သမ္မတဦးသိန်းစိန်အစိုးရက မြန်မာပြည်ဖွား နိုင်ငံခြားသားများ၊ ပညာရှင်များ၊ စီးပွားရေးရင်းနှီးမြှုပ်နှံသူများ အပါအဝင် နိုင်ငံခြားသားများကို မြန်မာနိုင်ငံတွင်း အမြဲတမ်းနေထိုင်ခွင့်ပြုမည့် (Permanent Resident -PR) စနစ် တခုကို စီစဉ် ဆောင်ရွက်လျက်ရှိရာ မကြာမီ နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် စိစစ်ရေးကော်မတီကို ဖွဲ့စည်းမည်ဖြစ် ကြောင်း သိရှိရသည်။
PR စနစ်အရ နိုင်ငံခြားသားပညာရှင်များ၊ စီးပွားရေးသမားများနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု နိုင် သော နိုင်ငံခြားသားများကို တိုင်းပြည်၏ လိုအပ် ချက် ပေါ်လိုက်၍ ခေါ်ယူနိုင်ရန် စီစဉ်ထားပြီး စိစစ်ရေးအဖွဲ့ ဖွဲ့စည်း စိစစ် လက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်း က ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။
“နည်းဥပဒေက ဒီတခေါက်လွှတ်တော်မှာ တင်တော့မယ်။ ဒါကျတာနဲ့ဆက်လုပ်ဖြစ်တော့မှာပါ။ နောက်စစ်ဆေးရေး အဖွဲ့က စိစစ်လက်ခံမှာက ဒီလူက ဒီနိုင်ငံအတွက် တကယ်ပဲလိုအပ်လား။ နောက်သူ့ကိုဘယ်လိုကြောင့်လက်ခံရသလဲ။ နောက်တခုက သူနဲ့ပတ်သက်ပြီး ဘယ်သူတွေပါလာမလဲ ဒါတွေကိုဆက်စပ်ပြီး စစ်ဆေးမှာပါ။ နောက်စိစစ် ရေးအဖွဲ့မှာ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးကဲတွေပါမယ်။ ရဲတပ် ဖွဲ့ပါမယ်။ နိုင်ငံခြားရေးပါမယ်။ လူဝင်မှုပါမယ်။ ဒီလိုတော့ အကြမ်း ဖျဉ်း ပြောနိုင်ပါသေးတယ်”ဟု ဦးမောင်မောင်သန်းက ရှင်းပြသည်။
PR စနစ်အရ နိုင်ငံခြားသားများကို မြန်မာနိုင်ငံတွင် ၅ နှစ်သက်တမ်း နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး လာမည့် အောက်တိုဘာ လ အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ဧရာဝတီ သတင်း ဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားသားပညာရှင်များကို ခေါ်ယူမည်ဖြစ်ပြီး အဆိုပါပညာရှင်များကို PR စနစ်ဖြင့် မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးမောင်မောင်သန်းက ရှင်းပြသည်။
“အသေးစိတ်တော့ မပြောနိုင်သေးဘူး။ ခေါ်တာမှာ တိုင်းပြည် လိုအပ်ချက်ကို ကြည့်ခေါ်မယ်။ စီးပွားရေးဆိုလည်း ဒီလိုပဲ။ ကဏ္ဍအလိုက် ခြုံမိအောင်တော့ သေချာဖြန့် ခေါ်မှာပါ။ နိုင်ငံသားဟောင်းတွေ အတွက်လည်း ခေါ်တဲ့ ပုံစံ တခုကို တင်ထား ပေးမှာပါ။ ပုံစံ ၄ ခုအတွက် လိုက်နာရမယ့် အချက်တွေနဲ့ ခေါ်ယူမှာပါ။ နိုင်ငံတကာ ပုံစံအတိုင်း ခေါ် မှာပါ”ဟုပြောသည်။
PR စနစ်လျှောက်ထားသူများကို ပုံစံ ၄ မျိုးဖြင့် လက်ခံမည်ဖြစ်ပြီး အသိပညာရှင် ကဏ္ဍ၊ ရင်းနှီးမြုပ်နှံသူကဏ္ဍ၊ နိုင်ငံ သား ဟောင်း များနေရပ်ပြန် လာရေး ကဏ္ဍနှင့် သွေးဆက်သည့် သူများတွေ့ဆုံနိုင်ရေးကဏ္ဍ ဟူ၍ ခွဲခြား လက်ခံမည် ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များကိုမူ ညှိနှိုင်းနေဆဲဖြစ်ပြီး အမြဲတမ်းနေထိုင်ခွင့် ရရှိသူများအတွက် ကန့်သတ် ချက်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
“အမြဲတမ်းနေထိုင်ခွင့်ရမယ့် နိုင်ငံခြားသားတွေအနေနဲ့ ဒီနိုင်ငံမှာ အစိုးရဝန်ထမ်း လုပ်ခွင့် မရှိဘူး။ နောက် ပါတီထောင်ခွင့် မရှိဘူး။ ဒါတွေက အဓိက ကန့်သတ်ထားပါတယ်။ ကျန်တာကတော့ နောက်မှ အသေးစိတ် ထုတ်ပြန်ပါမယ်။ နိုင်ငံရေး သမားဟောင်းတွေပြန်လာရင်လက်ခံမခံ ဆိုတဲ့အပိုင်း ကတော့ ခုချိန်မှာပြောဖို့စောသေးတယ်။ အမည်ပျက် စာရင်း သွင်း ခံထားရသူ ကိုတော့ လက်ခံမှာမဟုတ်ဘူး”ဟု ဦးမောင်မောင်သန်းက ဆိုသည်။
လက်ရှိတွင် PR စနစ် အကောင်အထည် ဖော်နိုင်ရေး အတွက် ဒုသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သည့် ဝန်ကြီး ၁၁ ဦး ပါဝင်သော အဖွဲ့က ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံသား ခံယူထားသည့် အမည်မဖော်လိုသူ မြန်မာနိုင်ငံသားဟောင်း တဦးက “တိုင်းပြည်ကောင်းအောင် တတ်နိုင်သရွေ့လုပ်ပေးချင်တယ်။ နေထိုင်ခွင့်ရရင်ပိုလုပ်နိုင်တယ်။ နိုင်ငံရေးသမားအနေနဲ့တက်ကြွလှုပ်ရှားသူအနေနဲ့ ထွက်သွားသူတွေရှိတယ်။ ဒီလူတွေက PRကိုစောင့်နေသူတွေရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။