ချိန်ကိုက်မိုင်းတွေ နှစ်ရက်ဆက်တိုက် တွေ့ရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်က မြဝတီမြို့ပေါ်မှာ လုံခြုံရေး အင်အား တိုးမြှင့်ချထားလိုက်ပြီ လို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက် အချိန်ကိုက်မိုင်းတွေ တွေ့ရှိခဲ့ပြီးတဲ့နောက် မြို့လုံခြုံရေး အရ လုံခြုံရေး အင်အား အရင်ထက် ၄ ဆ တိုးမြှင့်ချထားလိုက်တာဖြစ်တယ်လို့ မြဝတီမြို့မ ရဲစခန်း ဒုရဲအုပ် မောင်ဆန်း က ဧရာဝတီကို ပြောပါတယ်။
“လုံခြုံရေးကိစ္စကတော့ နဂိုထက် လေးဆလောက် ပိုတာပေါ့ဗျာ။ နေ့ရော၊ ညရော အရပ်ဝတ်တွေရော အပြင်တွေကို လှည့်လည်ပြီး အသွင်ယူပြီးတော့ ထိုးဖောက်နေပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း အမှုဖွင့်ထားပါတယ်။ လက်သည်ကတော့ မမိသေးဘူး ပေါ့ဗျာ”လို့ ဒုရဲအုပ် မောင်ဆန်း က ပြောပါတယ်။
မြဝတီမြို့ပေါ်မှာ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့တဲ့ မိုင်းတွေဟာ အဝေးထိန်းစနစ်မဟုတ်တဲ့ ချိန်ကိုက် အမျိုးအစားတွေဖြစ်ပြီး နေရာကတော့ သီးခြားစီမှာတွေ့ ရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
နှစ်နေရာလုံးမှာ တွေ့ရှိခဲ့တဲ့ မိုင်းတွေကို တာဝန်သိပြည်သူတွေက အချိန်မီ အကြောင်းကြားလို့ သိရှိခဲ့ရခြင်းဖြစ်ပြီး စစ်မြေပြင် မိုင်း အင်ဂျင်နီယာ တပ်ရင်း ၉ဝ၄ က တာဝန်ရှိသူတွေကိုယ်တိုင် ကွင်းဆင်းပြီး ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မနေ့က တွေ့ရှိခဲ့တဲ့ မိုင်းကတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး တံတား အနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မနက် တွေ့ရှိခဲ့တဲ့ မိုင်းကတော့ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ မြဝတီမြို့နယ် တရားရုံးရှေ့က တွန်းလှည်း အဟောင်းပေါ်မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြဝတီမြို့ တရားရုံးက ရှေ့နေတဦးက“ကျနော်တို့ တရားရုံးအပြင်ဘက်က ဈေးတွန်းလှည်းဟောင်းပေါ်မှာ တွေ့တာပါ။ သူက အဓိက ဖောက်ခွဲချင်တာထက် ခြောက်လှန့်လိုတာလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအထုပ်ကို ထားသွားပုံက အရမ်းကို လူမြင် သူမြင်အောင်ကို ပေါ်ပေါ်တင်တင်ကြီးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် တရားရုံးလာတဲ့လူတွေကတော့ ထိတ်လန့်ကုန်တာပေါ့”လို့ သူက ဧရာဝတီကို ပြောပြပါတယ်။
မိုင်းတွေ့ရှိတဲ့သတင်းဟာလည်း နှစ်ရက်အတွင်း မြဝတီတမြို့လုံးကို ပျံ့နှံ့သွားပြီး မြို့ခံတွေကလည်း စိုးရိမ်ထိတ်လန့် နေကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဈေး၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် စတဲ့ ဈေးဆိုင်တွေကိုသွားရာမှာ အထူးသတိထားနေကြရ တယ် လို့ မြို့ခံ တချို့က ပြောပါတယ်။
ဒေသခံ ရဲတပ်ဖွဲ့ အနေနဲ့ နောက်ထပ်မဖြစ်ပွားဖို့ မိုင်းထောင်တဲ့သူကိုဖော်ထုတ် အရေးယူနိုင်ရေးအတွက် အပူတပြင်းလိုက်လံ စုံစမ်း မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မြဝတီမြို့ပေါ်မှာ နှစ်ရက်ဆက်တိုက် ပုံစံတူ ချိန်ကိုက်မိုင်းတွေ့ရှိမှုအပေါ်မှာ ဒေသအခြေစိုက် အစိုးရ အာဏာပိုင်းတွေကို သံသယ ရှိမိတယ်လို့ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေချနေထိုင်တဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တဦးက ပြောပါတယ်။
“ချိန်ကိုက်မိုင်းနှစ်ခုလုံးက လူမြင်ကွင်းတွေမှာ မြင်သာ ထင်သာအောင် ထားထားတယ်။ မပေါက်ကွဲမီ အချိန်မီ ရပ်တန့်နိုင်ခဲ့တယ်။ ဒီနှစ်ခုစလုံးတွေ့တဲ့ အချိန်မှာ မိုင်းကအသက်ရှိနေလား မရှိနေဘူးလားဆိုတာ သာမာန်လူတွေသိနိုင်တဲ့ ကိစ္စမဟုတ်ဘူး။ သေချာ တာ က ဖောက်ခွဲလိုတဲ့ ဆန္ဒမရှိဘဲ နောက်ကွယ်က အကြောင်းတခုခုအတွက် ဇာတ်လမ်းဆင်ပြီး လုပ်သွားတယ်လို့မြင်တယ်”လို့ သူက ဆို ပါတယ်။
ပြီးခဲ့တဲ့ စနေ့နေ့က မြဝတီမြို့ပေါ်ကို ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းလာတဲ့ ကုန်ကားအစီး ၃၀ ကို ဒေသအခြေစိုက် ကရင်ငြိမ်းချမ်း ရေး ကောင်စီ (KNU/KNLA – PC) အဖွဲ့မှ ဗိုလ်မှူးကြီးတိုက်ဂါး ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး လူတွေစိတ်ဝင်စားလာမှုအပေါ်မှာ အာရုံလွှဲတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
“တိုက်ဂါးတို့ လုပ်လိုက်တဲ့ ကိစ္စက တော်တော်လေး သတင်းပျံ့သွားပြီး အစိုးရ မျက်နှာပျက်စရာတွေ ဖြစ်သွားတယ်။ အထူးသဖြင့် မြဝတီ အခြေစိုက်တဲ့ စစ်တပ်တို့၊ ရဲတို့ပေါ့။ သူတို့က တချိန်လုံး မြန်မာနိုင်ငံသားတွေ ခံနေရတာကို လျစ်လျူရှုခဲ့တာလေ။ အခု မိုင်း ကိစ္စနဲ့ လူတွေကို အာရုံလွှဲအောင်လုပ်တာ၊ ဒါမှမဟုတ် တိုက်ဂါးတို့ မြို့ပေါ်မှာ ဒီလိုလုပ်တဲ့အပေါ် လုံခြံရေး အကြောင်းပြချက်နဲ့ ထိန်းချုပ်ချင်လို့ လုပ်တယ်လို့ ယူဆတယ်”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တရားဝင် လက်မှတ်တွေကိုင်ဆောင်ပြီး ကူးသန်းသွားလာနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံမှုတွေ ရပ်တန့်ဖို့အတွက် ထိုင်းဘက်က ဝင်လာတဲ့ ကုန်ကားတွေကို ခေတ္တ ဖမ်းဆီးတဲ့ ပုံစံနဲ့ နှစ်နိုင်ငံ အစိုးရ အဖွဲ့တာဝန်ရှိသူတွေကို သတိပေးလိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီး တိုက်ဂါးက ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ထိုင်းဘက်ကို သွားတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ငွေကြေးမကောက်ခံရေး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မဲဆောက်မြို့ရှိ ရဲမင်းကြီး၊ မြန်မာနိုင်ငံဘက်က မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဗိုလ်မှူးကြီးတိုက်ဂါး ဦးဆောင်တဲ့ အဖွဲ့တို့ အခုလ ၁၈ ရက်နေ့မှာ သုံးပွင့်ဆိုင် ဆွေးနွေးကြဖို့ သဘောတူညီမှုရထားတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အခုလို ချိန်ကိုက်မိုင်းတွေ တွေ့ရှိမှုကြောင့် ထိုင်းဘက်က တာဝန်ရှိသူတွေ လာရောက်ဆွေးနွေးမယ့် ခရီးစဉ် အခြေ အနေ ပြောင်းလဲမှုရှိမရှိကို မသိရသေးပါဘူး။
ဗိုလ်မှူးကြီး တိုက်ဂါးကတော့ ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို မဖြေရှင်းရင် ထိုင်းဘက်က ကုန်တင်သွင်းမှုတချို့ကို နောက် ထပ် ထပ်မံ ရပ်တန့်သွားစေဖို့ ဝန်မလေးဘူးလို့ ပြောဆိုထားတာလည်း ရှိပါတယ်။