၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ညသန်းခေါင် ၁၂ နာရီလောက်မှာ မီးက လည်းပျက်နေ၊ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်လည်း ရှိနေတာကြောင့် တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ငွေကြာယံ ကျောင်းတိုက် ဝင်းတံခါးကို ပိတ်ပြီး သံဃာ ငယ်တချို့က မအိပ်ဘဲနေချိန်မှာ ကျောင်းတိုက် အဝင်လမ်းမအတိုင်း စစ်ကား ၂ စီးက မီးထိုးပြီး ဝင်လာပါတယ်။
စစ်သားတွေက ကျောင်းတံခါးကို ဖွင့်ခိုင်းပေမယ့် ကျောင်းထဲက သံဃာတွေက မဖွင့်ပေးတာကြောင့် အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့အတွက် ကျောင်းတိုက်ထဲကနေပြီး သံဃာနဲ့ ကျောင်းနေပြည်သူတချို့က အုတ်ခဲကျိုး၊ ခဲတွေနဲ့ ပြန်ပစ်ရင်း ရုန်းရင်းဆန်ခတ် စတင်ဖြစ်လာပါတယ်။
များမကြာမီအချိန်မှာပဲ စစ်ကားကြီးက ကျောင်းတိုက်ရဲ့ တောင်ဘက်ဝင်းတံခါးကို အတင်းဖျက်ပြီး သံဃာနဲ့ လူထုကို သေနတ်နဲ့ စတင်ပစ်ခတ်ပါတော့တယ်။ အဲဒီအခါမှာ အားလုံး ဝရုန်းသုန်းကားနဲ့ ကျောင်းဆောင်တွေထဲကို ဝင်ပြေးကြသူက ပြေး၊ ကျောင်းတိုက်အပြင်ဘက် ရပ်ကွက်ထဲကို ဝင်ပြေးကြသူက ပြေးနဲ့။
စစ်ကားပေါ်က စစ်သား ၂၀ဝ ကျော်ကလည်း တွေ့သမျှ သံဃာ၊ ပြည်သူတွေအားလုံးကို ရော်ဘာတုတ်၊ ဝါးရင်းတုတ်၊ သံတုတ်တွေနဲ့ ရိုက်နှက်၊ ကျောင်းဆောင်တွေကို ဖျက်ဆီး၊ ကျောင်းရှိ ပရိဘောဂတွေကို ဖျက်ဆီး။ တွေ့သမျှလူနဲ့ သံဃာတွေ ကို ဖမ်းဆီးခေါ်ဆောင်သွားတာ အားလုံးပေါင်း ၁၅၀ ဝန်းကျင် လောက်ရှိမယ်လို့ ငွေကြာယံ ကျောင်းတိုက်က အဲဒီနေ့ညမှာ ကိုယ်တိုင်ပါဝင် တွေ့ကြုံခဲ့ကြရတဲ့ သံဃာတချို့က တညီတညွတ်တည်း ပြန်ပြောပြတယ်။
အဲဒီနေ့ည ငွေကြာယံ ကျောင်းတိုက်ထဲက ခေါ်သွားခဲ့တဲ့ သံဃာတချို့နဲ့ အာဂန္တုကိုယ်တော်တွေ အားလုံးကို သူတို့သက်ဆိုင်တဲ့ မြို့နယ်တွေဆီ ပြန်သွားခိုင်းတယ်။ ကျောင်းမှာနေနေတဲ့ ကျောင်းသားလေးတွေကို သူတို့မိဘတွေဆီ ပြန်အပ်တယ်လို့သာ ကြားရတယ်။
သံဃာနဲ့ လူတချို့ အရိုက်အနှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးမှုတွေ ရှိနိုင်မယ်လို့ ကိုယ်တွေ့ကြုံရတဲ့ သံဃာတချို့ ပြန်ပြောပြတယ်။
“ဦးပဉ္စင်းတို့က ပထမ ပြန်ခုခံတယ်။ ကျောင်းထဲကို အဝင်မခံဘူး။ ကျောင်းဘေးက အိမ်တွေကလည်း ညမထွက်ရ အမိန့်ရှိနေတာကြောင့် အပြင်တော့ ထွက်မလာဘဲ အိမ်ထဲကနေ သံပုံးတွေ၊ လင်ပန်းတွေ တီးတယ်။ မီးကလည်း ပျက်နေတာတော့ မှောင်နဲ့ မည်းမည်းထဲမှာ မီးထိုးထားတဲ့ စစ်ကား ၂ စီးရဲ့ မီးရောင်က ထိန်လင်းနေတာပဲ။ အစပိုင်းမှာ ရဲတွေကတက်လာ၊ ဦးပဉ္စင်းတို့ ခဲနဲ့ပစ်လို့ ပြန်နောက်ဆုတ်နဲ့ နာရီ ဝက်လောက်ကြရော ကားနဲ့အတင်းဝင်လာပြီး သေနတ်ပစ်တော့တာပဲ။ အားလုံးက သေနတ်သံလည်း ကြားရော တွေ့ရာကို စွတ်ပြေးကြတာပေါ့” လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သံဃာတပါးက မိန့်ပါတယ်။
