ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တွင် ပင်လယ်ရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် ဒီရေတောများ စိုက်ပျိုးရန် လိုအပ်ကြောင်း ဟော ပြောမှုဖြင့် တရားစွဲခံထားရသူ ၃ ဦးကို စက်တင်ဘာ ၁၅ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်း ကပ္ပလီပင်လယ်ဘေးရှိ ကျေးရွာများ၌ ဒီရေကာတောများ၏ အရေးပါပုံအကြောင်း လိုက်လံ ဟော ပြောရာတွင် ပါဝင်သည်ဟု ဆိုသည့် ဒေသခံရွာသား ဦးမြင့်လွင်၊ ဦးချိုလွင်နှင့် ဦးခင်ရွှေတို့အား ဒေးဒရဲမြို့နယ် ကျုံဒါး ရဲစခန်းမှ စခန်းမှူး ရဲအုပ် နိုင်မွန်ထွန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုပြီးနောက် ယင်းသို့ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ဒေးဒရဲမြို့မ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းက “သူတို့ ၃ ဦးကို ဖမ်းထားတယ် ဆိုတာ ဟုတ်ပါတယ်။ တရားသူကြီးက သူတို့ရဲ့ ကိုယ်ပိုင် ခံဝန်တွေကို ရုပ်သိမ်းခဲ့တဲ့ အတွက် ဖမ်းဆီးရတာ ဖြစ်ပါတယ်။ အခု သူတို့ကို ဒေးဒရဲစခန်း အချုပ်ထဲမှာ ထိန်းသိမ်း ထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးနေသဖြင့် ဒီရေတောများစိုက်ပျိုးကြရန် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်မှ ဦးထွန်းထွန်းဦးက ဒေးဒရဲမြို့နယ်အတွင်း လိုက်လံ ဟောပြောရာတွင် ဒေသခံများ ဖြစ်သော ဦးချိုလွင်၊ ဦးခင်ရွှေနှင့် ဦးမြင့်လွင် တို့က ဟောပြောမှု အဆင်ပြေရေးအတွက် လိုက်လံကူညီပေးမှုဖြင့် ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ ဖြင့် တရားစွဲခြင်း ဖြစ်သည်ဟု ဦးခင်ရွှေ၏ သမီးဖြစ် သူ မသန်းဝင်းခိုင်က ဧရာဝတီကို ပြောသည်။
“ကျမအဖေက ဦးထွန်းထွန်းဦး ဟောပြောရာမှာ ကူညီပေးတာပဲ ရှိတယ်။ ပါဝင် မဟောပြောပါဘူး။ အဲဒါကို ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ နဲ့ တရားစွဲထားတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က အဖေက နေမကောင်းလို့ ရုံးမလာနိုင်တော့ တရားသူကြီးက ရုံးမလာရင် ဝရမ်းထုတ်ပြီး ဖမ်းခိုင်းမယ်ဆိုလို့ ဒီနေ့ တရားရုံးမှာလာပြီး အမှုရင်ဆိုင်တာကို တရားသူကြီးက ချက်ချင်း အမှုစစ်ပြီး ဖမ်းလိုက်တာ”ဟု ၎င်းက ပြောပြသည်။
ပုဒ်မ ၁၈ နှင့် ပတ်သက်ပြီး တရားခံဘက်က သက်သေ ၄ ဦး ယမန်နေ့က စစ်ဆေးပြီး ရုံးချိန်းကို စက်တင်ဘာ ၁၉ ရက်သို့ ချိန်းဆို လိုက်ကြောင်း သိရသည်။
“ပုဒ်မ ၁၈ အမှုကို တရားခံဘက်က သက်သေ ၄ ဦးကို စစ်တယ်။ ရုံးချိန်းကို ၁၉ ရက်နေ့ ပြန်ချိန်းထားတယ်။ ဦးထွန်းထွန်း ဦး ကို တော့ မနက်ဖြန်ကို ဖျာပုံထောင်မှာပဲ ပြန်ချုပ်ထားမယ်ပြောတယ်။ ကျန်တဲ့ ဦးချိုလွင်နဲ့ ၂ ဦးကိုတော့ ဒေးဒရဲစခန်းမှာပဲ ချုပ် ထား မယ်လို့ ရဲတွေကပြောတယ်”ဟု ဒေးဒရဲဒေသခံ ကိုအောင်ကျော်စန်းက ပြောသည်။
ဦးမြင့်လွင်၊ ဦးချိုလွင်နှင့် ဦးခင်ရွှေတို့ ၃ ဦးအား ရဲတပ်ဖွဲ့က ဒီရေတောစိုက်ရန် ဟောပြောသည့် အတွက် ပုဒ်မ ၁၈ ဖြင့် တရားစွဲခဲ့သည့် အပြင် ယခုနှစ် မေလအတွင်းက ခွင့်ပြုချက် မရဘဲ ဒီရေတော စိုက်ပျိုးခဲ့သည့် အတွက် ပုဒ်မ ၁၈ ဖြင့် ဒုတိယအကြိမ် တရား စွဲဆိုခြင်း ခံထားရကြောင်း သိရသည်။
လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်မှ ဦးထွန်းထွန်းဦးအား ဒေးဒရဲမြို့နယ် အာဏာပိုင်များက သြဂုတ် ၂၉ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဒီရေတော စိုက်ပျိူးရန် ဟောပြောမှု ပုဒ်မ ၁၈ အပြင်၊ ဒီရေတောများ ဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် တရားစွဲဆိုကာ ဖျာပုံထောင်တွင် ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး မတ်လ အတွင်းက ဟောပြောခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုဖမ်းဆီးခံရသူ ၃ ဦးအား တရားစွဲဆိုထားသည့် ပုဒ်မ ၁၈ သည် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ဖြစ်ပြီး ယင်းဥပဒေကို သမ္မတ ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သည်။
ပြစ်မှု ထင်ရှားပါက ၁ နှစ် ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ် စေ ချမှတ်ရမည်ဟု ပါရှိသည်။ ယင်းပြစ်ဒဏ်ကို တနှစ်ထက် မပိုသော ထောင်ဒဏ်အစား ခြောက်လထက် မပိုသော ထောင်ဒဏ် သို့ လျှော့ပေါ့ ပြောင်းလဲ ထားသည်။
မြန်မာနိုင်ငံတွင် ပုဒ်မ ၁၈ ဥပဒေ ပြဌာန်းခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လအထိ ပုဒ်မ ၁၈ ဖြင့် အပြစ်ဒဏ်ပေးခံရသူ ၂၉ ဦး ရှိပြီး ၎င်းအနက် ၁၅ ဦးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အဖွဲ့၏ စာရင်းများအရ သိရသည်။
ဒေးဒရဲမြို့နယ်ရှိ ကျုံဒါး၊ မရမ်း၊ လိပ်ကျွန်း၊ ဆူးကလပ်၊ ရှမ်းကန် စသည့် ကျေးရွာ အုပ်စုများသည် ဒေးဒရဲမြို့ တောင်ဘက်တွင် တည်ရှိပြီး ကျေးရွာပေါင်း ၄၆ ရွာ ပါဝင်ကာ လူပေါင်း ၄ သောင်းကျော် အခြေချ နေထိုင်ကြသည့် ပင်လယ်ကမ်းခြေ ဒေသဖြစ်ပြီး လက်ရှိတွင် ပင်လယ်ရေ တိုက်စားမှုများ ဆိုးဝါးစွာ ဖြစ်ပေါ်နေသည့် ဒေသတခု ဖြစ်သည်။