Religion

ခေါင်းလောင်းရှိ မရှိ မသိဟု ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့က ပြောဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှု ၁၇ ရက် အကြာ သြဂုတ်လ ၂၆ ရက်နေ့က တရားဝင် ထုတ်ပြန် ထားသော ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိထားပြီ ဖြစ်ကြောင်းနှင့် ခေါင်းလောင်းအား ကြိုးချည်နိုင်ခဲ့ ပြီ ဆိုသော ထုတ်ပြန်ချက်မှာ ခေါင်းလောင်း တူးဖော်ခွင့် ရရှိထားသူ ဦးစံလင်း၏ ဆက်သွယ်ပြောဆိုမှု နှင့် ဖုန်း မက်ဆေ့ချ် အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်တွေ့တွင် ခေါင်းလောင်းကြီး ရှိ မရှိကိုပင် မသိရှိကြောင်း ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့မှ ပြန်ကြားရေးအဖွဲ့က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄
ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

ထို့ပြင် ဦးစံလင်းနှင့် အဆက်အသွယ်ပြတ်နေပြီး ဘယ်မှာရှိနေသည်ကိုလည်း မပြောနိုင်ပေ။

ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန်မြစ် စသည့်  မြစ် ၃ ခု ဆုံရာ ရန်ကုန်မြစ်၀ အနီးတွင် ရက်ပေါင်း ၃၆ ရက် အကြာ ဓမ္မစေတီ ခေါင်းလောင်း တူးဖော်မှုမှာ ယနေ့ အချိန်ထိ မည်သည့် ထူးခြားမှုမှ မရှိဘဲ ဖြစ်နေစဉ် ခေါင်းလောင်းတူးဖော် ရရှိရေး ထောက်ပံ့ပေးခဲ့သူ နတ်စင်တရာ ဆရာတော်နှင့် ပြန်ကြားရေးအဖွဲ့တာဝန်ခံ ဦးကြည်ဝင်းတို့က မီဒီယာများနှင့် တွေ့ဆုံပြီး အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးစံလင်းနှင့် အဖွဲ့တို့ ဦးဆောင် ဆယ်ယူနေသော ဓမ္မစေတီခေါင်းလောင်းကိစ္စနှင့် ပတ်သက်ပြီး နတ်စင်တရာ ဆရာတော်နှင့် ခေါင်းလောင်းကြီး ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးကြည်ဝင်းတို့က ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် သန်လျင်မြို့နယ် နတ်စင်တရာတော်ကျောင်း၌ မီဒီယာနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ဆရာတော်က ဓမ္မစေတီမင်းကြီးကို ကြည်ညိုလို့ နောက်ကနေ ပံ့ပိုးကူညီတာက လွဲရင် ဆရာတော် ဘာမှ မသိပါဘူး။ တွေ့ပြီလို့ ပြောတဲ့ မွန်အဖွဲ့တွေ သူတို့ဘာ သူတို့ ရှင်းပါလိမ့်မယ် ” ဟု နတ်စင်တရာ ဆရာတော်က မိန့်ကြားပြီး ခေါင်းလောင်းတွေ့ရှိသည့် သတင်းမှာ သူနှင့် လုံး၀ မသက်ဆိုင်ကြောင်း ငြင်းဆိုလိုက်သည်။

နတ်စင်တရာ ဆရာတော်က အထက်ပါအတိုင်း ငြင်းဆိုလိုက်သကဲ့သို့ ခေါင်းလောင်းကြီးနှင့် ပတ်သက်သော သတင်း ထုတ်ပြန်ရေးအဖွဲ့ကလည်း ၎င်းတို့မှာ ဦးစံလင်း၏ ဖုန်းဖြင့် ပြောဆိုချက် အတိုင်းသာ သတင်းထုတ်ပြန်ရခြင်း ဖြစ်ပြီး ခေါင်းလောင်းရှာဖွေရာ သဘောၤပေါ်သို့ မပြောနှင့် ခေါင်းလောင်း ဆယ်ယူရာ နေရာသို့ပင် မရောက်ဖူးကြောင်း
ပြန်ကြားရေး တာဝန်ယူထားသည့် မွန်အဖွဲ့က ထုတ်ပြန် ပြောဆိုသည်။