ကျောင်းအပြင်ဘက်ကို ထွက်ပြေးကြတဲ့သူ အနည်းငယ်ပဲ အရိုက်ခံ၊ အဖမ်းခံလိုက်ရပြီး ကျောင်းဆောင်တွေထဲကို ပြေးကြတဲ့သူ အားလုံးနီးပါးက အရိုက်လည်းခံရ၊ အဖမ်းလည်း ခံကြရပါတယ်။ နောက်တနေ့နံနက် စက်တင်ဘာ ၂၇ ရက်နေ့ကျမှ အပြင်ဘက် ထွက်ပြေးကြတဲ့ သံဃာတချို့ ကျောင်းရဲ့ အခြေအနေကို လာပြန်ကြည့်ရင်း စုရုံးမိတာ အားလုံး အပါး ၅၀ လောက်ပဲရှိတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ ရွှေဝါရောင် သံဃာတပါးကလည်း ဆက်မိန့်ပါတယ်။
“ကျောင်းတိုက်ဝင်စီးပြီး နောက်နေ့နံနက်မှာ ဦးပဉ္စင်းတို့က ပြန်စုပြီး ကျောင်းထဲရှိနေချိန်မှာ တိုင်းမှူးဖြစ်သူက လာပြီးတော့ ကျောင်းကသံဃာတွေကို စောင့်ရှောက်မယ်ဆိုပြီး ကျောင်းထဲကို စစ်တပ်ချထားတော့တယ်။ ကျောင်းထဲကလူတွေလည်း အပြင်ထွက်မရ၊ အပြင်ကလူတွေလည်း ကျောင်းထဲဝင်လာလို့ မရတော့ဘူး။ ရက်နည်းနည်းကြာတော့ သာသနာရေးက ဦးအံ့မောင် အပါအဝင် တချို့ တာဝန်ရှိသူတွေ ရောက်လာပြီး ကျောင်းထဲက သံဃာအားလုံးကို ကမ္ဘာအေးက သံဃမဟာနာယက (မဟန) ရုံးကိုခေါ်သွားပြီး ကျောင်းကို ချိတ်ပိတ်လိုက်တယ်” လို့ ၎င်းက ပြန်ပြောပြတယ်။
သံဃမဟာနာယကရုံးက အပေါ်ဆုံးထပ်မှာ ငွေကြာယံ ကျောင်းတိုက် ဆရာတော် ဦးရေဝတ အပါအဝင် သံဃာအပါး ၁၀ဝ ကျော်ကို သင်္ဃန်းဝတ်နဲ့ အကျယ်ချုပ်ချုပ်ထားပြီး မဟနရုံးမှာပဲ စစ်ဆေးမေးမြန်းမှုတွေ ၃ လနီးပါး လုပ်ပါတယ်။
ရန်ကုန်မြို့ထဲက ခြောက်ထပ်ကြီး ဘုရားအနီးက သိပ္ပံကျောင်းတိုက်၊ သင်္ဃန်းကျွန်းက မဂ္ဂင်ကျောင်းတိုက်၊ မိုးကောင်း ကျောင်းတိုက်၊ မင်္ဂလာရာမ ကျောင်းတိုက်စတဲ့ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ဝင်ရောက်စီးနင်းတာတွေ လုပ်ခဲ့ပေမယ့် စက်တင် ဘာ ၂၆ ရက်နေ့ည သန်းခေါင်အချိန်မှာ ငွေကြာယံ ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းမှုကတော့ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး သံဃာတချို့ သွေးမြေကျခဲ့ရပါတယ်။
စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့မှာ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်၊ ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်ကနေ စတင်ပြီး တနိုင်ငံလုံးရှိ သံဃာတော်တွေဟာ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး အစိုးရကို ပတ္တနိကုဇ္ဇန ကံဆောင်သပိတ်မှောက်ကာ စီတန်းလှည့်လည်ကြတော့ပါတယ်။
