ပိုက်ဆံအိတ်ကို ခါးပတ် သဖွယ်ပတ်ထားတဲ့ အသားဖြူဖြူ၊ ခပ်၀၀ ထိုင်းနိုင်ငံသူ ( တရုတ် နွယ်ဖွား ) အမျိုးသမီးကြီးတဦးရဲ့ အော်ဟစ် အမိန့်ပေးနေမှု ကြောင့် ကားပေါ်က ရေခဲတုံးတွေကို အောက်ချသူကချ၊ သယ်သူကသယ်၊ လှေပေါ်က ငါးတွေ ကို တွန်းလှည်းပေါ်တင်သူ ကတင်၊ အစီအရီ ချထားတဲ့ ခြင်းတောင်းတွေထဲ ပစ်ထည့်သူကထည့် စတဲ့ အလုပ်တွေနဲ့ မရပ် မနား အလုပ်ရှုပ်နေကြသူတွေကတော့ ထိုင်းလို “ဖမာ့” လို့ ခေါ်တဲ့ ရာချီတဲ့ မြန်မာနိုင်ငံသား ရေလုပ်သားတွေပါပဲ။
ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးခက်ဒေသရဲ့ အကြီးဆုံး တံငါဆိပ်ကမ်း တခုဖြစ်တဲ့ “အုံလန်စဖန်ပလာ” လှေဆိပ်က မြန်မာနိုင်ငံ သား လှေသမားတွေဟာ သူတို့ရဲ့ အလုပ်ရှင်၊ အလုပ်သမားခေါင်းဆောင်တွေရဲ့ ကြီးကြပ် လမ်းညွှန်မှုတွေနဲ့အတူ စိတ်ပါ သည် ဖြစ်စေ၊ မပါသည် ဖြစ်စေ မရပ်မနား လုပ်ကိုင်နေကြရတဲ့ မြင်ကွင်းကတော့ တကယ့်ကို စိတ်မသက်သာစရာပါ။
အဲဒီလှေဆိပ်မှာ မြန်မာနိုင်ငံက လာတဲ့ မွန်၊ ထားဝယ်၊ ရခိုင်၊ ဗမာ စတဲ့ မြန်မာနိုင်ငံသား ပေါင်းစုံ အလုပ်လုပ်ကိုင်နေကြပြီး တချို့ဆိုရင် ဆယ်စုနှစ်နဲ့ချီ လှေသမားတွေအဖြစ် အလုပ် လုပ်ကိုင်နေကြပါတယ်။ လှေဆိပ်မှာအလုပ်လုပ်တဲ့ လှေသမား ၉၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး မြန်မာလှေသမား ၃၀၀ ဝန်းကျင်ရှိတယ်လို့ ဆိပ်ကမ်းရဲ့ ဒုတိယ အကြီး အကဲ မစ္စတာ Gorragot က ရှင်းပြပါတယ်။
လှေသမားတွေဟာ ပင်လယ်ပြင်ကို နေ့စဉ် ငါးဖမ်းထွက်ရပြီး နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်လောက်ဆိုရင် ငါးဖမ်း လှေတွေ ဆိပ်ကမ်းကို ရောက်ရှိလာကာ တညလုံး ဖမ်းထားတဲ့ ငါးတွေကို လာပို့ဆောင်ကြပါတယ်။ လှေပေါ်ပါ ငါးတွေကို ကမ်းပေါ်တင်၊ ထမင်းစား၊ ခဏတဖြုတ် အနားယူပြီးတာနဲ့ မွန်းလွဲ ၂ နာရီလောက်ဆိုရင် ပင်လယ်ပြင်ထဲကို ငါးဖမ်းဖို့ ပြန်ထွက်ရပါတယ်။
အဲဒီအချိန် ဇယားဟာ လှေသမားတွေရဲ့ နေ့စဉ် ပုံမှန် လည်ပတ်နေကျ ဘ၀ အချိန် ဇယား တခုဆိုရင်လည်း မမှားနိုင်ပါဘူး။ တခါတရံတော့ လှေသမားတွေဟာ ပင်လယ်ထဲမှာ ၂ လ ကနေ ၃ လ လောက် အထိ ငါးဖမ်းရင်း သူတို့ဘဝတွေကို ပင်လယ် ထဲမှာပဲ အချိန်ကုန်ကြရပါတယ်။
ဒီလှေသမားတွေဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေ့မအား၊ ညမနား လုပ်ကိုင်နေကြပေမယ့် လှေသမားအများစုဟာ မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ မိသားစုတွေဆီကို ငွေကြေး တစုံတရာ ပြန်မ ပို့နိုင်ကြဘဲ ရတဲ့ လုပ်အားခတွေကို မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံး ပြုကြပါတယ်။
လှေသမားတွေဟာ ရေလုပ်သားတွေ ပီပီ အရက်သေစာ သောက်သုံးလေ့ရှိပြီး၊ အရက်မူးလာတဲ့အခါ အချင်းချင်း စကားများ ရန်ဖြစ်တာ၊ စကားများရာက တဆင့် လူသတ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ ဆိပ်ကမ်း အာဏာပိုင်တွေနဲ့ လှေသမား တွေဆီက သိရှိရပါတယ်။ အရင်တုန်းကဆိုရင် လူသတ်မှုတွေက သီတင်းပတ်တိုင်းမှာ ဖြစ်ပွားလေ့ရှိပြီး တလမှာ အနည်း ဆုံး ၂ ကြိမ် လောက်တော့ မှုခင်းနဲ့သက်ဆိုင်တဲ့ လူသေဆုံးမှုတွေ ရှိတယ်လို့ ဆိုကြပါတယ်။
“အရင်ကဆိုရင် တလ လေး၊ ငါး ယောက် လောက်သေကြတယ်၊ မူးပြီးတော့ ကိုယ့် အချင်းချင်း ရန်ဖြစ်ကြတာက တဆင့် လူ သတ်ကြတာပေါ့”လို့ လှေသူကြီး တဦးဖြစ်သူ ဦးကျော်ဝင်းလှိုင် က ဆိုပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အရက်သောက်သုံးမှု အစား မြင်းဆေး၊ ယာဘဆေး၊ အာဆီယံ၊ ရေခဲ စတဲ့ တရားမဝင် စိတ် ကြွ မူးယစ်ဆေးဝါးတွေကို အစားထိုး သုံးစွဲလာကြပြီး အရက်သေစာ သောက်စားမှု တွင်ကျယ်ခဲ့တဲ့အချိန်ကထက် လူသတ်မှု၊ ခိုက် ရန်ဖြစ်ပွားမှု စတဲ့ ပြစ်မှုကျူးလွန်မှုတွေ လျော့ကျသွားပါတယ်။
“ဆေးသုံးထားတော့ တိတ်ဆိတ်တဲ့နေရာမှာ အေးဆေးအနားယူချင်တယ်၊ လူတွေနဲ့စကား မပြောချင်ဘူး၊ ကိုယ့်ပါကိုယ်ပဲ သီးသန့် နေတဲ့အခါကျတော့ ရန်ပွဲဆိုတာမရှိတော့ဘူးပေါ့” လို့ လှေသမား ကိုသန်းဝင်း က ဆိုပါတယ်။
လှေသမားတွေဟာ ရေခဲ၊ အာဆီယံ၊ ယာဘဆေးပြား၊ မြင်းဆေး စတဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေကို အချင်းချင်း နားလည်မှုနဲ့ ရောင်း ဝယ် ဖောက်ကား၊ ဝယ်ယူ သုံးစွဲနေကြတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ပေါ်ပေါ်တင်တင် မဟုတ် တဲ့အတွက် ရောင်းသူရော ဝယ်သူကိုပါ အရေးယူဖို့ ခက်တယ်လို့ ဆိပ်ကမ်း အကြီးအကဲ က ပြောပါတယ်။ ဒါပေမယ့် ဖမ်းဆီးမှု တွေလည်း တခါတရံ ရှိတတ်တယ်လို့ သိရတယ်။