“သြဂုတ်လ ၂၆ ရက်နေ့မှာ ဦးစံလင်းက ကျနော်တို့ကို ဖုန်းဆက်တယ်။ နဂါး အကူအညီနဲ့ ခေါင်းလောင်းကြီးကို တွေ့ပြီတဲ့။ ကျနော်တို့လည်း စဉ်းစားပါသေးတယ်။ နဂါးဆိုတာ ပါလာတော့ ကျနော်တို့ တော်တော် စဉ်းစားပါသေးတယ်။ သူတို့က ဒီအတိုင်းပဲ သတင်းထုတ်ပါဆိုလို့ ဒီအတိုင်းပဲ ထုတ်တာပါ။ နဂါး ရှိတယ် ၊ မရှိဘူး ဆိုတာကတော့ ဗုဒ္ဓဘာသာတွေ အနေနဲ့ လက်ခံရမှာပါ။ အောင်ခြင်း ၈ ပါးမှာလည်း နဂါး ပါတာပဲလေ။ နဂါး ပါလာလို့ ကျနော်တို့ ပြန်မေးတဲ့အခါ ဒီအတိုင်းပဲ ရေးလိုက်ပါ ဆိုလို့ ဒီတိုင်း ရေးလိုက်ရတာပါ ” ဟု ခေါင်းလောင်း သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးကြည်ဝင်းက ဧရာဝတီသတင်းဌာန၏ မေးမြန်မှုကို ပြန်လည် ဖြေကြားခဲ့သည်။

ဦးစံလင်းက သြဂုတ်လ ၂၆ ရက်နေ့တွင် ခေါင်းလောင်းကြီး တွေ့ရှိပြီဖြစ်ကြောင်း အောက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်။

“ ၁၃၇၆ ခုနှစ် ၊ တော်သလင်းလဆန်း ၂ ရက် ၊ ( ၂၀၁၄ ခုနှစ် ၊ သြဂုတ်လ ၂၆ ရက်- အင်္ဂါနေ့ )မှာ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ကျနော်မောင်စံလင်း (မြေပုံ)ကော့သောင်းအဖွဲ့မှ တွေ့ရှိထားပြီး ဖြစ်သည်။ နဂါးများမှ အကြီးဆုံး ရွှေရောင်နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား
ဆီမီးပူဇော်နေသည့်အတွက် သတ်မှတ်ရက်တွင် သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်းဖြစ်သည်။ ကျနော်တို့၏ မြန်မာ့နည်း မြန်မာ့ဟန် မြန်မာအဆင့် နည်းပညာသည်
လျှို့ဝှက်ချက်များစွာ ရှိနေခြင်းကြောင့် နုတ်မှ ဖွင့်ပြော၍ မရပါ။ အရိယာဝိဇ္ဇာ အပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ ဓမ္မစေတီခေါင်းလောင်းတွေ့ရှိပြီး ဖြစ်ကြောင်း အတိအလင်း ကြေညာခြင်း ဖြစ်သည် ” ဟု ဆိုသည်။

ထိုထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး ဦးစံလင်းကိုယ်တိုင် တာဝန်ယူ ၊တာဝန်ခံလိမ့်မည်ဟု ဦးကြည်ဝင်းက ပြောသည်။

“ ဦးစံလင်း ဘက်က မှားတာ တခုကိုတော့ ဆရာတော် မျက်ဝါးထင်ထင် ထောက်ပြပါရစေ။ ဦးစံလင်း သည် ခေါင်းလောင်းမရခင် စပ်ကြားမှာ ၃ ရက် အတွင်းမှာ ဖော်မယ် ၊
တပတ် အတွင်းမှာ ဖော်မယ် ဆိုပြီး ပြောတယ်။ ဒါပေမယ့် မပေါ်ခဲ့ဘူး ” ဟု နတ်စင်တရာ ဆရာတော်က မိန့်ကြားသည်။

နတ်စင်ဆရာတော် အနေဖြင့် ခေါင်းလောင်းတွေ့ပြီဟု မည်သည့် အခါကမျှ မီဒီယာများသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိကြောင်း ၊ ခေါင်းလောင်းကြီးတွေ့ရှိပြီဟု သတင်းထုတ်ပြန်ချိန်တွင် ဆရာတော်မှာ မြန်မာနိုင်ငံတွင် မရှိဘဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးကုသခံနေရချိန်ဖြစ်ကြောင်း၊ ဆရာတော်ကိုယ်တိုင် ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရရှိရန် ဦးစံလင်းတို့ တူးဖော်ရာ နေရာအနီးသို့ စက်လှေများဖြင့် သွားရောက်ခဲ့ပြီး ပရိတ်၊ ဘာဝနာ၊ ကမာဋ္ဌာန်းများ စီးဖြန်ခြင်းများ ပေးခဲ့ခြင်းမှာလည်း ကိုယ့်စရိတ်ကိုသာ
ဖြစ်ကြောင်း မိန့်ဆိုသည်။