နေ့စဉ်ရက်ဆက် သံဃာတော်တွေ စီတန်းလှည့်လည်မှုမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှု များပြားလာတာကြောင့် စက်တင်ဘာ ၂၄ ရက်နေ့မှာ ဓမ္မစက်ဖြင့်မရရင် အာဏာစက်နဲ့ အရေးယူမယ်ဆိုလို့ အစိုးရက ကြေညာပြီး စက်တင်ဘာ ၂၅ ရက်နေ့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတော့ သံဃာတော်တွေကို စတင်ဖမ်းဆီးပါတော့တယ်။
ဒါပေမယ့် စီတန်းလှည့်လည်တဲ့ သံဃာတော်နဲ့ လူထုအင်အားက လျော့ကျမသွားခဲ့တာကြောင့် စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်တပ်နဲ့ရဲတွေက အကြမ်းဖက် ဖြိုခွင်းပါတော့တယ်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု ပြီးတဲ့နောက်ပိုင်း အရေးအခင်းတချို့ ဖြစ်ခဲ့ပေမယ့် ၂၀ဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းလောက် ကြီးကျယ်ခဲ့တဲ့ လှုပ်ရှားမှုမျိုး မပေါ်ပေါက်ခဲ့ပါဘူး။
အဲဒီနောက်မှာတော့ ငွေကြာယံ ကျောင်းတိုက်က ဦးနန္ဒ၊ ဦးဝိလာသက္က၊ ဦးအဂ္ဂဓမ္မ၊ ဦးဣဿရိယနှင့် ဦးဇာနေယျတို့ကို တောင်ဥက္ကလာ တရားရုံးမှာ တရားမဝင် လူစုလူဝေး ပြုလုပ်မှု ၊ တရားမဝင် အဖွဲ့များတွင် ပါဝင်မှု ၊ ဆူပူအောင် သွေးထိုးလှုံ့ဆော်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှုတွေနဲ့ တရားစွဲကာ လူဝတ်လဲ၊ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ ဦးဇာနေယျက ပြန်ပြောင်းပြောပြတယ်။
ပထမ တရားရုံးမှာ တရားစွဲဆိုချိန်အတွင်း သံဃာတော်တွေအဖြစ် မသတ်မှတ်ဘဲ ရဲတွေရဲ့ရိုင်းပျ စော်ကားဆက်ဆံမှုကို ကန့်ကွက်တဲ့အနေနဲ့ မေတ္တာသုတ် ရွတ်ဖတ်မှုကြောင့်ဆိုပြီး မူလပုဒ်မတွေအပြင် တရားရုံးကို မထီမဲ့မြင်ပြုမှုဆိုတဲ့ ပုဒ်မနဲ့ ထပ်မံတရားစွဲခံရပြီး အင်စိန်ထောင်ထဲမှာပဲ အထူးတရားရုံးဖွင့်ကာ ထောင်ဒဏ် ၈ နှစ်ခွဲ အမိန့်ချခံခဲ့ရတယ်လို့ ၎င်းကဆက်ပြောပြတယ်။
“ဦးပဉ္စင်းတို့ကို တရားစစွဲကတည်းက မတရား ထောင်ချမှာပဲဆိုတာ တွေးပြီးသား။ ဦးဇင်းတို့အနေနဲ့ မေတ္တာသုတ်ရွတ်ပြီး စီတန်းတဲ့အထဲမှာ ပါပေမယ့် သူတို့ တရားရုံး သက်သေတင်တဲ့ ဓာတ်ပုံတွေထဲမှာလည်း ဦးပဉ္စင်းတို့ ဓာတ်ပုံတွေမပါဘူး။ ကျောင်းကို လာရှာတာမှာလည်း ဘာလက်နက်မှမရှိ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းဆိုတာလည်း မတွေ့ဘူးဆိုတာ အထင်အရှားရှိပြီးသား။ ဒါပေမယ့် ကျောင်းတိုက်ထဲက သံဃာတွေထဲမှာမှ ဦးပဉ္စင်းတို့ ၅ ပါးထဲကို ဘာ့ကြောင့်ရွေးပြီး ထောင်ချသလဲကို မတွေးတတ်တာ” လို့ ဦးဇာနေယျက ဆိုပါတယ်။