အများအားဖြင့် လူသတ်မှုနဲ့ ရန်ဖြစ်မှုလျော့ကျသွားတဲ့အတွက် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ မှုတွေကို အာဏာပိုင် တွေက လျစ်လျူရှုထားပုံပါပဲ။
လှေသမားတဦးရဲ့ တလဝင်ငွေက အနည်းဆုံး ဘတ်ငွေ ၇၀၀၀ ကနေ အများဆုံး ၁၅၀၀၀ ဝန်းကျင် ( မြန်မာကျပ်ငွေ ၂သိန်းခွဲ ဝန်းကျင်မှ ၅ သိန်းဝန်းကျင်) ရရှိပေမယ့် တရားမဝင် စိတ်ကြွမူးယစ်ဆေး တပြားကို ဘတ် ငွေ ၄၀၀ ကနေ ၅၀၀ ( ကျပ်ငွေ တသောင်းခွဲ ) ဝန်းကျင်လောက် ကုန်ကျပါတယ်။ ဈေးကြီးလွန်းလှတဲ့ မူးယစ်ဆေးဝါးတွေ နေ့စဉ် ဝယ်ယူ သုံးစွဲရင်း ရသမျှ ဝင်ငွေတွေဟာလည်းပဲ ကုန်သွားကြပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ မူးယစ်ဆေးတွေ သုံးစွဲလေ့ရှိလာတာကြောင့် မိသားစုတွေဆီ ငွေကြေး မထောက် ပံ့နိုင်တာအပြင် သုံးစွဲသူတွေကိုယ်တိုင် စိတ်ဓာတ် ပိုင်းဆိုင်ရာ ချွတ်ယွင်းပြီး စိတ်မမှန်ဖြစ်သွား သူတွေလည်း ရှိပါတယ်။ စိတ်ဓာတ်တွေ ပုံမှန်မဟုတ်တဲ့အခါမှာ လုပ်ငန်းခွင် အဆင်မပြေမှုတွေ ဖြစ်ပေါ်ပြီး လေလွင့် ဘဝပျက်သွား သူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။
ဆိပ်ကမ်းမှာရှိတဲ့ လှေသမား ထက်ဝက်ကျော်ဟာ မူးယစ်ဆေး သုံးစွဲကြတယ်လို့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ပြောပေမယ့် လှေ သမား တချို့ကတော့ လှေသမား အားလုံးနီးပါး မူးယစ်ဆေးဝါးတွေ သုံးစွဲကြတယ်လို့ဆိုကြပါတယ်။ လှေသမား ၁၀ ဦးရှိရင် ၈ ဦး လောက်က မူးယစ်ဆေးဝါး သုံးစွဲကြပြီး မူးယစ်ဆေး သုံးစွဲမှုဟာ ဒီနှစ် အနည်း အတွင်းမှာ ပိုမိုသုံးစွဲလာကြတယ်လို့ ပြောကြ ပါတယ်။
“အရင်တုန်းကဆိုရင် ဖမာ့(ဗမာ) အချင်းချင်း၊ ဖမာ့-ထားဝယ်၊ ဖမာ့-မွန်၊ ဖမာ့-ရခိုင် အချင်းချင်း မူးပြီးတော့ ရန်ဖြစ်ကြတယ်၊ လူ သတ်မှု တွေဖြစ်ကြတယ်၊ အခုတော့ ရန်ဖြစ်ကြတာ အတော်လေး နည်းသွားပါပြီ၊ လူသတ်မှု နည်းသွားတာကတော့ ကောင်းတဲ့ အ ချက်ပေါ့၊ ဒါပေမယ့် မိသားစုတွေကို မထောက်ပံ့နိုင်တာကတော့ စိတ်မကောင်းစရာပါ”လို့ မစ္စတာ Gorragot က ဆိုတယ်။
