နိုင်ငံရဲ့ ဘယ်အရပ်ဒေသမှာပဲ နေထိုင်သူဖြစ်ပါစေ နိုင်ငံသား တယောက်အတွက် လုံခြုံမှုရှိဖို့ အထူးအရေးကြီးပါတယ်။ လူအဖြစ် နေထိုင်ရှင်သန်ရေးမှာ လုံခြုံမှုရှိမှသာ သာယာကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံမှုရှိဖို့ဆိုတာ “တရားဥပဒေ စိုးမိုးရေး” နဲ့လည်း ဆက်စပ်နေပါတယ်။
“တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့စကားဟာ လက်ရှိအစိုးရ လက်ထက်မှာ အရင်ကထက် ပိုမိုကျယ်လောင်လာနေတာပါ။ ဒါပေမယ့် ပကတိ အခြေအနေမှာ အမျိုးသမီးတွေ အပါအဝင် လူထုကြားမှာ လုံခြုံမှုမရှိတာ၊ လူသတ်မှုနဲ့ ရာဇဝတ်မှုတွေ များပြားလာနေတာ၊ မုဒိမ်းမှုတွေ များလာတာတွေက တရားဥပဒေ စိုးမိုးမှု အားနည်းနေကြောင်း သက်သေပြနေတာပါပဲ။
|
သြဂုတ်လ ၂၆ ရက်နေ့ ည ရး၃၀ နာရီအချိန်က ဒဂုံမြို့နယ် ဦးဝိစာရအိမ်ယာမှာ နေထိုင်တဲ့ တက်သစ်စ မော်ဒယ်လ် သရုပ်ဆောင် “အေးချမ်းမြတ်မိုး” ဟာ လည်ပင်းကို ဓားနဲ့ထိုးခံခဲ့ရပြီး သေဆုံးခဲ့ရရှာပါတယ်။ အသက် ၂၀ အရွယ်ပဲ ရှိသေးတဲ့ ဘဝအတွက် တက်လမ်း အများကြီးရှိတဲ့ မိန်းကလေးတယောက် အသတ်ခံလိုက်ရတာဟာ နှမြော ကြေကွဲစရာပါ။ သတ်တဲ့အချိန်က ညဉ့်နက်သန်းခေါင် မဟုတ်ဘဲနဲ့ ည ၇ နာရီခွဲပဲ ရှိသေးတာက အံ့သြစရာပါ။ ပြီးတော့ ဦးဝိစာရအိမ်ယာက ရန်ကုန်မြို့လယ်မှာပဲရှိတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ လတွေမှာလည်း တရားဥပေဒ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ လူသတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဇွန်လထဲမှာ မင်္ဂလာဒုံပန်းခြံထဲမှာ အသက် ၃၂ နှစ်အရွယ် မိန်းကလေး တယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ ပန်းခြံလိုနေရာမှာ လူသတ်မှုကို လက်ရဲဇက်ရဲ ကျူးလွန်ရဲတာဟာ မေးခွန်း ထုတ်စရာပါ။ ကျူးလွန်တဲ့ တရားခံကို ဖမ်းဆီးမိပေမယ့်လည်း တချို့အမှုတွေမှာတော့ တရားခံကို ဖမ်းမမိတာ တွေလည်း ရှိပါတယ်။
တခါ ဇွန်လထဲမှာပဲ လှိုင်သာယာမြို့နယ်ထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို ဆိုင်ရဲ့ CCTV ကနေ မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းကို ကြည့်ရသူတိုင်း တုန်လှုပ်ခြောက်ခြားခဲ့ကြရပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်ကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို နေ့ခင်းကြောင်တောင် သတ်သွားလို့ပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးရဲ့ အဆိုအရ ၂၀၁၄ ခုနှစ် သြဂုတ်လထဲမှာ လူသတ်မှု ၁၀၉ မှု၊ မုဒိမ်းမှု ၅၆ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၁၀၉ မှုမှာ ၄၈ မှုကိုပဲ တရားစွဲဆိုနိုင်သေးသလို ကျူးလွန်သူ ဖမ်းမမိသေး တာလည်း ရှိနေပါတယ်။
အမျိုးသမီးတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ ကိစ္စရပ်တွေထဲမှာ မုဒိမ်းမှုနဲ့ လူကုန်ကူးခံရမှုတွေလည်း ပါဝင်နေပါတယ်။ အထူးသဖြင့် မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေဟာ ငယ်ရွယ်လွန်းတဲ့သူတွေ ဖြစ်နေတာက စိုးရိမ်စရာ ကောင်းနေပါတယ်။ အသက် ၅ နှစ်ကနေ ၈ နှစ်၊ ၁၀ နှစ်ကြား မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတဲ့ အကြောင်းရင်းထဲမှာ မိဘတွေက အပြင်ထွက် အလုပ်လုပ်ရတာ၊ ညစ်ညမ်းခွေတွေ ကြည့်တဲ့သူများလာတာ၊ သူစိမ်းယောက်ျားတွေက မိန်းကလေးတွေကို အယုံသွင်း ပြောဆိုနေတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။ သက်ငယ် မုဒိန်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းသူ ရှိပေမယ့်လည်း အဲဒီအဆိုဟာ ရှုံးနိမ့်ခဲ့ရပါတယ်။
တကယ်လို့ မုဒိန်းမှုကျူးလွန်သူတွေကို ထိရောက်တဲ့အပြစ်ဒဏ် ပေးနိုင်မယ်ဆိုရင် ကျူးလွန်တဲ့သူ လျော့ကျသွားမှာပါ။ မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေ ရသွားသလို ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံတာပါ ခံရတဲ့အတွက် သူတို့ရဲ့နစ်နာမှုကို ထည့်သွင်းစဉ်းစားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ တရုတ် နိုင်ငံဘက်ကို ဇနီးမယားအဖြစ် ရောင်းစားခံနေရတဲ့ မိန်းကလေးတွေအတွက် ဥပဒေအရ အကာအကွယ်ပေးဖို့လိုသလို အထူးသဖြင့် လူပွဲစားတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လိုအပ်နေတာပါ။
မိန်းကလေးတွေအတွက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ လူငယ်တွေကြားမှာလည်း လုံခြုံမှုမရှိတဲ့ပြဿနာ တွေ့နေရပါတယ်။ အုပ်စုဖွဲ့ ရိုက်နှက်ခံရတာ၊ လုယက်ခံရတာတွေ ရှိနေသလို စိတ်ကြွဆေး သုံးစွဲနေတဲ့ လူငယ်တွေ များလာတာဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ လူငယ် ၁၀ ယောက်မှာ ၆ ယောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ သိပ်မကြာမီက ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတစောင်က ဆိုပါတယ်။ ပတ်ဝန်းကျင်မှာ အရက်လှိုင်ဘောလယ် ဝယ်လို့ သောက်လို့ ရနေတာကလည်း ရာဇဝတ်မှုဖြစ်ပွားစေတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။
ရာဇဝတ်မှုတွေ ဖြစ်ပွားမှုဟာ နိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့လည်း ပတ်သက်ဆက်နွှယ်နေပါတယ်။ စီးပွားရေး ကောင်းမွန်ပြီး နိုင်ငံသားတိုင်းသာ သူတို့အတွက် လုံလောက်တဲ့ဝင်ငွေ ရှိနေရင် ခိုးမှု၊ လုယက်မှုတွေ အလိုအလျောက် လျော့ကျသွားမှာပါ။ တချို့သော လူသတ်မှုတွေကို လေ့လာကြည့်မယ်ဆိုရင် နားကပ်လေးတရံ၊ လက်စွပ်လေး တကွင်း အတွက်ကိုပဲ လူ့အသက်ကို သတ်တာတွေ့ရပါတယ်။ အဆင်မပြေမှုတွေ များလာတဲ့အခါ လူသတ်ရမှာကို မကြောက် တော့တာ၊ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ အတွေးတွေ ဝင်လာတော့တာပါပဲ။ ဒါကြောင့် “အူမတောင့်မှ သီလစောင့်နိုင်တယ်” ဆိုတဲ့စကားက မှန်ကန်နေပါတယ်။
ပခုံးချင်းတိုက်မိတာလေးနဲ့ လူသတ်တဲ့အထိ ဖြစ်ရတဲ့ဖြစ်စဉ်ဟာ ရန်ကင်းမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ လူတယောက်ကို ခေါင်းပြတ်တဲ့အထိ ရက်ရက်စက်စက် သတ်နေတာကို အဲဒီရပ်ကွက်ကို အုပ်ချုပ်နေသူတွေက မတားဆီးနိုင်ခဲ့တာကလည်း မေးခွန်းထုတ်စရာပါ။ နောက်ဆုံး ရပ်ကွက်လူထုက မခံမရပ်နိုင် ဖြစ်လွန်းပြီး ဆန္ဒထုတ်ဖော်ရတဲ့အဆင့်ထိ ဖြစ်လာခဲ့တာပါ။ ပတ်ဝန်းကျင်မှာ မူးယစ်ရမ်းကားနေတဲ့သူတွေ ရှိနေတာကို လျစ်လျူရှုနေတာ၊ လူမိုက်အမည်ပေါက်တွေ သောင်းကျန်း နေတာကို အရေးမယူတာ၊ လောင်းကစားဝိုင်းတွေကို လွှတ်ပေးထားတာတွေက တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ် နေတာပါပဲ။
ကျမတို့ဟာ ဘယ်အရပ်ဒေသကိုပဲသွားသွား နောက်ကျောလုံလုံနဲ့ သွားနိုင်ဖို့ အရေးကြီးပါတယ်။ “အဲဒီနေရာကို မသွားရဲ ပါဘူး ကိုယ့်ကိုရိုက်သတ်သွားရင်တောင် ဘာမှမတတ်နိုင်ဘူး” လို့ ပြောလာရရင် တရားဥပေဒ စိုးမိုးမှုမရှိတာ သိသာနေ ပါပြီ။ တချို့သော ရာဇဝတ်မှုတွေအတွက် ချမှတ်တဲ့ပြစ်ဒဏ်က နည်းလွန်းတော့ လူဆိုး၊ လူမိုက်တွေကို အယားဖျောက် သလို ဖြစ်နေတာတွေကို ထည့်စဉ်းစားရမှာပါ။ ဥပမာအားဖြင့် လူသတ်မှုအတွက် ထောင် ၅ နှစ်လောက်ပဲချ၊ ထောင်ထဲမှာ တနှစ်၊ နှစ်နှစ်ပဲနေ၊ တခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာဆိုရင် မုန့်လုံး စက္ကူကပ် ဇာတ်လမ်းတွေ ဆက်ဖြစ်နေ မှာပါပဲ။
တခါတုန်းက စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်စာတမ်း တွေ့တာနဲ့ ထောင်ဒဏ် အနှစ် ၂၀ လောက်အထိ ပြစ်ဒဏ်ချမှတ် တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်မကျူးလွန်ဘဲနဲ့ ဗုံးဖောက်ခွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ် ခံရတာတွေတောင် ရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ အပြစ်မရှိတဲ့သူတွေကို ဥပဒေရဲ့ အကာအကွယ်ပေးဖို့လည်း ပါဝင်တယ်ဆိုတာ မမေ့သင့်ပါဘူး။
တရားဥပဒေ စိုးမိုးရေးရဲ့ အခြေခံသဘောတရားကို ဇယားဆွဲကြည့်ရင် Rule of Action (လူ့ကျင့်စဉ်)၊ Rule of Conduct (အပြုအမှုဆိုင်ရာ စည်းကမ်းချက်)၊ Law (ဥပဒေ)၊ Customary Law (ဓလေ့ထုံးတမ်း ဥပဒေ)၊ Statute Law (ပြဋ္ဌာန်းဥပဒေ)၊ Domestic Law/ National Law (ပြည်တွင်းဥပဒေ) ရယ်လို့ ဆက်စပ်နေတာ တွေ့ရပါတယ်။ ဥပဒေရဲ့ ပင်ကိုယ်လေးနက်မှု၊ ဥပဒေ သဘောတရားတွေနဲ့ ဥပဒေနောက်ခံ သမိုင်းလမ်းကြောင်းပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့တဲ့ တရားဥပဒေ စိုးမိုးရေးကို အနက်အဓိပ္ပာယ် ဖော်ညွှန်းရာမှာ နိုင်ငံရဲ့ အာဏာကြီး ၃ ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုတဲ့ နယ်ပယ်အသီးသီးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အယူအဆအဖြစ်လည်း တွေ့မြင်နိုင်ပါတယ်။
တရားဥပဒေ စိုးမိုးရေး အားနည်းနေတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဥပမာတခုကို ထုတ်နုတ်ပြောပြချင်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေရဲ့ ပုဒ်မ ၂၀ (ခ) မှာ “မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ယင်းသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း ပြုလုပ်ရန် ဆက်သွယ်ခြင်းတို့ကို မည်သူမဆို ပြုလုပ်ပါက ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် လက်တွေ့မှာ မူးယစ်ရာဇာတွေရဲ့ သားသမီးတွေ စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေတာ၊ မူးယစ်ဆေး ရောင်းဝယ်ရာက ရလာတဲ့ငွေမည်းတွေကို အိမ်၊ ခြံ၊ မြေမှာ ရင်းနှီးမြှပ်နှံပြီး ငွေကြေးခဝါချနေတာ၊ တချို့ မူးယစ်ရာဇာတွေဟာ ထိုက်သင့်တဲ့ပြစ်ဒဏ် မခံရဘဲ ဘုရားဒကာ၊ ကျောင်းဒကာ အဖြစ်ပါ ခံယူခွင့်ရခဲ့တာတွေဟာ တရားဥပဒေ စိုးမိုးရေး အားနည်းတာ သိသာထင်ရှား လွန်းနေပါတယ်။
ကျမတို့ဟာ ကိုယ့်အိမ်ထဲမှာပဲနေရင်း တခြားသူတွေရဲ့ စိတ်အနှောင့်အယှက်ပေးမှုကို ခံနေရဆဲပါ။ တခြားအခန်းတွေက နားမခံသာအောင် သီချင်းတွေဖွင့်ကြတာ၊ အုပ်စုလိုက် အရက်ဝိုင်းဖွဲ့ပြီး အော်ဟစ်ဆူညံနေတာတွေကို ကြိတ်မှိတ် သည်းခံရတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ တကယ်လို့ တရားဥပဒေသာ စိုးမိုးမယ်ဆိုရင် ဖုန်းလေးတချက် ဆက်လိုက် ရုံနဲ့ တာဝန်ရှိသူတွေရောက်လာပြီး အဲဒီလို အနှောင့်အယှက် ပေးနေသူတွေကို အရေးယူနိုင်မှာ ဖြစ်ပါတယ်။
လူထုကြားမှာ ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အသိတွေရှိဖို့ လိုပါတယ်။ ကိုယ်တိုင်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရ တာကို ဥပဒေဘောင်အတွင်းကနေ ကျမတို့ တောင်းဆိုပိုင်ခွင့် ရှိရပါမယ်။ အထူးသဖြင့် နိုင်ငံတနိုင်ငံမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာမို့ လူငယ်ထုအနေနဲ့ ဥပဒေနဲ့ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်သင့်ပါတယ်။
ကြုံကြိုက်လို့ပြောရရင် ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ဒဂုံတက္ကသိုလ် ဥပဒေပညာဌာန ပြုလုပ်တဲ့ “သရုပ်ပြ တရားရုံး” တင်ဆက်မှုကို သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ တကယ့်တရားခွင်မှာ စစ်ဆေးသလို ဥပဒေပညာ သင်ယူနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင် ပါဝင်တင်ဆက်တာ ဖြစ်ပါတယ်။ ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရခဲ့သလို ဒီလို “သရုပ်ပြ တရားရုံး” တင်ဆက်မှုကနေ တရားခွင် စစ်ဆေးမှု၊ တရားရုံးတွေကနေ လက်တွေ့ကျင့်သုံးနေတဲ့ အမှုစစ်ဆေးနည်း ကျင်ထုံးနည်းလမ်း၊ ဥပဒေ၊ နည်းဥပဒေတို့ကို ပိုမိုသဘောပေါက် နားလည်လာစေတဲ့ အကျိုးကျေးဇူးပါ ရရှိနိုင်ပါတယ်။ ဥပဒေပညာကို သင်ယူနေတဲ့သူမှ မဟုတ်ပါဘူး လူတိုင်းလူတိုင်း ဥပဒေကို နားလည်သဘောပေါက်မှသာ “အခွင့်အရေး” နဲ့ “တာဝန်” ကို ခွဲခြားသိမြင်လာမှာ ဖြစ်ပါတယ်။
စားကောင်းခြင်း စားရဖို့၊ အိပ်ကောင်းခြင်း အိပ်ရဖို့၊ ကောင်းကောင်းမွန်မွန် အသက်မွေးဝမ်းကျောင်းနိုင်ဖို့၊ ထိတ်လန့် ကြောက်ရွံ့ရခြင်း တွေက ကင်းဝေးစေဖို့ “လုံခြုံမှု” ရှိဖို့ လိုပါတယ်။ လုံခြုံမှုရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှသာ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လူသားတွေ ဖြစ်လာမှာပါ။
“တရားဥပဒေ စိုးမိုးရေး” ဟာ ဟန်ပြသက်သက်၊ ကြွေးကြော်သံ သက်သက်နဲ့ အလုပ်မဖြစ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဘယ်အရပ်ဒေသမှာမဆို တရားဥပဒေ စိုးမိုးစေဖို့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား ကျောသား၊ ရင်သား မခွဲခြားဘဲ အရေးယူဖို့ လိုအပ်နေသလို တရားဥပေဒ တကယ်စိုးမိုးမှသာ လူ့ဂုဏ်သိက္ခာနဲ့ ပြည့့်ဝတဲ့၊ လူဖြစ်ရကျိုးနပ်တဲ့ လုံခြုံတဲ့ လူသားဘဝတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြဆွေးနွေး လိုက်ရပါတယ်။