သူကပဲ ဆက်ပြီးတော့ “ နိုင်ငံရေးဆိုတာလည်း ဘုန်းဘုန်းတို့ အဲဒီအချိန်က နားမလည်ဘူး။ ၈၈ မျိုး ဆက်ကျောင်းသားတွေ ဆိုတာကိုလည်း အဲဒီအချိန်က မတွေ့ဖူးသေးဘူး။ ရွှေဝါရောင် သံဃအရေးအခင်းကို ဦးဆောင်တယ်လို့ နာမည်ကြီးခဲ့တဲ့ ဦးဂမ္ဘီရ ဆိုတာလည်း မမြင်ဖူး၊ မသိကျွမ်းဖူးသေးဘူး။ ထောင်ထဲရောက်မှ သူတို့အားလုံးကိုမြင်ဖူးတာ” လို့ ဆိုပါတယ်။
မဟနရုံးမှာ ၃ လ၊ တရားစွဲချိန် ၁ နှစ်နီးပါးနဲ့ ထောင်ထဲမှာ ၃ နှစ်နေခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဦးနန္ဒက ပုသိမ်ထောင်၊ ဦးဝိလာသကက္ကက မုံရွာထောင်၊ ဦးအဂ္ဂဓမ္မက မြောင်းမြထောင်၊ ဦးဣဿရိယက သရက်ထောင်နဲ့ ဦးဇာနေယျက သံတွဲထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
သံဃာတော်တွေ အနေနဲ့က တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးကိုလုပ်တယ်၊ အဲဒီခေတ်၊ အဲဒီအခါက အစိုးရတွေရဲ့ လုပ်ရပ်ဟာ မတရားသလား၊ တရားသလားဆိုတာ ပြည်သူအားလုံးက သိနေတဲ့အတွက်ကြောင့် အခုလို မိမိတို့ကို မတရားဖမ်းဆီး၊ ထောင်ချခဲ့တာကို ဘယ်လိုမှ မခံစားရဘူးလို့ ဆရာတော် ဦးအဂ္ဂဓမ္မကလည်း မိန့်ကြားပါတယ်။
“ရှင်းရှင်းပြောရရင် အဲဒီလို လှုပ်ရှားခဲ့တာကို ဘယ်လိုမှ မမြင်ဘူး။ ထောင်ချခံခဲ့ရတာနဲ့ ပက်သက်လို့လည်း ဘာမှမခံစားရဘူး။ ပြည်သူတွေဘက်က ဘယ်အချိန်ပဲဖြစ်ဖြစ် သံဃာတော်တွေဟာ ရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့တာချည်းပဲ” လို့ ဆရာတော်က ဆက်မိန့်တယ်။
ဒီနေ့ ဒီအချိန်အထိ ရွေဝါရောင် အရေးအခင်းမှာ သေဆုံးခဲ့ကြရတဲ့ သံဃာနဲ့ ပြည်သူတွေရဲ့ အရေအတွက်ကို စာရင်းမပြုစုနိုင်သေးပါဘူး။ ပြည်သူအများကတော့ ရာနဲ့ချီပြီး သေဆုံးခဲ့ကြလိမ့်မယ်လို့ ခန့်မှန်းယူဆခဲ့ကြပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းအရ ရွှေဝါရောင် တော်လှန်ရေးကာလ နောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေးနှင့် အခြားနယ်မြို့များမှ ကျောင်းတိုက်ပေါင်း ၅၂ တိုက်ကို ဝင်ရောက်စစ်ဆေးမှုများ၊ သံဃာတော်များအား ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ထို့အပြင် ထိုစဉ်က ထိန်းသိမ်းခဲ့သော သံဃာတော် အပါးပေါင်း ၆၀ဝ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဝါရောင်လှုပ်ရှားမှုမှာ ကံဆောင်သပိတ် မှောက်ထားတာကို သပိတ်ပြန်မလှန်ရသေးပါဘူး။ ဒါပေမယ့် ဒီလှုပ်ရှားမှုကြောင့် စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ လမ်းညွှန်ချက် ၇ ချက်ဆိုပြီး တက်သုတ်ရိုက်ကာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရတယ်။ အရပ်သားအစိုးရအဖြစ် မဖြစ်မနေ အသွင်ပြောင်း လိုက်ရတယ်ဆိုတာတွေဟာ ရွှေဝါရောင်လှုပ်ရှားမှုရဲ့ အောင်မြင်မှုအသီး အပွင့်တွေပဲလို့ ရွှေဝါရောင် သံဃာ့ကွန်ရက် ဆရာတော် ဦးဇဝနက မိန့်ကြားတယ်။
ဒါပေမယ့်လည်း လက်ရှိ အစိုးရအဖွဲ့ဟာ စစ်ဘောင်းဘီကိုချွတ်၊ တိုက်ပုံ၊ ခေါင်းပေါင်းကိုဝတ်ပြီး ရွေးကောက်ပွဲဝင်၊ အစိုးရအဖွဲ့တက်လုပ်ပေမယ့် သံဃာတော်တွေကို ပြန်လည်တောင်းပန်ဖို့ အစီအစဉ် လုံးဝရှိပုံမရဘူး၊ စစ်အစိုးရ စိတ်ဓာတ်တွေတည်း မပျောက်သေးဘူးလို့ ဆရာတော်က ဆက်မိန့်တယ်။
“အခုချိန်ထိ လက်ရှိအစိုးရရဲ့ လုပ်ပုံတွေကို မကြိုက်သေးဘူး။ ပြည်သူတွေရဲ့ အကျိုးကို တကယ်တမ်း ပြည့်ပြည့်ဝ၀ အကောင်အထည်ဖော်တာမျိုး မတွေ့သေးဘူး။ ဒါ့ကြောင့် သံဃာတော်တွေ ဘက်ကလည်း တော်လှန်ဖို့လိုရင် တော်လှန်ရဦးမှာပဲ။ ပြည်သူတွေဘက်ကလည်း ကိုယ်ရဲ့ မတရားနစ်နာချက်တွေ၊ လယ်သိမ်း၊ မြေသိမ်းကိစ္စတွေကအစ ရဲရဲဝံ့ဝံ့ ဖောက်ထုတ်ဖို့လိုတယ်” လို့ ဦးဇဝနက မိန့်ပါတယ်။
အခုဆိုရင် နိုင်ငံအတွင်း ရွှေဝါရောင်လှုပ်ရှားမှု ၇ နှစ်ပြည့် နှစ်ပတ်လည်ကို သူ့သက်ဆိုင်ရာ မြို့အလိုက် ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ရက်တရက် သတ်မှတ်ကာ ကျင်းပဖို့တော့ မတွေ့ရသေးပါဘူး။ ရန်ကုန်မှာက စက်တင်ဘာ ၁၈ ရက်နေ့ကို ရွှေဝါရောင် နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ပြီး မန္တလေးမှာတော့ စက်တင်ဘာ ၂၆ ရက်နေ့ကို သတ်မှတ်ပြီး ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။
ရန်ကုန်မှာ နှစ်ပတ်လည်နေ့အဖြစ် သင်္ဃန်းကျွန်းမြို့နယ်က အရှင်ဓမ္မပီယကျောင်းမှာ နှစ်ပတ်လည်လုပ်ဖို့ စီစဉ်ထားပေမယ့် ကံဆောင်သပိတ် မှောက်ထားတဲ့အတွက် အစိုးရတာဝန်ရှိသူတွေကို ဖိတ်ကြားဖို့ အစီအစဉ် လုံးဝမရှိဘူးလို့ ဆရာတော် ဦးဇဝနက မိန့်တယ်။
ယခုနှစ်ပွဲတွေက ရန်ပုံငွေ အခက်အခဲကြောင့် ယခင်နှစ်ကလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးကျယ်ခမ်းနားစွာ မကျင်းပနိုင်ပေမယ့် နှစ်စဉ်နှစ်တိုင်း သမိုင်းမပျောက်စေရေး၊ ရွှေဝါရောင် အရေးအခင်းမှာ ကျဆုံးခဲ့ကြရတဲ့ ရဟန်းသံဃာ၊ ကျောင်းသားပြည်သူတွေရဲ့ ဂုဏ်ကို အောက်မေ့သတိရစေရေးအတွက် မပျက်မကွက် ကျင်းပနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆရာတော်က ဆက်မိန့်တယ်။
“ပြည်သူတွေအနေနဲ့ ဒီနေ့၊ ဒီသမိုင်းကို အမြဲအမှတ်ရစေချင်တယ်။ ကျဆုံးခဲ့ကြရတဲ့သူတွေ ဘယ်လောက်အထိ ရှိတယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် ဒီမိုကရေစီအရေးကို တက်ကြွလှုပ်ရှားခဲ့တဲ့ သူတွေ၊ ဒီမိုကရေစီအရေးကို စိတ်ဝင်စားတဲ့ သူတွေအားလုံး စက်တင်ဘာ ၁၈ ရက်နေ့မှာ ကျင်းပမယ့်ပွဲကို လာတက်စေချင်တယ်” လို့ ဆရာတော် ဦးဇာနေယျက မိန့်ကြားလိုက်ပါတယ်။