“ ဆရာတော် ပရိတ်လှည့် ရွတ်တော့ ကိုယ်ဘုန်းကြီး၊ ကိုယ့်စက်လှေနဲ့ ကိုယ့်ဘာသာကိုယ် ရွတ်ပါတယ်။ ဆရာတော်ကို သဘောၤပေါ်ကို ဖိတ်ပါတယ်။ ဆရာတော် မတက်ပါဘူး။ ဘာလို့လဲဆိုရင် ဆရာတော် တက်ပြီး ပရိတ်ရွတ်ပြီးမှ ခေါင်းလောင်းကြီး ရှာမတွေ့ရင် ဆရာတော်ကြောင့် စည်းပေါက်တယ် ဖြစ်မှာ ” ဟု ဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းကလည်း “ ကျနော်တို့ ရေထဲကို လည်း တခါမှ မသွား၊ သဘောၤပေါ်ကိုလည်း တခါမှ မရောက်ဖူးပါဘူး။ ဦးစံလင်းရဲ့ သီလ၊ သမာဓိ၊ ပညာကို ယုံကြည်လို့ အခုလို ကူညီတာ။ ဦးစံလင်းနှင့် စက်တင်ဘာလ ၈ ရက်နေ့က နောက်ဆုံး ဖုန်းပြောခဲ့ရပြီး နောက်ပိုင်း အဆက်အသွယ် မရှိသေးပါဘူး” ဟုပြောဆိုသည်။

“သူ သတင်း ထုတ်ပြန်ချက်ကို ဘယ်အပေါ်မှာ အခြေခံပြီး ထုတ်တာလဲ ကျနော် မသိပါဘူး။ သူ့နောက်မှာ ဝိဇ္ဇာတွေ ရှိတယ်၊ ဘိုးတော်တွေလည်း ရှိတယ်။ ဆရာတော် တပါးလည်း ရှိပါတယ်။ ဒီလိုပဲ သူတို့ တိုင်ပင်ပြီးတော့ ကျနော်တို့ဆီကို Message ပို့ ပုံရပါတယ်။ ကျနော်တို့က သူတို့ပြောတဲ့အတိုင်းပဲ ထုတ်ပြန်တာပါ ။ သူတို့မပြောဘဲ ဘာမှ ထုတ်ပြန်လို့
မရပါဘူး။ ကျနော်တို့ အခုလို ထုတ်ပြန်ပေးတာလဲ သူ့ကို ပုဂ္ဂိုလ်ရေးအရ ယုံကြည်တာလည်း ပါပါတယ်။ ယုံကြည်တယ်ဆိုတာက သူလိမ်တာ ဘာတခုမှ မရှိခဲ့လို့ပါ”ဟု ဦးကြည်ဝင်းက ဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်းကို တူးဖော်နေသည့် ဦးစံလင်းနှင့် အဖွဲ့မှာ သတင်းထုတ်ပြန်မှု မရှိခြင်း၊ ခေါင်းလောင်းရှာဖွေနေသည့် ရေငုတ်သမားခေါင်းဆောင် ဦးသန်းညွှန့်ဆိုသူက မီဒီယာများအားခေါင်းလောင်းတွေ့ရှိခြင်းမှာ လုံး၀ မဟုတ်မှန်ဘဲ သဘောၤပျက် တစီးသာ တွေ့ရှိခြင်း ဖြစ်ကြောင်း စသည့် ထုတ်ဖော် ပြောဆိုမှုများ ရှိလာသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှု စတင်ခဲ့စဉ် သြဂုတ်လဆန်းပိုင်းမှ စက်တင်ဘာ လကုန်ပိုင်းအထိ ခေါင်းလောင်းရှာဖွေရာ နေရာအနီးသို့ စိတ်ပါဝင်စားသူ ထောင်ပေါင်းများစွာ လာရောက် ကြည့်ရှု့ခဲ့သော်လည်း ယခုအခါ လာရောက် ကြည့်ရှု့သူ မရှိတော့ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading