀ မဟုတ်မှန်ဘဲ သဘောၤပျက် တစီးသာ တွေ့ရှိခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းတို့ကြောင့် ထိုအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ သိရှိထားသည့် နတ်စင်တရာ ဆရာတော်ကြီးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဓမ္မစေတီခေါင်းလောင်းကြီးနှင့် ပတ်သက်သော သတင်းများ မီဒီယာများသို့ အစဉ်တစိုက် ဖြေကြားပေးနေသူ အထောက်အကူပြုအဖွဲ့မှ ဦးကြည်ဝင်းက “ အခု ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အားလုံးကို ဆရာတော်ကြီးက သိတယ်။ ရေငုတ်သမား ကိစ္စ ၊ ငွေရေး ကြေးရေး ကိစ္စတွေ အပါအဝင် အကုန်လုံး ရှင်းပြလိမ့်မယ် ” ဟု ဆိုသည်။
သို့သော် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရန် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၅၅ လမ်းတွင် ဖွဲ့စည်းထားသော အထောက်အကူပြု အဖွဲ့မှ ဦးနိုင်မင်းအောင်ကမူ ဦးစံလင်းနှင့် အဆက်အသွယ်မရသည်မှာ အချိန်ကြာပြီ ဖြစ်ကြောင်း၊ ကြိုးစားဆက်သွယ်သော်လည်း ဖုန်းပိတ်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
“ ရေငုတ်သမားတွေက သဘောၤပျက်တွေ့တာကို ဦးစံလင်းက ခေါင်းလောင်း တွေ့တယ်ဆိုပြီး သတင်းထုတ်တဲ့ သဘော ဖြစ်သွားတယ်။ ကြည့်ရတာ ဘိုးတော်အခါ ပေးတာကို လိုက်လုပ်တဲ့သဘောမျိုးပဲ ” ဟု အထောက်အကူပြု အဖွဲ့ဝင် တဦးက ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှု စတင်ခဲ့စဉ် သြဂုတ်လဆန်းပိုင်းမှ စက်တင်ဘာ လကုန်ပိုင်းအထိ ခေါင်းလောင်းရှာဖွေရာ နေရာအနီးသို့ စိတ်ပါဝင်စားသူ ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှု့ခဲ့သော်လည်း ယခုအခါ လာရောက်ကြည့်ရှု့လေ့လာသူ နည်းပါးလျက် မရှိသလောက်ပင် ဖြစ်နေကြောင်း သိရသည်။
ဆက်စပ်သတင်း