သတင်း

ဗိုက်ဗာတွင် မိုဘိုင်းလ် ဗီဒီယို ခေါ်ဆိုမှုစနစ် သုံးနိုင်ပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင်း ဗိုက်ဗာ (Viber) ခေါ်ဆို အသုံးပြုမှုတွင် မိုဘိုင်းလ် ဗီဒီယို ခေါ်ဆိုမှုစနစ်ကို နိုင်ငံတကာနှင့် တန်းတူ သုံးစွဲနိုင်ပြီ ဖြစ် ကြောင်း သိရသည်။

“လက်ရှိရနေတဲ့ အင်တာနက်မှာ ဒီစနစ် ပါရှိမှာပါ။ ဗားရှင်းအသစ် တင်ပေးထားပါတယ်။ အရင်ပုံစံ အတိုင်းမှာ ကိုယ့်ဘက်က ဗီဒီယို ရိုက်ပြီး ပို့ပေးနိုင်ပါပြီ”ဟု ဗိုက်ဗာ ကုမ္ပဏီ၏ ရန်ကုန်ရုံး ပြန်ကြားရေး တာဝန်ခံ Mr.Kris Banyar က ပြောသည်။

မိုဘိုင်းလ် ဗီဒီယို ခေါ်ဆိုမှုကို သုံးစွဲမည်ဆိုပါက လက်ရှိသုံးစွဲနေသည့် ဗားရှင်းကို အဆင့်မြှင့်တင်မှု(update) လုပ်ရန် လိုအပ်ကြောင်း၊ ဗားရှင်းအသစ်တွင် ဗီဒီယို စတစ်ကာများကို ထည့်သွင်းထားကြောင်း သိရသည်။

“ထူးခြားချက် အနေနဲ့ အခု ဗားရှင်းအသစ်မှာ ဗီဒီယို ခေါ်ဆိုမှုအပြင် သူငယ်ချင်းတွေရဲ့ နံပါတ်တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်အောင် စီစဉ်ထားပါတယ်။ ဒီဗားရှင်း အသစ်က ဗီဒီယိုခေါ်ဆိုမှုကို ဖုန်းတွေအပြင် ကွန်ပျူတာတွေ၊ apple ဖုန်းတွေ လက်ပ်တော့ တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေမှာပါ သုံးနိုင်မှာပါ”ဟု ဗိုက်ဗာ အလုပ်အမှုဆောင် Talmon Marco က ဆို သည်။

လက်ရှိ၌ ဗိုက်ဗာ သုံးစွဲမှုတွင် ရုပ်ပြောင် စတစ်ကာများ(Sticker packs) သုံးခြင်း၊ ဓာတ်ပုံပေးပို့ခြင်း၊ အသံလှိုင်း ပေးပို့နိုင်ခြင်း စသည်တို့ကို အသုံးပြုနိုင်ကြောင်း၊ ထပ်မံ ထွက်ပေါ်လာမည့် စနစ်သစ်တွင် ယခုထက်ပိုမိုသော နည်းစနစ်များကို သုံးစွဲသူများ ထိတွေ့ခံစားနိုင်ရန် လုပ်ဆောင်ထားကြောင်း ဗိုက်ဗာ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

“ဗိုက်ဗာ က မိုဘိုင်းလ် ဗီဒီယို ခေါ်နိုင်မယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီက အင်တာနက် ကွန်နက်ရှင်နဲ့ ရပါ့မလားပဲ သိချင် တာ။ အခုက မေးလ်ပို့တာထက် ဗိုက်ဗာကို ပိုသုံးဖြစ်တယ်။ သူက မြန်တာကိုး။ တခုက တချို့ Laptop တွေမှာ ဗိုက်ဗာ စနစ် က သိပ်အဆင် မပြေသေးဘူး။ သူတို့ဘက်က ပြင်ဆင်ထားတယ် ဆိုရင်တော့ တော်တော်လေး အဆင်ပြေမှာပါ”ဟု ရန်ကုန် တာမွေမြို့နယ် သီတာလမ်းထိပ်ရှိ Lucky ဂိမ်းနှင့် ဆော့ဖ်ဝဲလ် အခွေဆိုင်မှ မသီတာဦးက ပြောသည်။

နိုင်ငံတကာ သုတေသန အဖွဲ့အစည်း တခုဖြစ်သော On Device Research က ဗိုက်ဗာ သည် မြန်မာနိုင်ငံတွင် သုံးစွဲသူ အများဆုံး မိုဘိုင်းလ် အပလီကေးရှင်း တခုဖြစ်သည်ဟု ပြီးခဲ့သည့် ဇွန်လ အတွင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူမှုကွန်ရက် ဆက်သွယ်ရေးအတွက် မိုဘိုင်းလ် စာပို့စနစ်နှင့် အသုံးပြုမှုများကို ဗိုက်ဗာ အသုံးပြုမှုနည်းတူ ဖေ့စ် ဘုတ်၊ ဂျီတော့လ် တို့ကိုလည်း ယှဉ်တွဲ အသုံးပြုကြသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရခဲ့သည့် Telenor ကုမ္ပဏီက ယခုနှစ် ဧပြီလအတွင်း ဖေ့စ်ဘုတ် တွင် ပြုလုပ်ခဲ့သော အွန်လိုင်း သုတေသနပြုချက် အရ သုံးပုံနှစ်ပုံခန့်သော မိုဘိုင်းလ်ဖုန်း သုံးစွဲသူတို့သည် ၎င်းတို့ အနှစ်သက်ဆုံး စာပို့စနစ် အပလီကေးရှင်း အဖြစ် ဗိုက်ဗာ ကို ရွေးချယ်ခဲ့ကြသည်ဟု ဗိုက်ဗာ ၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုက်ဗာ ကို လက်ရှိ အချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက အသုံးပြုနေကြပြီး သုံးစွဲသူဦးရေ စုစုပေါင်း သန်း ၄၀၀ ကျော် ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သုံးစွဲသူပေါင်း ၅ သန်းခန့် ရှိကြောင်း ဗိုက်ဗာ က သတင်းထုတ်ပြန် ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading