ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်ရန် တရားဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မဲဆောက် နယ်စပ်သို့ ပြန် လည် ပို့ ဆောင်ပေးလိုက်ကြောင်း သိရသည်။
အလုပ်သမား စုစုပေါင်း ၁၀၉ ဦး အား မဲဆောက်နယ်စပ်မှ တဆင့် မြဝတီမြို့သို့ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေက ပို့ ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို မြဝတီမြို့ရှိ အလုပ်သမား ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးနေသည်ဟု သိရ ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဥက္ကဋ္ဌ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
မြန်မာ အလုပ်သမားများကို ဘန်ကောက်ဒေသ ဖစ်ဘူရီမြို့နယ်ရှိ အလုပ်အကိုင် ရှာဖွေပေးနေသော မြန်မာနိုင်ငံသားပိုင် SARISA INTERNATIONAL EMPLOYMENT ကုမ္ပဏီ ဝင်းထဲ၌ ထားရှိစဉ် ပြဿနာ ဖြစ်ကြကြောင်း၊ အလုပ်သမား တဦးကို ထိုကုမ္ပဏီမှ ထမင်းချက် ဝန်ထမ်းတဦးက ရိုက်နှက်ရာမှ ပြဿနာ ကြီးထွားသွားကြောင်း ဦးကျော်သောင်းက ရှင်းပြသည်။
၎င်းက “အလုပ်သမားတွေက အဲဒီကိုရောက်နေတာ တချို့က တလရှိပြီ၊ တချို့က ရက် ၂၀ လောက်ရှိနေပြီ၊ ဒါပေမယ့် အလုပ် မရသေးတာက တမျိုး၊ နောက်တခုက နေထိုင်ရတာက အခန်းကျဉ်းလေးထဲမှာ လူတွေစုပြုံနေရတာ၊ သောက်သုံးရေ မသန့်ရှင်းတာတွေကို မကျေနပ်ဖြစ်နေကြတဲ့ အချိန်မှာ ကုမ္ပဏီက ထမင်းချက် မြန်မာ တဦးက အလုပ်သမား တဦးကို ရိုက် တာက တဆင့် ပြဿနာတွေ ကြီးထွားသွား တာပါ” ဟု ဆိုသည်။
မြန်မာ အလုပ်သမားများသည် ရန်ကုန် အခြေစိုက် စွမ်းတော်ဝင် ကုမ္ပဏီမှ ပို့လိုက်သည့် အလုပ်သမား ၂၀၀ နှင့် နှင်းပန်းဝါ ကုမ္ပဏီမှ ၂၄ ဦးတို့ဖြစ်ကြောင်း၊ ထို ကုမ္ပဏီများနှင့်သဘောတူ စာချုပ် (MOU) ချုပ်ဆို၍ ပြီးခဲ့သည့်လတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကြကြောင်း၊ သို့သော် ယနေ့အထိ အလုပ်အကိုင် မရရှိသေးဘဲ ဖြစ်နေကြောင်း သိရသည်။
အလုပ်သမားများအား မကြာခင် အလုပ်ရှာပေးမည်ဟု ပြောဆိုသော်လည်း အချိန်သာကုန်လာကြောင်း၊ စားဝတ်နေရေး ခက် ခဲနေသည့် အပြင် မြန်မာ အချင်းချင်း နိုင်ထက်စီးနင်း ဆက်ဆံနေခြင်းကို မကျေနပ်၍ MAT အဖွဲ့ကို အကူအညီ တောင်းခံ၍ ၎င်းတို့၏ ကူညီပေးမှုဖြင့် လွတ်မြောက်လာကြောင်း အလုပ်သမား တဦးက ပြောသည်။
