ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်း ကမ်းခြေဒေသတွင် တည်ဆောက်မည့် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကုန် ကျမည် ဖြစ်သော ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ဒေသခံများက ကန့်ကွက်ကြောင်း သိရ သည်။
ယင်းစီမံကိန်းကို ဦးဆောင်၍ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် အေဝမ်း စွမ်းအင် ကုမ္ပဏီနှင့် ဧရာဝတီတိုင်း အစိုးရတို့က စက်တင်ဘာ ၁၃ ရက်တွင် ငရုတ်ကောင်းမြို့ရှိ ဒေသခံလူထုအား စီမံကိန်းအကြောင်း ရှင်းလင်းပြောဆိုရာ အများစုက လက်မခံဘဲ ဆန့်ကျင်ကန့်ကွက် ခဲ့ကြခြင်း ဖြစ်သည်။
ငရုတ်ကောင်းမြို့နယ် ကြွေဂျိုင် ကျေးရွာမှ ဒေသခံ ကိုအောင်သန်းက “ကျောက်မီးသွေးရဲ့ မီးခိုးတွေ၊ ပြာတွေက လူအများကို ထိခိုက်နိုင်တယ်လေ။ သူတို့က လူတွေ၊ ပတ်ဝန်းကျင်တွေကို မထိခိုက်အောင်၊ ဘယ်လို ထိန်းသိမ်းမှာလဲ၊ တကယ်ရော ထိန်းသိမ်းပေးမှာလား။ စက်ရုံကြီး ဆောက်ပြီးကာမှ လူတွေ ထိခိုက်လို့ ဒါကြီးကို ဖျက်လို့ ကျနော်တို့ ပြောလို့ မရတော့ဘူးလေ။ ဒါကြောင့် သဘော မတူ တာပါ”ဟု ဧရာဝတီကို ပြောပြသည်။
ထို လျှပ်စစ်ဓာတ်အားပေး စက်ရုံကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အေဝမ်းစွမ်းအင် ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ Japan Consortium Group ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ရန် သဘောတူထားသည်ဟု အေဝမ်းစွမ်းအင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။
လျှပ်စစ် မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်မည့် စက်ရုံ ၂ ခု တည်ဆောက်ရန် အတွက် ဂျပန်နှင့် မြန်မာကုမ္ပဏီတို့က ၃၀ ရာခိုင်နှုန်း ထည့် ဝင် မည် ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်များမှ ချေးငွေများ ရယူ တည်ဆောက်သွားမည် ဖြစ် သည် ဟု ဦးရန်ဝင်းက ဆက်ပြောသည်။
“ဒီစီမံကိန်းက စက်ရုံ ၂ ခုလုံးအပြီးဆိုရင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျပါမယ်။ ဒါကြောင့် ၃၀ ရာခိုင်နှုန်းကို ဂျပန်ကုမ္ပဏီ ၄၊ ၅ ခု ပါတဲ့ အုပ်စုနဲ့ အေဝမ်း ကုမ္ပဏီက ထည့်မယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို အတိုးနှုန်း သက်သာတဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်ကနေ ချေးငွေ ယူပါမယ်”ဟုလည်း ၎င်းက ဆိုသည်။
ထိုစီမံကိန်းအား တည်ဆောက်ချိန် ၃ နှစ်ကြာမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းသည် ကျောက်မီးသွေး အဆင့်မြင့်နည်းပညာသုံး စက်ရုံဖြစ်သည့်အတွက် သဘာဝပတ် ဝန်းကျင်နှင့် လူအများ ကျန်းမာရေး မထိခိုက်စေရန် ရာနှုန်းပြည့် တာဝန်ယူသည်ဟု ဦးရန်ဝင်းက ပြောဆိုသည်။
“ဂျပန်နိုင်ငံနဲ့ တည်မယ့် ကျောက်မီးသွေး စက်ရုံဆိုတာ အဆင့်မြင့် နည်းပညာ အသုံးပြုထားတဲ့ အတွက် လူတွေ၊ သတ္တဝါတွေ၊ သဘာ၀ ပတ်ဝန်းကျင်တွေ မထိုက်စေဖို့ ရာနှုန်းပြည့် တာဝန်ယူပါတယ်”ဟု ၎င်းက ပြောသည်။
စီမံကိန်း အတွက် ငရုတ်ကောင်းကမ်းခြေ ဒေသမှ မြေဧက ၁၀၀ မှ ၂၀၀ ကြား အသုံးပြုမည် ဖြစ်သည့်အတွက် ကျေးရွာများ ရွှေ့ပြောင်းရခြင်း၊ အလုပ်အကိုင်များ ဆုံးရှုံးခြင်းနှင့် လယ်၊ ဥယျာဉ်ခြံမြေများ သိမ်းဆည်းခံရမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြ ကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း သဘာဝပ တ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ငန်း လုပ်ဆောင်နေသည့် Beautiful Land (လှပသောမြေ) အဖွဲ့ဝင် ဦးမြင့်အောင်က “ဘယ်လိုပဲ သန့်စင်ပါစေ ကျောက်မီးသွေး မီးလောင်ရင် အာဆင်းနစ်နဲ့ မာကျူရီ မထွက်ဘဲ မနေဘူး။ ဒါကြောင့် အဲဒီနေရာမှာ အနှေးနဲ့ အမြန် ဆိုးကျိုး ခံစားရနိုင်တယ်”ဟု ပြောဆိုသည်။
ဓာတ်အားပေးစက်ရုံ အတွက် အသုံးပြုမည့် ကျောက်မီးသွေးများကို အင်ဒိုနီးရှားနှင့် သြစတြေးလျ နိုင်ငံများမှ သင်္ဘောဖြင့် မှာယူ အသုံးပြုမည် ဖြစ်ပြီး ဓာတ်အားပေး စက်ရုံနှင့်အတူ တန်ချိန် ၈ သောင်း အထိ တင်ဆောင်နိုင်မည့် ပင်လယ်ကူး ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း တခုကိုပါ ပူးတွဲ တည်ဆောက်သွားမည့် နားလည်မှု စာချွန်လွှာကို မြန်မာအစိုးရနှင့် ကုမ္ပဏီများ အကြား ၁ နှစ်သက်တမ်း MOU ရေးထိုးရန် ပြင်ဆင်နေသည်ဟု အေဝမ်းစွမ်းအင် ကုမ္ပဏီမှ သိရသည်။
ဧရာဝတီတိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောမြသိန်းက ထိုစက်ရုံ တည်ဆောက်နိုင်ခဲ့ပါက ရရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ငရုတ်ကောင်း ဒေသအပြင် ဧရာဝတီတိုင်း အတွင်းရှိ မအူပင်၊ မြောင်းမြနှင့် ပုသိမ် စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးပို့နိုင်မည်ဖြစ်ပြီး တိုင်းအတွင်းရှိ မီးမလင်းသော ကျေးရွာပေါင်း ၅,၆၀၀ ကျော်ကို မီးပေးနိုင်မည် ဖြစ်သည်ဟု ပြောဆိုသည်။
ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲသည် မြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာပေါင်း ၆၈ ရွာရှိပြီး လူပေါင်း ၃၅၀၀၀ ကျော် အခြေချ နေထိုင်သည့် ပင်လယ်ကမ်းခြေ ဒေသ ဖြစ်သည်။