လှေဆိပ်မှာ တိုင်းရင်းသားပေါင်းစုံရှိပေမယ့် သူတို့အားလုံးကို ထိုင်းလူမျိုးတွေက ဖမာ့ လို့ပဲ သိ ကြပါတယ်။ ဒါပေမယ့် လှေသမား တွေ ကတော့ မိမိတို့ လူမျိုးစု နာမည်တွေကိုပဲ ပြောဆိုလေ့ရှိတာကြောင့် လူမျိုးစု အလိုက် ဖမာ့ (ဗမာ )၊ ဖမာ့ ထားဝယ်၊ ဖမာ့ မွန်၊ ဖမာ့ ရခိုင် ဆိုပြီး သုံးနှုန်း ပြောဆိုနေရတယ်လို့လည်း ဆိပ်ကမ်း ဒု အကြီးအကဲ မစ္စတာ Gorragot က ဆက် လက် ရှင်းပြပါတယ်။
လှေတစီးရဲ့ အကြီးအကဲကို ရေရှူးလို့ ခေါ်ပြီး လှေအကြီးအကဲတွေမှာ မြန်မာနိုင်ငံသားတွေလည်းရှိသလို ထိုင်းလူမျိုး တွေလည်း ရှိပါတယ်။ လှေရေရှူး တွေဟာ သူတို့သဘောမကျတဲ့ လှေသမားတွေကို ပင်လယ်ထဲ ပစ်ချထားခဲ့ တာမျိုးတွေရှိသလို မတော် တ ဆ ပြုတ်ကျရင်လည်း မဆယ်တော့ဘဲ ဒီအတိုင်း ပစ်ထားခဲ့တာတွေရှိတယ်လို့ လှေသမားတွေ က ဆိုကြပါတယ်။
“ညဘက်တွေမှာ မူးပြီးတော့ မတော်တဆ ပြုတ်ကျတာရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ရေရှူးတွေက လှေကို ရပ်မပေးတော့ ကယ်လို့ မရတော့ဘူးပေါ့။ အဲဒီလို အဖြစ်မျိုး ကျနော် ကိုယ်တိုင်မြင်ဖူးခဲ့တယ်။ စိတ်မကောင်းပေမယ့် မတတ်နိုင်ဘူးလေ။ အဓိ ကတော့ ထိုင်းရေရှူးတွေက အဲဒီလိုမျိုး လုပ်တတ်ကြတယ်”လို့ လှေသမား တဦး က ပြောပါတယ်။
လှေတစီးမှာ လူဦးရေ ၄၀ နဲ့ ၅၀ ဝန်းကျင်ရှိပြီး လှေကိုအုပ်ချုပ်တဲ့ ရေရှူးဆိုသူကတော့ အဲဒီလှေရဲ့ ဘုရင်တပါး ဆိုရင် လည်း မမှားပါဘူး။ လှေပေါ်ပါသူ အားလုံးဟာ သူ့ရဲ့အမိန့်အတိုင်း ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လိုက်နာ ဆောင်ရွက် ပေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ လှေရေရှူး မကျေနပ်တဲ့သူဆိုရင် ပင်လယ်ထဲကို အရှင်လတ်လတ် ပစ်ချခဲ့တာ ဒါမှမဟုတ် သတ်ပြီး ပစ်ချလေ့ ရှိ တာကြောင့်ပါပဲ။
လှေပေါ်မှာ ရေရှူးတွေကို ကြောက်ရသလို ကမ်းပေါ်မှာလည်း ရေရှူးတွေရဲ့ ကတော်တွေကို ကြောက်ရတဲ့အခါ လည်းရှိပါတယ်။ လှေသမားတွေရဲ့ တချို့ဇနီးတွေဟာ အချင်းချင်း ပြိုင်ဆိုင်မှုတွေ၊ မကျေနပ်မှုတွေကြောင့် ရန်ဖြစ် စကားများကြတာရှိပါတယ်။ ဒါပေမယ့် အမျိုးသမီး အချင်းချင်း စကားများတဲ့ ပြဿနာဟာ သူတို့ဆီမှာ ရပ်တန့် မသွားဘဲ သက်ဆိုင်ရာ ခင်ပွန်းသည်တွေဆီကို တိုင်တန်းလေ့ရှိတာကြောင့် သေးငယ်တဲ့ အရာက ပြဿနာ ကြီးထွားသွားတာ မျိုးတွေလည်း ရှိတတ်ကြတယ် လို့ သိရပါတယ်။
အနေကြာနေပြီဖြစ်တဲ့သူ မြန်မာလှေသမားတချို့ကတော့ သူတို့ရဲ့ မြန်မာပြည်မှာရှိနေတဲ့ မိသားစုတွေပါ ထိုင်းကို ခေါ်ယူ ထားပြီး သူတို့ အလုပ်လုပ်နေတဲ့ လှေဆိပ်တွေနဲ့ နီးစပ်ရာ နေရာတွေမှာ နေထိုင်စေပါတယ်။ မြန်မာလှေသမားတွေရဲ့ သားသမီး ကလေး ငယ်တွေကို ပညာသင်ကြားလို့ရအောင် စီစဉ်ပေးထားတယ်လို့ ထိုင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
လှေသမားတချို့ဆိုရင်လည်း ထိုင်းနိုင်ငံ ရောက်နေတာ ဆယ်စုနှစ်ကျော်ရှိနေပေမယ့် အလုပ်အဆင် မပြေတာကြောင့် မိသားစုဆီ ငွေပြန်မပို့နိုင်တဲ့ အတွက် မိသားစုနဲ့ အဆက်အသွယ် လုံး၀ ဖြတ်တောက်ထားတဲ့သူတွေရှိသလို လူကုန်ကူးသူ တွေရဲ့ ရောင်းစား ခံရမှုကြောင့် ထိုင်းငါးဖမ်းလှေတွေပေါ် ရောက်ရှိလာပြီး မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတဲ့ မြန်မာလှေသမားတွေလည်း ရှိနေပါတယ်။
“ကျနော်ဆိုရင် မိသားစုနဲ့ အဆက်အသွယ် မရတာ ၁၀ နှစ်ကျော်ပြီ။ ဟိုတလောက ဆက်သွယ်ကြည့်တော့ အမေနဲ့အဖေ ဆုံးသွားတာ ၄ နှစ်ကျော်ပြီလို့ ပြောကြတယ်၊ ကျနော့် မိန်းမလည်း မကြာသေးခင်ကပဲဆုံးသွားတယ်လို့ အကြောင်းကြားကြ တယ်”လို့ ရခိုင်ပြည်နယ်၊ မာန်အောင်ဒေသ က ကိုထိန်ဝင်း က ပြောပါတယ်။
ဇနီးသည်ရော မိဘတွေပါ ဆုံးပါးသွားကြပြီ ဖြစ်တဲ့အတွက် သူ့မှာ အနာဂတ်ပျောက်နေသလို အိမ်ပြန်ချိန်ဆိုတာလည်း သတ် မှတ်ထားတာ မရှိသေးဘူးလို့ ကိုထိန်ဝင်း က ရှင်းပြပါတယ်။ အနာဂတ်ပျောက်ဆုံးနေတဲ့ အသက် ၃၀ ဝန်းကျင်ရှိတဲ့ ကိုထိန် ဝင်း ဟာလည်း စိတ်ကြွဆေးဝါးတွေကို အဖော်ပြုနေတဲ့ မူးယစ်ဆေးဝါးရဲ့သားကောင်တဦးဖြစ်နေပါပြီ။
“ကျနော့် မိန်းမကို အရမ်းသတိရတဲ့ အချိန်မှာ မေ့ထားနိုင်မယ့် နည်းလမ်းတွေ ကျနော် ရှာဖွေတာပေါ့။ အရင်တုန်း ကတော့ အရက် သောက်ဖြစ်တယ်။ အခု နောက်ပိုင်းတော့ ဆေး တခါတလေ သုံးဖြစ်ပါတယ်”လို့ အနည်းငယ် လေးလံ ထိုင်းမှိုင်းနေတဲ့ လေသံနဲ့ ကိုထိန်ဝင်းက ဆိုပါတယ်။
