(United Kingdom) ယူကေကနေ စကော့တလန် ခွဲထွက်ပြီး လွတ်လပ်ရေးကြေညာနိုင်ရေး လူထု ဆန္ဒခံယူပွဲ အပေါ်မှာ တကမ္ဘာလုံးက အာရုံစိုက်နေကြပေမယ့် တကယ်တော့ နိုင်ငံ နယ်စပ်မျဉ်းတွေကို ပြင်ဆင်ရေးဆွဲဖို့ ကြိုးစားနေတာ စကော့တလန် တနိုင်ငံတည်း မဟုတ်ပါဘူး။
ကမ္ဘာကြီးထဲက တခြား အစိတ်အပိုင်းတွေမှာလည်း သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ကြိုးစားနေကြတာ အတော်များများ ရှိပါတယ်။ ပြန်ကြည့်ရင် ၁၉၈၀ ကစလို့ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်လာတဲ့ နိုင်ငံသစ် ပေါင်း ၃၉ နိုင်ငံ ရှိခဲ့ပါတယ်။ နောက်ထပ် စောင့်နေတဲ့ နိုင်ငံတွေ ရှိနေသေးလို့ စကော့တလန် အရေး အောင်မြင်သွားရင် သူတို့လည်း အားတက်လာမယ့် သဘောရှိပါတယ်။
စကော့တလန် လွတ်လပ်ရေးကို ထောက်ခံတဲ့ လှုပ်ရှားမှုက လှုံ့ဆော်နေတဲ့ အခြေခံ လေးချက် ရှိပါတယ်။ ပထမက ယဉ်ကျေးမှု ရှုထောင့်က စကော့တစ်ပြည်သူတွေရဲ့ ဇာတိပုည ဂုဏ်မာနကို ကာကွယ်ဖို့ မြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဒုတိယကတော့ အိုက်ဒီယိုလော်ဂျီ အတွေးအခေါ်ကိစ္စမှာတော့ စကော့တလန်ကိုလည်း စကင်ဒီနေးဗီး နိုင်ငံပုံစံ ဆိုရှယ်ဒီမိုကရေစီလမ်းကို ချီတက်မယ်လို့ ဆိုတယ်။ တတိယကတော့ နိုင်ငံရေးပါ။ ပြည်သူတွေနဲ့ ပိုပြီး နီးစပ်တဲ့ ဒီမိုကရေစီ အစိုးရကို ဖွဲ့စည်းနိုင်ဖို့ ဖြစ်ပါတယ်။ စတုတ္ထ စီးပွားရေး ကိစ္စမှာတော့ မြောက်ပိုင်းပင်လယ် (North Sea) မှာ ရေနံနဲ့ ဓာတ်ငွေ့ကို ပိုပြီး ရယူခွင့်တို့နဲ့ ဆိုင်ပါတယ်။
ယူကေ နိုင်ငံရေးသမားတွေနဲ့ ဥရောပ အစိုးရတွေက စကော့ပြည်သူတွေကို လွတ်လပ်ရေးကို ကန့်ကွက်မဲပေးကြဖို့ အကြောက်အကန် တိုက်တွန်းနေကြတယ်။ စကော့တလန် လွတ်လပ်ရေးကို ကန့်ကွက်မယ့် “No” ဘက်သားတွေလည်း စီးပွားရေးမျက်နှာစာမှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမယ်လို့ ဆိုကြပါတယ်။ ငွေကြေးဆိုင်ရာ အထိတ်တလန့် ဖြစ်မှုကနေ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စက်မှုလက်မှု လုပ်ငန်းတွေ ကြက်ပျောက်ငှက်ပျောက် ထွက်ပြေးသွားမှာကို ထောက်ပြကြတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ စကော့တလန်ဟာ ဥရောပသမဂ္ဂ အီးယူနဲ့ နေတိုး စစ်မဟာမိတ်အဖွဲ့က ဝိုင်းပယ်တာ ခံထားရနိုင်ပါတယ်။
ကျန်တဲ့ ကမ္ဘာ့အသိုင်းအဝိုင်းက ဒီအငြင်းအခုန်မှာ ဘယ်လို သဘောရကြသလဲ ဆိုတဲ့ မေးခွန်းရှိ ပါတယ်။ စကော့တလန်အတွက် ယဉ်ကျေးမှုဆိုင်ရာ ဇာတိပုညဂုဏ်မာနနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဆိုပြီး လွတ်လပ်ရေးလှုပ်ရှားမှုကို ကြိုဆိုမလား။ ဒါမှမဟုတ် ဒါကို ဥရောပတွင်းက အားနည်းချက်၊ မတည်ငြိမ်မှုရဲ့ ရေသောက်မြစ်တခု၊ တခြား ကမ္ဘာ့အစိတ်အပိုင်းတွေမှာ မရေရာမှုတွေကို ဦးတည်သွားနိုင်တဲ့ လှိုင်းဂယက်တခုအဖြစ် သဘောထားသလား ဆိုတဲ့ မေးခွန်းရှိပါတယ်။
ခွဲထွက်ရေး လှုပ်ရှားမှုဟာ မတည်ငြိမ်မှုတွေကို ဖြစ်စေတယ်ဆိုတာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး။ ဒေသတွင်းနဲ့ ကမ္ဘာမှာ ပေါ်ပေါက်နေတဲ့ ဝရုန်းသုန်းကား အခြေအနေကို ကြည့်မယ်ဆိုရင် ကိုဆိုဗို၊ တောင်ဆူဒန်၊ ကာ့ဒစ္စတန်၊ ခရိုင်းမီးယား တို့လို နမူနာတွေ တဖက်မှာ ရှိပါတယ်။ တခြားတဖက်မှာ နိုင်ငံလွတ်လပ်ရေးကို ငြိမ်းငြိမ်းချမ်းချမ်း အဆင်ပြေ ချောမွေ့စွာ ကိုင်တွယ်လို့ ရတာမျိုးလည်း ရှိပါတယ်။ ၁၉၉၃ ခုနှစ်မှာ ချက်ကိုစလိုဗက်ကီးယားကို ချက်နဲ့ ဆလိုဗက်ကီးယား ဆိုပြီး ခွဲထုတ်လိုက်တဲ့ ကိစ္စမှာ “ကတ္တီပါလမ်းခွဲ” လို့ သိကြပါတယ်။ ဆက်ခံတဲ့ နှစ်နိုင်ငံစလုံးမှာ သိသာတဲ့ အမွေဆိုးတွေကို ခံစားရတာ မရှိပါဘူး။ နှစ်ဖက်စလုံးက သီးခြားစီ ရပ်တည်ရေးကို လက်ခံပြီး အီးယူ အသိုင်းအဝိုင်းအတွင်းမှာပဲ သူတို့ နိုင်ငံတွေ အနာဂတ် ရှိတယ်ဆိုတာကိုလည်း သိရှိတဲ့အလျောက် အဖွဲ့ဝင်ဖြစ်ရေးကို အာရုံစိုက်ခဲ့ကြပါတယ်။
စကော့တလန် လွတ်လပ်ရေးနဲ့ ပတ်သက်လာရင် ကျိုးကြောင်းသင့်လျှော်ပြီး အပေါင်းလက္ခဏာ အခင်းအကျင်းက ဒီလိုပါ။ ယူကေရဲ့ တခြား အစိတ်ပိုင်း (“Rest of the UK- RUK” လို့ ခေါ်နေကြ) တွေဖြစ်တဲ့ အင်္ဂလန်၊ ဝေလနဲ့ မြောက် အိုင်ယာလန်တို့က စကော့တလန် လွတ်လပ်ရေး ကိစ္စကို မြန်မြန်နဲ့ ထိထိရောက်ရောက် ညှိနှိုင်းမယ်။ ယူကေရဲ့ အစိုးရကြွေးမြီနဲ့ အစိုးရ အရင်းအမြစ်ကို အသီးသီးက ဘယ်လို တာဝန်ခံမလဲ။ ဒီနေရာမှာ ကမ်းလွန် ရေနံနဲ့ ဓာတ်ငွေ့ ကဏ္ဍကလည်း ပါဝင်ပါတယ်။ နှစ်ဖက်စလုံးက လက်တွေ့ကျဖို့ လိုသလို တောင်းဆိုချက်တွေကလည်း ရှဥ့်လဲလျှောက်သာ ပျားလည်းစွဲသာ ဖြစ်ဖို့ လိုပါတယ်။
တချိန်တည်းမှာ အီးယူကလည်း စကော့တလန်ကို အဖွဲ့ဝင် အဖြစ် ဆက်လက်တည်ရှိခွင့်ကို ချက်ချင်း လက်ခံဖို့ လိုပါမယ်။ စကော့တလန်မှာ လိုအပ်တဲ့ ဥပဒေတွေ၊ ဒီမိုကရေစီ စံနှုန်းတွေကို လိုက်နာပြီးသား ဖြစ်ပါတယ်။ ဒီလိုပဲ နေတိုးကလည်း စကော့တလန်ကို မဟာမိတ်အဖွဲ့ဝင်အဖြစ် ဆက်လက် တည်ရှိခွင့်ကို ချက်ချင်း သဘောတူဖို့ လိုပါတယ်။ (စကော့တစ် နေရှင်နယ် ပါတီက အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန် နယူးကလီးယား ရေငုပ်သင်္ဘော အခြေစိုက် စခန်းတို့နဲ့ နီးစပ်ဖို့ ဆန္ဒပြုပေမယ့် လက်တွေ့မှာ ကျော်ဖြတ်ရမယ့် လုပ်ငန်းက ခက်ခဲရှုပ်ထွေးပါတယ်။)