“ကျနော်တို့က ကိုယ့်နိုင်ငံကို မပြန်ချင်သေးပါဘူး၊ ထိုင်းကိုလာတဲ့ ခရီးစရိတ်က ၇ သိန်းဝန်းကျင် ကုန်ကျထားတော့ အလုပ် ပဲ လိုချင်တာပါ၊ ကျနော်တို့ က အလုပ်မရတာ အပြင် နေထိုင်ရတာ အဆင်ပြေလို့ ပြန်မယ် ပြောတာပါ” ဟု သူက ဆိုသည်။
အလုပ်သမားများ လတ်တလော အလုပ်မရသေးခြင်းမှာ အလုပ်နှင့်သက်ဆိုင်သည့် သင်တန်းတချို့ကို သင်ပေးနေရခြင်း ကြောင့် ဖြစ်ကြောင်း၊ လျှပ်စစ် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံကဲ့သို့သော လုပ်ငန်းခွင်မျိုးတွင် လုပ်ဆောင်ရမည်ဖြစ်၍ ကျွမ်း ကျင်မှုအတွက် သင်တန်းပေးနေခြင်း ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာ သံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် က ဧရာဝတီ ကို ပြောသည်။
၎င်းက “အလုပ်ရတဲ့အခါ ကျွမ်းကျင်အောင်ဆိုပြီးတော့ ထိုင်းစာနဲ့ ပစ္စည်းတွေရဲ့ အင်္ဂလိပ်လို အခေါ်အဝေါ်တွေကို သင်တန်း ပေး နေတာပါ” ဟု ဆိုသည်။
SARISA ကုမ္ပဏီရုံး၌ သောင်တင်နေသည့် အလုပ်သမားများ၏ ပြဿနာကို ဖြေရှင်းပေးရန် ဦးသိန်းနိုင်နှင့်အဖွဲ့ သွားရောက် ခဲ့ရာ “အမျိုး မချစ်တဲ့ ဦးသိန်းနိုင် အလိုမရှိ၊ လူပွဲစားများ အလိုမရှိ” ဟု ကြွေးကြော်၍ အလုပ်သမားများက ဆန္ဒပြခဲ့ကြ ကြောင်း သိရသည်။
ဦးသိန်းနိုင် က “သွေးထိုးပေးနေတဲ့ သူတချို့ရဲ့ ပယောဂတွေကြောင့် ဒီလိုလုပ်ကြတာပါ၊ ဒါပေမယ့် သူတို့ တတွေက ကိုယ့်နိုင်ငံပဲ ပြန်ချင်တယ်ဆိုလို့ ပို့ပေးဖို့ စီစဉ်ပေးခဲ့ပါတယ်၊ မပြန်ချင်တဲ့ သူတွေကိုလည်းပဲ အလုပ်ရအောင် ကူညီပေး သွားမှာပါ” ဟု ဆက်ပြောသည်။
SARISA ကုမ္ပဏီခြံဝင်းအတွင်း ဒုက္ခရောက်ခဲ့ရသည့် အလုပ်သမား တချို့၏ အကူအညီတောင်းခံမှုကြောင့် MAT အဖွဲ့ဝင်များ က သွားရောက်ခဲ့ရာ ကုမ္ပဏီပိုင်ရှင် အမျိုးသမီးက ရဲများကို အကြောင်းကြားခဲ့ကြောင်း၊ ရဲများရောက် လာ၍ MAT အဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့် ကင်မရာများထဲမှ ဓာတ်ပုံနှင့် ဗီဒီယို ရုပ်သံဖိုင် အားလုံးကို ဖျက်ဆီးပစ်ကြောင်း၊ ထို့အတူ ၎င်းတို့ကိုလည်း MOU ဆိုင်ရာ ကိစ္စများအား ပျက်စီးရေး ဆောင်ရွက်နေသည်ဟုဆိုကာ နိုင်ငံတော် ပုန်ကန်မှုဖြင့် တရား စွဲမည် ဟု ခြိမ်းခြောက် ထားကြောင်း ဦးကျော်သောင်း က ပြောသည်။
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ SARISA ကုမ္ပဏီထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။