လှေလုပ်သား အများစုဟာ ပင်လယ်ပြင်မှာ သက်စွန့်ဆံဖျား လုပ်ကိုင်ငွေရှာကြပေမယ့့် ပင်ပန်းသလောက် အလုပ်နဲ့ ထိုက်တန် အောင် လုပ်ခလစာ မရတာကလည်း သူတို့ရဲ့ဘဝတွေကို ပိုမိုဆိုးဝါးစေပါတယ်။ ငွေအနည်းငယ်ပဲ ရတဲ့ အတွက် စိတ်ညစ်၊ စိတ် ညစ်တော့ အရက်သောက်၊ မူးယစ်ဆေး သုံးစွဲရင်းနဲ့ပဲ ဘဝတွေကို ရေစုံမျှောနေသူတွေလည်း မနည်းလှပါဘူး။
တချို့ကလည်း အသက်အန္တရာယ် များလွန်းတာကြောင့် ကိုယ့်နိုင်ငံကို ပြန်ဖို့ လမ်းစရိတ်စုဆောင်းနေကြသူတွေလည်း ရှိပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရင် ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာထက် ဝင်ငွေပိုရမယ်၊ အလုပ်အကိုင် ပေါများ တယ်လို့ ပွဲစား တွေနဲ့ လူကုန်ကူးသူတွေရဲ့ လိမ်လည် ပြောဆိုတာကို နားယောင် ရောက်ရှိလာသူတွေရှိသလို မိမိတို့ ဒေသမှာ လုံး၀ အလုပ် လုပ်စရာ မရှိလို့ ထိုင်းရောက်လာသူတွေလည်းရှိပါတယ်။
မူးယစ်ဆေးဝါးရဲ့ သားကောင် မဖြစ်တဲ့ ထိုင်းရောက် မြန်မာလှေသမားတွေကတော့ အိမ်ပြန်ဖို့ကိုပဲ စိတ်အားထက်သန်နေကြ ပါ တယ်။
“ကျနော်တို့ဆီမှာ ဘာမှ လုပ်စရာ အလုပ်မရှိဘူး။ ရှိတဲ့လယ်ကို စစ်တပ်က သိမ်းပြီး ခရိုနီတွေကို ရောင်းစားလိုက်တော့ လုပ်စရာ အလုပ်မရှိတော့ဘူးလေ။ အဲတော့ ဖြစ်ချင်တာ ဖြစ်ပါစေ ဆိုပြီး ထိုင်းလာခဲ့တာ ပိုဆိုးတယ်။ အထူးသဖြင့် အသက်အန္တရာယ် စိုးရိမ် ရတယ်။ အခု ကျနော် အိမ်ပြန်ဖို့ လမ်းစရိတ် စုနေတယ်၊ ရတာနဲ့ ပြန်မယ်”လို့ ဧရာဝတီတိုင်း၊ ဘိုက လေး မြို့နယ်သားဖြစ်တဲ့ လှေ သမား ဦးမျိုးမြင့် က ပြောပါတယ်။
၅ နှစ် အရွယ်သားလေးနဲ့ ၃ နှစ် အရွယ်သမီးငယ်လေးတို့ရဲ့ အနာဂတ်အတွက် ထိုင်းနိုင်ငံကို လာခဲ့ပေမယ့် မတော်တဆ သူဆုံးပါး သွားခဲ့ရင် သားလေးနဲ့သမီးလေးတို့ဟာ ဖအေမဲ့ဘ၀ ရောက်သွားမှာကို အရမ်းစိုးရိမ်တယ်လို့ ဦးမျိုးမြင့်က ဆိုပါတယ်။ အိမ်ပြန် လမ်းစရိတ် ရဖို့အတွက် ချွေတာစုဆောင်းနေပြီး ထိုင်းနိုင်ငံကို ရောက်တာ ၂ နှစ်နီးပါး ရှိနေပြီ ဖြစ်ပေမယ့် ရတဲ့ လုပ်အားခကို ပွဲစား ခ ပေးနေရတာကြောင့် အိမ်ပြန်လမ်းစရိတ် မပြည့်သေးဘူးလို့ သူက ပြောပါတယ်။