စကော့တလန်နဲ့ “RUK” တို့ ညှိနှိုင်းတဲ့အခါမှာ ဗြိတိသျှငွေကြေး (ပေါင်) ကို ယာယီ အသုံးပြုခွင့်ပေးဖို့လည်း သဘောတူမယ်။ နောက်တဆင့်ကျမှ စကော့တလန် ငွေကြေး အသစ် ဒါမှမဟုတ် ယူရိုငွေကြေးတွေကို အသုံးပြုနိုင်ပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ ငွေကြေးဆိုင်ရာ အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း၊ ပူးပေါင်း ညှိနှိုင်းနိုင်မယ်ဆိုရင် ငွေကြေးဝရုန်းသုန်းကား အခြေအနေတွေ မပေါ်ပေါက်ဘဲ အဆင်ပြေ ချောမွေ့သွားနိုင်ပါတယ်။
ဒီလိုမဟုတ် စကော့တလန်ကို ပညာပေးချင်လို့ပဲ ဖြစ်ဖြစ်၊ တခြားနိုင်ငံတွေကို “ကြိုကာ”ချင်လို့ပဲ ဖြစ်ဖြစ် RUK၊ အီးယူ၊ နေတိုး တို့က စကော့တလန် လွတ်လပ်ရေး ထောက်ခံမဲကို လက်စားချေလိုတဲ့ သဘောနဲ့ တုံ့ပြန်မယ်ဆိုရင် ဒီကိစ္စဟာ ရုပ်ဆိုးအကျည်းတန်ရုံမက ပေးရမယ့် အဖိုးအခလည်း မြင့်မားသွားနိုင်ပါတယ်။ ဥပမာ လွတ်လပ်သော စကော့တလန် နိုင်ငံသစ်ကို အီးယူအဖွဲ့ကနေ ထုတ်၊ နေတိုးအဖွဲ့က ထုတ်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမယ်လို့ ပြောတယ် ဆိုပါစို့။ ဒီလို ဖြစ်လာရင် ဘဏ္ဍာရေးဆိုင်ရာ အထိတ်တလန့် ဖြစ်မှုကို ဖောက်ခွဲသလို ဖြစ်ပြီး စကော့တလန် အတွက်ရော၊ RUK အတွက်ပါ စီးပွားရေးအရ အထိနာစေပါလိမ့်မယ်။
အဓိကကျတဲ့ အချက်ကတော့ ခွဲထွက်ရေးကိစ္စမှာ ပေးရတဲ့ အဖိုးအခ ဆိုတာဟာ ရှောင်လွှဲမရတဲ့ ကိစ္စမဟုတ်ပါဘူး။ ရွေးချယ်မှုနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ RUK၊ အီးယူ၊ နေတိုး တို့က စကော့တလန် လွတ်လပ်ရေးကို ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီလိုပဲ လွတ်လပ်ခါစ စကော့တလန်ကလည်း ဘယ်လောက် အလယ်အလတ်ကျပြီး ညှိရနှိုင်းရ လွယ်ကူတဲ့ အနေအထားမှာ ရပ်တည်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားနိုင်ကြမယ် ဆိုရင် လွတ်လပ်တဲ့ စကော့တလန် ကိစ္စအတွက် ပေးရမယ့် အဖိုးအခ မကြီးမားဘဲ ဖြတ်ကျော်နိုင်ပါလိမ့်မယ်။
သီးခြားနိုင်ငံ ခွဲထွက်ရေး ကိစ္စမှာ အီးယူနဲ့ နေတိုး တို့လို ကျယ်ပြန့်လွှမ်းခြုံနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းကြီးတွေက ထိန်းသိမ်းပေးနိုင်စွမ်း မရှိတဲ့ အခြေအနေမျိုးမှာ အမွေခံ နိုင်ငံအတွက် အန္တရာယ်တွေဟာ ဆိုးနိုင်ဖွယ် ရှိပါတယ်။ ဒီလို ဖြစ်လာခဲ့ရင် တဖက်သတ် လွတ်လပ်ရေး ကြေညာတာက ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးမှာ ဟပ်ထိုးလဲကျစေ (Breakdown) ပြီး အခန့်မသင့်ရင် စစ်ပွဲတောင် ဖြစ်နိုင်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားနဲ့ ပူပူနွေးနွေး ဆူဒန် အထိ မြင်ခဲ့ရတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ။