“ဒီကပင်လယ်မှာ အလုပ်လုပ်ရတာ သေဖို့က အတော်လွယ်တယ်ဗျ။ ကျနော်မရှိရင် သားလေးနဲ့သမီးလေး က အဖေမဲ့ဖြစ် သွား မယ်လေ။ အဲတော့ ကျနော့် မိသားစုနဲ့အတူနေပြီး ကိုယ့်ဒေသမှာပဲ ရရာအလုပ်ကို ပြန်လုပ်တော့မယ်”လို့ ဦးမျိုးမြင့် ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ကြတဲ့ လှေသမားတွေဟာ လုပ်ကိုင်ရတဲ့ အလုပ်က အသက်အန္တရာယ် ရှိမှန်းမသိတာရယ် ငွေများ များရမယ် ဆိုတဲ့ စိတ်ကူးအတွေးနဲ့ လာရောက် လုပ်ကြတာဖြစ်ပြီး လက်တွေ့ အလုပ်လုပ်တဲ့ အချိန်မှာတော့ လုပ်ငန်းခွင် ပင်ပန်း ဆင်းရဲမှုတွေကြောင့် ရမယ့်ငွေကိုလည်း မလိုချင်တဲ့အထိ စိတ်ပျက်၊ စိတ်ဆင်းရဲရတယ်လို့ လှေသမား တချို့က ဆိုတယ်။
ကိုယ့်မိခင်နိုင်ငံမှာသာ အလုပ်အကိုင်အခွင့် အလမ်းတွေရှိနေမယ်ဆိုရင် ငွေဘယ်လောက်ပဲရရ အချိန် မရွေး သေသွားနိုင်တဲ့ အန္တ ရာယ်များတဲ့ ထိုင်းနိုင်ငံက လှေသမားဘ၀ အလုပ်တွေကို မလုပ်ကိုင်ချင်ကြောင်း၊ သူတပါး တိုင်းပြည်မှာ ကျွန်မခံနိုင်ကြောင်း လှေ သမား ဦးမျိုးမြင့်က ပြောပါတယ်။
“ကိုယ့်နိုင်ငံမှာ တလ ၅ သောင်းပဲ ရဦး၊ ဒီမှာက ၂ သိန်း ရမယ်ဆိုရင်တောင် ကိုယ့်ဒေသမှာ ကိုယ့်မိသားစုနဲ့ပဲ အတူနေပြီး ရတဲ့ငွေလေးနဲ့အဆင်ပြေအောင်နေမယ်။ ဒါပေမယ့်ဗျာ ဘာမှ လုပ်စရာ မရှိတော့လည်း ကျနော့်လိုပဲ ဒုက္ခခံနေရသူ တွေအများ ကြီးပဲ”လို့ သူက ဆိုပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံမှာ အနေကြာပြီး မိသားစုနဲ့အတည် တကျ ဖြစ်နေသူတွေ၊ စီးပွားရေးအရ အဆင်ပြေသူတွေကတော့ မြန်မာနိုင် ငံ ကို ပြန်ဖို့ ဆန္ဒမရှိကြသေးပါဘူး။ ထိုင်းလှေပိုင်ရှင်တွေကလည်း ထိုင်းလူမျိုးလှေလုပ်သားတွေ ထက် အလုပ် မရွေး တာ၊ အမိန့်နာခံတာ၊ လုပ်အားခ ပေးရတာ နည်းပါး တာတွေကြောင့် မြန်မာလှေသမား တွေကို ပိုမိုနှစ်သက် ကြပါတယ်။ ဒါကြောင့် မြန်မာလှေသမားတွေ နေရပ်ပြန်သွားမှာကို ထိုင်းလုပ်ငန်းရှင်တွေ အတော်စိုးရိမ်ကြပါတယ်။
“ဒီဆိပ်ကမ်းနားမှာပဲ ဈေးဝယ် စင်တာကြီး တခုဆောက်ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ဖမာ့တွေ အလုပ်ရဖို့၊ စား၊ ဝတ်၊ နေရေး တွေ အဆင်ပြေအောင်အတွက်ပါ။ အလုပ်တွေ အဆင်ပြေ၊ ဝင်ငွေကောင်းနေရင် သူတို့ဒီမှာပဲ နေကြမှာပေါ့”လို့ ဆိပ် ကမ်း အကြီး အကဲ ကပြောပါတယ်။
ဒါ့အပြင် လှေသမားမိသားစုတွေရဲ့ ကလေးတွေ ကျောင်းနေနိုင်အောင်လည်း အနီးအနားက ကျောင်းတွေမှာ သက်ဆိုင်ရာ အာ ဏာပိုင်တွေ က စီစဉ်ပေးထားတဲ့အပြင် မြန်မာလှေသမားတွေရဲ့ သာရေး၊ နာရေး ကိစ္စတွေအတွက် ပုလဲနှင့်ငါး ငြိမ်းချမ်းမှု လုံခြုံ ထိန်း သိမ်းရေး အဖွဲ့ (ဖူးခက်) တခုကို ဖွွဲ့ခွင့်ပေးထားပါတယ်။ အဲဒီအဖွဲ့ကို မြန်မာနိုင်ငံ သားတွေ ကပဲ ဦးဆောင်ကြပြီး မြန်မာလှေ သမားတွေနဲ့ မိသားစုတွေအတွက် စာကြည့်တိုက်ငယ် တခုကိုလည်း တည်ထောင် ထား ကြပါတယ်။
မြန်မာလှေသမားတွေအနေနဲ့ အရင်က အချင်းချင်း ရန်ဖြစ် သတ်ဖြတ်တာတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ စည်းလုံးမှု အတန် အသင့် ရနေပါပြီလို့လည်း ဆိပ်ကမ်း အကြီးအကဲက ဆိုပါတယ်။ အဲဒီလို စည်းလုံးမှု ရှိလာအောင် မြန်မာ အလုပ်သမား ခေါင်း ဆောင်တွေနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး စည်းရုံးမှုတွေကြောင့်လို့ ပြောကြပါတယ်။
မြန်မာအလုပ်သမားတွေကို အားကိုးအားထား ပြုနေရတဲ့ ထိုင်းနိုင်ငံရဲ့ ပြည်ပ ပို့ကုန် လုပ်ငန်းတွေထဲမှာ ပင်လယ်ထွက် ကုန် ပစ္စည်းဟာ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် မြန်မာလှေသမား ရေလုပ်သားတွေကိုလည်းပဲ အမြဲလိုအပ်နေ မှာ ဖြစ် သလို အလုပ်အကိုင် အခွင့်အလမ်းကလည်းပဲ အမြဲရှိနေမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းရတဲ့ အလုပ်ဟာ အသက်အန္တရာယ်အတွက် စိတ်မချရတာကြောင့် အခွင့်အလမ်း ဘယ်လောက်ပဲ ရှိရှိ၊ ငွေဘယ်လောက်ပဲ ရရ အိမ်ပြန်ဖို့ ဆုံးဖြတ်ထားတဲ့ ဦးမျိုးမြင့်လို မြန်မာလှေသမားတွေလည်း အများအပြား ရှိပါတယ်။
“ကိုယ့်နိုင်ငံသားတွေကို အဓိက ပြောချင်တာကတော့ အရက်လျော့သောက်ကြဖို့၊ မူးယစ်ဆေး မသုံးစွဲကြဖို့ပါပဲ။ မဟုတ်ရင် တော့ အလုပ်ကျွန် ဘဝက မကျွတ်နိုင်ကြသလို မူးယစ်းကျေးကျွန် ဘဝကလည်းပဲ ကျနော်တို့တွေ ရုန်းထွက်နိုင်မှာ မဟုတ် တော့ ဘူး ဗျာ”လို့ ဦးမျိုးမြင့်က ပြောဆိုပါတယ်။