ဒီလို ဖြစ်လာရင် ခွဲထွက်ရေးနောက်က နက်ရှိုင်းတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ အကြပ်အတည်းတွေ သေချာပေါက် လိုက်လာပါလိမ့်မယ်။ အရင် ယူဂိုဆလားဗီးယားကနေ ခွဲထွက်လာတဲ့ နိုင်ငံတွေနဲ့ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်လာတဲ့ နိုင်ငံတွေထဲက တချို့ဟာ အီးယူနဲ့ နေတိုး အဖွဲ့ဝင်အဖြစ် သိမ်းသွင်းနိုင်ပေမယ့် တချို့ ကျန်နေသေးတာကြောင့်လည်း ပထဝီ နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေဖို့ ဖြစ်လာပါတယ်။
၂၁ ရာစု နိုင်ငံတကာ အခင်းအကျင်းမှာ “အမျိုးသားနိုင်ငံ” ဆိုပြီး ထီးထီးကြီး ရပ်တည်ဖို့ မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ ကိစ္စတွေဖြစ်တဲ့ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ ရုပ်ပိုင်းဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ အားလုံးမှာ ဒေသဆိုင်ရာ အဖွဲ့အစည်း၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါကြောင့် စကော့တလန်က မိမိသဘောဆန္ဒအလှျှောက် လွတ်လပ်ရေး ကြေညာခဲ့ရင်လည်း ဥရောပနဲ့ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းနဲ့ တာဝန်ယူမှု ကွန်ယက်ထဲမှာပဲ ချိတ်ဆက်ထားဖို့ ကောင်းပါတယ်။
စကော့တလန် လွတ်လပ်ရေးကိစ္စဟာ စကော့လူမျိုးတွေရဲ့ ဒီမိုကရေစီနဲ့ ယဉ်ကျေးမှု သရုပ်လက္ခဏာကို မြှင့်တင်ရေးဖြစ်တယ်ဆိုတာကို ပုဂ္ဂိုလ်ရေးအရ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် လွတ်လပ်တဲ့ စကော့တလန်နဲ့ ဗြိတိန်ရဲ့ တခြားဒေသ (RUK) တို့ကို ထိရောက် အားကောင်းတဲ့ အီးယူနဲ့ နေတိုး အဖွဲ့ရဲ့ အစိတ်အပိုင်း ဆက်ရှိနေရေး ဆိုတဲ့ ဆင်ခြင်တုံတရားအပေါ်မှာပဲ လွတ်လပ်ရေးကို ထောက်ခံနိုင်ပါလိမ့်တယ်။
သေချာတာကတော့ လွတ်လပ်ရေးကို ထောက်ခံတဲ့ ဘက်ကလည်း ထိရောက်တဲ့ အီးယူအုပ်ချုပ်ရေး စနစ်အပေါ်မှာ အလေးထားပါလိမ့်မယ်။ ဒါပေမယ့် အီးယူနဲ့ နေတိုးက လွတ်လပ်ခါစ စကော့တလန်ကို အပြစ်ပေးတဲ့ သဘောမျိုးနဲ့ ဘေးဖယ်ထားလိုက်ရင် ဒုက္ခလှလှ တွေ့ပါလိမ့်မယ်။ အဲဒီအခါကျတော့မှ စကော့တလန်နဲ့ ယူကေအတွက်သာမက ဥရောပ ဒီမိုကရေစီနဲ့ လုံခြုံရေးအတွက် တကယ့် ကပ်ဘေးတခု ဖြစ်သွားနိုင်ပါတယ်။
( Jeffrey D. Sachs ၏ The Price of Scottish Independence ကို ညီစောလွင် ဆီလျော်အောင် ဘာသာပြန်သည်)